ရသဆောင်းပါးစုံ

မဟန ဘာလဲ ဘယ်လဲ ဘာလုပ်မှာလဲ?

အရှင်ပညာနန္ဒ
ဖေဖ၀ါရီ၊၀၉၊ ၂၀၁၂

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလကစပြီး တနှစ်တိတိ တရားဟောခွင့် ပိတ်ပင်ခြင်းခံခဲ့ရတဲ့ အချိန်ကာလ ပြည့်မြောက်သွားပြီဖြစ်တဲ့အတွက် ရွှေည၀ါဆရာတော်အား ပြန်လည်တရားဟောပြောခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကိုယ်တိုင် လက်မှတ်ထိုးပြီးထုတ်ပြန်ခဲ့ပေမဲ့ သာသနာရေးဝန်ကြီးဋ္ဌာနက သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်ရဲ့ လက်မှတ်ဟာ တရားမ၀င်ဘူးပြောဘူးလို့ပြောကြောင်း သတင်းတွေဖတ်ရတဲ့အတွက် ဥက္ကဋ္ဌဆရာတော်ကြီးကိုယ်စား စိတ်မကောင်းဖြစ်မိပါ တယ်။

သံဃာ့ရေးရာကိစ္စတွေနဲ့ပက်သက်ရင် သံဃမဟာနာယကဆိုတာ အစိုးရခိုင်းတာလုပ်ပေးရတဲ့ (ဟန်ပြသံဃနာယက) အဖွဲ့လို့ ရဟန်းရှင် လူတွေပြောနေကြာတာဟာ ဒီကိစ္စကမှန်ကန်ကြောင်းသက်သေခံနေပါပြီ။ အမှန်ပြောရရင် သံဃမဟာနာယကဆရာတော်တွေကိုယ်စားလည်း ရှက်မိပါတယ်။ သံဃာ့ကိစ္စတွေမှာ သံဃာက လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်မရှိဘဲ အစိုးရတာဝန်ရှိသူတွေက ၀င်ရောက်ခြယ်လှယ်နေ တာကို သံဃမဟာနာယကဆရာတွေက တုဏှိဘာဝေ လုပ်နေကြတဲ့အ တွက် သံဃာတွေ နှစ်ခြမ်းကွဲအောင် လုပ်ပေးနေသလိုဖြစ်နေပါတယ်။

တကယ်တော့ရွှေည၀ါဆရာတော်ရဲ့တရားပွဲတွေအပိတ်ခံရတာဟာ ထေရ၀ါဒတရားတော်တွေကနေသွေဖီလို့မဟုတ်ဘဲ မန္တလေးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ တရားဟောကြားလို့အပိတ်ခံရတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဆရာတော် တရားဟောပြောခွင့်ရတယ်ဆိုလို့ ဆရာတော်ရဲ့ တပည့်တွေနဲ့ ဆရာတော်ရဲ့တရားနာပရိတ်သတ် ဒကာဒကာမတွေဝမ်းသာလို့မဆုံးခင် အမြင်ကပ်ပုဒ်မနဲ့ အခုလိုတရားပွဲတွေ ထပ်အပိတ်ခံရတဲ့သဘောပါ။

VOA အင်တာဗျူးတခုမှာ ဆရာတော်က အခုလိုမိန့်ကြားသွားပါတယ်။

“ဘုန်းကြီးက ၁၁ ရက် ၁၂ ရက်နေ့ဆိုရင် တရားပွဲတွေကို လက်ခံထားတယ်။ ပထမဆုံး ကြွရမယ့်နေရာက တာချီလိတ်။ ဒီတာချီလိတ်က သာသနာရေး ဦးစီးမှူးကနေ တရားပွဲက ပိတ်ထားတယ်ဆိုရင် ဖွင့်တဲ့စာလေးလည်း လိုပါတယ်ဘုရားတဲ့။

အဲ့လိုနဲ့ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးရဲ့ ထောက်ခံချက်လက်မှတ်ကလေးရရင်တော့ ပြည့်စုံပါပြီဘုရားဆိုတော့ တာချီ လိတ်မြို့နယ် သာသနာရေးမှူးရဲ့ အဲ့ဒီလို လျှောက်ထားချက်အရ ဘုန်းကြီးက- ရိုးရိုးကလေးပါ။ ဒီ ၁၁ ရက် ၂ လ ၂ဝ၁၂ ကစ၍ တရားပွဲများကို ဗမာတပြည်လုံး ပြန်လည်ဟောကြားလို့ ရပါပြီဆိုတဲ့အကြောင်းကို လက်မှတ်သွားထိုးခိုင်းတော့ ဆရာတော်ကြီးကလည်း ထိုးပေးပါတယ်။ သူ့ရဲ့စည်းတံဆိပ်လည်း ရိုက်ပေးပါတယ်။ ဒါပေမဲ့ သာသနာရေးဝန်ကြီးဌာနက အဲ့ဒီစာရွက်ဟာ အကျုံးမဝင်ဘူး၊ တရားမဝင်ဘူး ဆက် လက်ပြီးတော့ အစည်းအဝေးထိုင်ဆုံးဖြတ်ရဦးမှာဖြစ်တယ်၊ ဆက်လက်ဆောင်ရွက်မှု မပြုဖို့ဆိုပြီးတော့ အဲ့ဒါနဲ့ တာချီလိတ်ကို ဘုန်းကြီးကြွဖို့ အစီအစဉ်ကို ဘုန်းကြီးဖျက်လိုက်တယ်လေ”တဲ့

အာဏာပိုင်တွေကဆရာတော်ရဲ့တရားပွဲတွေကို မရ ရတဲ့နည်းနဲ့ဖျက်မယ်ဆိုတာကတော့ အခုလုပ်ရပ်ကထင်ရှားနေပါတယ်။

“ကျန်တဲ့တရားပွဲတွေလည်း ဘုန်းကြီးဆီကို ဖုန်းဆက်အကြောင်းပါတယ်။ သက်ဆိုင်ရာမြို့နယ်တွေကို ပါမစ်တင်တဲ့အခါမှာ ချမပေးပါဘူးလို့ ဘုန်းကြီးဆီကို အကြောင်းကြားပါတယ်။ ဘုန်းကြီးကိုပင့်ထားတဲ့ အခြားမြို့နယ်တွေ၊ တခြားမြို့ရွာတွေကလည်း အဲ့ဒီလို ဖုန်းနဲ့ အကြောင်း ကြားပါတယ်။ ဘာကြောင့်လဲလို့မေးတဲ့အခါကျတော့ ထောက်ကြံ့မြို့နယ်က ဘုန်းကြီးကိုပင့်ထားတာ ဒီ ၂ လပိုင်းထဲမှာပဲရှိတယ်လေ။ နေ့ခင်းပိုင်းကပဲ ဘုန်းကြီးကို အကြောင်းကြားပါတယ်။ ဆရာတော် ဒီကနေ့ တပည့်တော်တို့ ပါမစ်သွားတင်တဲ့အခါမှာ မြို့နယ်ကနေပြီးတော့ ရွှေညဝါဆရာတော် ပါမစ်တင်လို့မရဘူး။ နောက်ထပ် တနှစ်ပိတ်လိုက်တယ်လို့ အဲ့ဒီလိုပြောလွှတ်လိုက်ပါတယ်တဲ့။ အဲ့တော့ တပည့်တော် တို့လည်း ပါမစ်မတင်ဘဲနဲ့ ပြန်လာရပါတယ်လို့ ဖုန်းဆက်ပြီး လျှောက်လာပါတယ်။ ဟုတ်တာ မဟုတ်တာတော့ ဘုန်းကြီးအနေနဲ့ တရားဝင် စာ မရသေးတဲ့အတွက် တိတိကျကျ မသိရသေးပါဘူး။”

တရားဟောကြားခွင့်လည်းတနှစ်အပိတ်ခံခဲ့ရပြီး အာဏာပိုင်တွေက နည်းမျိုးစုံနဲ့  ဆရာတော်ကြီးကို ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်အောင်လုပ် တာလည်းခံခဲ့ရတယ်ဆိုတာ အားလုံးအသိပါ။ သံဃမဟာနာယကဆရာတော်ကြီးတွေကို ရိုသေလေးစားတဲ့အနေနဲ့ ရွှေည၀ါကျောင်းတိုက် ကဆင်းပေးပါဆိုလို့ ၀န်ခံကတိလက်မှတ်လည်း ထိုးပေးခဲ့ရပါပြီ။ သူ့ဘက်က အတတ်နိုင်ဆုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လိုက်လိုက်လျောလျောလုပ် ဆောင်သွားတာတွေ့ ရပါတယ်။ အခုကိစ္စမှာတော့ အာဏာပိုင်တွေရဲ့လုပ် ဆောင်နေမှုတွေဟာ လုံးဝလက်ခံနိုင်စရာမရှိသလို အာဏာပိုင် ဆိုသူတွေရဲ့ နိုင်ထက်စီးနင်းလုပ်နေတာကို သံဃာတွေခံနေရတာလည်းဖြစ်ပါတယ်။

ခုလိုဖြစ်နေတဲ့ကိစ္စတွေနဲ့ပက်သက်ပြီး အကျဉ်းထောင်ကပြန်လည်လွတ်မြောက်လာတဲ့ သံဃာတော်တွေအတွက်လည်းစိတ်ပူစရာဖြစ်လာပါတယ်။

သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်ကိုယ်တိုင်လက်မှတ်ထိုးပြီး တရားဟောခွင့်ပြုခွင့်ပြုကြောင်း စာထုတ်ပြန်ခဲ့တာတောင် သာသနာရေး ၀န်ကြီးဋ္ဌာနက အသိအမှတ်မပြု၊ တရားမ၀င်ဘူး ပြောဆိုနေတယ်ဆိုတော့ ဥက္ကဋ္ဌဆရာတော်ကြီးကိုစော်ကားသလိုမျိုးလို သက်ရောက် နေပါတယ်။

သံဃာတွေကို အာဏာပိုင်တွေက ဘယ်လိုသဘောထားတယ်ဆိုတာရှင်းနေပါပြီ။ အရှက်ရစရာဖြစ်နေပါပြီ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ဦးရွှေမန်းကတော့ ပြည်သူတွေရဲ့အသံတွေကိုနားထောင်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို ပြောဆိုလုပ်ကိုင်နေပြီလို့ကြားသိရပါတယ်ဘုရား။ ဆရာတော်ကြီးတွေအနေနဲ့လည်း တပည့်သံဃာတွေရဲ့ အသံတွေကိုနားထောင်ပြီး အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း သတ္တိရှိရှိနဲ့ ပြောဆိုဖို့ အချိန်ရောက်နေပြီဖြစ်ကြောင်း လျောက်ထားပါတယ်ဘုရား။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

3 thoughts on “မဟန ဘာလဲ ဘယ်လဲ ဘာလုပ်မှာလဲ?
  1. ၀ီရသူရေးတဲ့ မဟနအကြောင်းဆောင်းပါးနဲ့ ဆက်စပ်ဖတ်ကြည့်ရင် ပိုပြီး ပြည့်စုံပါလိမ့်မယ်။

  2. သာသနာရေးဝန်ကြီးဌာနရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့(မဟန)ကို သူ့ရဲ့ လက်ကိုင်ဒုတ်လောက်ပဲ သဘောထားတယ်ဆိုတာ ထင်ရှားတယ်။ အထူးသဖြင့် သာသနာရေးဝန်ကြီးဌာနဆိုတာ ဗုဒ္ဓရဲ့ အဆုံးအမကို ၁၀၀% ယုံကြည်သက်ဝင်သူတွေသာ လုပ်ကိုင်သင့်တဲ့ ဌာနမျိုးပါ။ အခုတော့ ဗုဒ္ဓရဲ့ အဆုံးအမတွေကို ၁၀၀% မျက်ကွယ်ပြုပြီး၊ အမြင်ကပ်ပုဒ်မလို ဟာမျိုးတွေ လုပ်နေကြတာကတော့ သာသနာအနာဂါတ်အတွက် အတော်ကို ဆိုးရွားတဲ့အခြေအနေပါ။ ဗုဒ္ဓဟာ သာသနာတစ်ခုလုံးရဲ့ ကိုယ်စားပြု အကြီးအကဲဖြစ်သလို ဗမော်ဆရာတော်ကြီးဟာ မဟနတစ်ဖွဲ့လုံးရဲ့ ကိုယ်စားပြု အကြီးအမှုးဖြစ်တယ်။
    သာသနာရေးမှာ ဘယ်လိုအခြေအနေ ဥပဒေတွေပဲရှိရှိ ဗမော်ဆရာတော်ကြီးရဲ့ ဆုံးဖြတ်ချက်ကို အတိုင်းအတာ တစ်ခုအထိ မဖြစ်မနေ အသိအမှတ်ပြုပေးသင့်မယ်။ အသိအမှတ် ပြုပေးရမယ်။ သာသနာရေးဝန်ထမ်း ပီသစွာ ဗြမ္မစိုရ်တရား လက်ကိုင်ထားပြီး ပညာရှိဆန်ဆန် သိမ်မွေ့စွာ ဖြေရှင်းသင့်တယ်။
    ရွှေည၀ါဆရာတော်ကို မှန်တာမှားတာ ခဏဘေးဖယ်ထား၊ သာသနာရေးဝန်ကြီးဌာနရဲ့ အခုလုပ်ရပ်ကြောင့် မဟနရဲ့ ရပ်တည်မှုဟာ သူတို့ရဲ့ စေရာသွား၊ ခိုင်းတာလုပ် ဘွဲ့တံဆိပ်ကပ်ရင်လက်ခံ ဘာမှအတွန့်မတက်နဲ့ ဆိုတဲ့ ပုံစံဖြစ်စေသလို၊ ထေရ်ကြီးဝါကြီး ဆရာတော်တွေပါဝင်တဲ့ မဟနရဲ့ သိက္ခာကို အောက်ဆုံးကိုဆွဲချပြပြီး သူတို့ရဲ့ အာဏာဟာ မဟနရဲ့ အထက်မှာ ရှိနေတယ်လို့ အသေအချာ ခြိမ်းခြောက်တပ်လှန့်လိုက်တာပါ။ သာသနာကို အကြောင်းပြုပြီး အာဏာယစ်မူးချင်သူတွေရဲ့ လုပ်ဆောင်မှုတွေဟာ၊ သမ္မတကြီးဦးသိန်းစိန်ဖော်ဆောင်နေတဲ့ လမ်းစဉ်နဲ့ ပြဒါးနဲ့သံလို တခြားစီဖြစ်နေပြီဆိုတာကို မောဟအမိုက်အမှောင်က အားကြီးလွန်းတော့ မြင်နိုင်စွမ်း မရှိရှာကြတော့ဘူး။

    ခုလိုလုပ်ရပ်မျိုးတွေမှာ စိတ်ပါလက်ပါ တက်ကြွစွာ ပါဝင်ကြတဲ့ အဓမ္မ သာသနာရေးဝန်ထမ်းတွေ နောက်ဘ၀မကူးခင် ဒီဘ၀မှာတင် ထောင်ကျတာတွေ၊ အသေဆိုး အဖြစ်ဆိုးတွေကြုံတွေ့ရတာတွေ မျက်မြင်တွေ့နေရတော့ သူတို့အပေါ် သနားမိတယ်။ ကိုယ်ပြုတဲ့ကံအတိုင်း ကိုယ်ပြန်ခံရတာ ဓမ္မတာပါ။
    သဗ္ဗေသတ္တာကမ္မတကာပေါ့လေ။

    မှတ်ချက်။ ဗုဒ္ဓဘာသာကို အတွင်းကလှိုက်ပြီး ဖျက်ဆီးမယ့် အစွန်းရောက် ဘာသာခြားတွေက သာသနာရေးဝန်ကြီးဌာနမှာ နေရာတစ်ခုရအောင် စနစ်တကျ အချိန်ယူ ဗုဒ္ဓဘာသာအသွင်ယူ ဟန်ဆောင်ပြီး သာသနာကို မြေလှန်ဖို့ ကြိုးစားနေကြတာမျိုး ဖြစ်နေမလားလို့ သံသယ၀င်မိတယ်။

  3. အခုကိစ္စအတွက် ရွှေည၀ါဆရာတော်ရော မဟနဆရာတော်ကြီးတွေရော နှစ်ဖက်လုံးမှာ အားနည်းချက်တွေ ရှိနေတယ်လို့ မြင်မိတယ်။
    ရွှေည၀ါဆရာတော်ဘက်က အားနည်းချက်ကတော့ မန်းဒီချုပ်ရုံးမှာ တရားမဟောမီကတည်းက တရားဟောခွင့် ပိတ်ထားတာ ဖြစ်လို့ ပိတ်ထားတဲ့ ကာလအတွင်း ဆက်ဟောနေတာရယ်၊ မဟနဆရာတော်ကြီးတွေကို တောင်းပန်လျှောက်ထားရာမှာ စာပို့တာလောက်သာ မဟုတ်ဘဲ ကိုယ်တိုင်ကြွရောက်ပြီး မတောင်းပန်မိတာရယ် ဒါတွေဟာ ဆရာတော်ဘက်က အားနည်းချက်လို့ မြင်တယ်။
    မဟနဘက်ကတော့ ဗုဒ္ဓတက္ကသိုလ်ကြီးဖွင့်ပြီး သာသနာပြုနေတာကိုမှ ငဲ့ကွက်မှု မရှိတာရယ်၊ ရွှေည၀ါကို ပင့်ခေါ်ပြီး ဆရာတပည့်တွေလို ရင်းနှီးစွာ ပြောဆိုဆုံးမပြီး အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်ပါလျက် မလုပ်ကြတာရယ် ဒါတွေဟာ ဆရာတော်ကြီးတွေရဲ့ အားနည်းချက်လို့ မြင်တယ်။
    နောင် ဒီလို အခြေအနေမျိုးတွေ ဖြစ်ပေါ်မလာအောင် အကောင်းဆုံးလုပ်နိုင်မယ့် နည်းလမ်းကတော့ မဟနအဖွဲ့ကြီးကို သာသနာတော်အတွက် ရဲရဲဝံ့ဝံ့ လုပ်ကိုင်နိုင်တဲ့၊ ပရိယတ် ပဋိပတ်နဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးများဖြင့် အသစ်ပြန်လည် ဖွဲ့စည်းဖို့ပါ။
    လက်ရှိ လေးနှစ်တစ်ကြိမ် ၂၅ရာခိုင်းနှုန်း အဟောင်းအသစ် လဲတဲ့ စနစ်ကို ပြင်ဆင်ပြီး တစ်ဖွဲ့လုံး သက်တမ်းပြည့်ရင် ပြန်လည်ရွေးချယ်တဲ့ စနစ်ကို ကျင့်သုံးဖို့ပါ။
    ဒါတွေ အောင်မြင်ဖို့အတွက်ကတော့ တစ်နိုင်ငံလုံးမှာ ရှိကြတဲ့ သံဃာ့အဖွဲ့အစည်းတွေကို အားမရဘဲ ဖြစ်နေကြတဲ့ ဆရာတော်များအားလုံးက လက်ရှိပြဋ္ဌာန်းထားတဲ့ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းတို့ လုပ်ထုံးလုပ်နည်းတို့ စတဲ့စတဲ့ စာအုပ်တွေကို ၀ါသနာပါသည် ဖြစ်စေ မပါသည်ဖြစ်စေ သေသေချာချာ ဖတ်ရှု၊ လက်ရှိအခြေအနေနဲ့ မကိုက်ညီတော့တာတွေကို ပြင်ဆင်နိုင်အောင် စုစုစည်းစည်းနဲ့ တောင်းဆိုကြမယ်ဆိုရင် အောင်မြင်နိုင်ကောင်းရဲ့လို့ မျှော်လင့်မိပါတယ်။

Comments are closed.