Uncategorized

Nay Phone Latt – Articles

ပိုလှသော လူ့အဖွဲ့အစည်းဆီသို့ …
နေဘုန်းလတ်
ဧပြီ ၁၇၊ ၂၀၁၃

ဒီနှစ် နှစ်ဆန်းတစ်ရက်နေ့ပါ။ အိပ်ရာကနိုးနိုးချင်း Facebook ကိုဖွင့်တော့ TIME မဂ္ဂဇင်းက ဖန်တီးပေးထားတဲ့ အန်တီနဲ့ လေဒီဂါဂါတို့ရဲ့ ယှဉ်ပြိုင်ပွဲကို ကာယကံရှင်နှစ်ယောက်မဟုတ်ပဲ … အားပေးကြသူတွေ၊ ပရိတ်သတ်တွေက အပြိုင်အဆိုင် နွှဲနေတာကြတာကိုတွေ့ရပါတယ်။ ဒါဟာ ပြောင်းလဲလာတဲ့ ခေတ်ရဲ့ ဆန်းသစ်သော အမှတ်လက္ခဏာတွေများစွာထဲက တစ်ခုပါ။ ဒီလိုမျိုး အွန်လိုင်းကနေ မဲပေးရတဲ့စနစ်ကို ပြီးခဲ့တဲ့နှစ် ၂၀၁၂ အပြည်ပြည်ဆိုင်ရာအလှမယ်ရွေးချယ်ပွဲမှာ မြန်မာအလှမယ် နန်းခင်ဇေယျာဝင်ပြိုင်တုန်းကလည်း ကျနော်တို့ကြုံခဲ့ရပြီးပါပြီ။ အဲဒီ့တုန်းကဆို မြန်မာအလှမယ်ဟာ အင်တာနက်သုံးစွဲသူ မြန်မာတို့ရဲ့ကျေးဇူးနဲ့ Miss Internet 2012 ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အထိ နန်းခင်ဇေယျာရော သူ့ရဲ့ပရိတ်သတ်တွေပါ အောင်မြင်မှုရခဲ့ကြပါတယ်။ မြန်မာနိုင်ငံအတွက်လဲ ဂုဏ်ယူစရာပါ။ အခုလဲ ထူးခြားတဲ့ နောက်ထပ် ပြိုင်ပွဲတစ်ခုက ကျတော်တို့ရဲ့ အွန်လိုင်းနိုင်ငံသား Netizen တွေကြားထဲမှာ ထပ်ပေါ်လာပြန်ပါတယ်။

TIME မဂ္ဂဇင်းက ကမ္ဘာပေါ်မှာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်တွေကို နှစ်စဉ်အယောက် ၁၀၀ ရွေးလေ့ရှိတဲ့ ပွဲလေးတစ်ခုကို သူ့ထုံးစံအတိုင်းကျင်းပ လိုက်ခြင်းပါ။ အဲဒီ့မှာ ကျနော်တို့အတွက် ထူးခြားသွားတာက ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခြား နာမည်ကြီးပုဂ္ဂိုလ်တွေကို ကျော်ဖြတ်လာပြီး နောက်ဆုံးမှာ ကမ္ဘာကျော် အဆိုတော် အနုပညာရှင် လေဒီဂါဂါနဲ့ ယှဉ်ပြိုင်ရတဲ့အခြေအနေအထိရောက်လာခြင်းပါပဲ။ ကျနော်အထက်မှာပြောခဲ့တဲ့ အွန်လိုင်းက မဲပေးရွေးချယ်ပွဲနှစ်ခုစလုံးရဲ့ မဲပေးရွေးချယ်ရတဲ့စနစ် တွေကိုကြည့်တဲ့အခါ စက်တစ်လုံးတည်းကနေ အကြိမ်ကြိမ်မဲပေးခွင့်ပြုထား တာကိုတွေ့ရပါတယ်။ အဲဒီ့အခွင့်အရေးကို မိမိရရအသုံးချပြီး မြန်မာအလှမယ် နန်းခင်ဇေယျာကို မြန်မာတော်တော်များများဟာ မျိုးချစ်စိတ်ဓါတ်အရင်းခံပြီး တစ်ဦးတစ်ယောက်တည်းကနေ အကြိမ်ကြိမ်မဲပေးခဲ့ကြပြီး နန်းခင်ဇေယျာလည်း Miss Internet 2012 ဆုကိုဆွတ်ခူးခဲ့ပါတယ်။ အဲဒီ့လို တစ်ယောက်တည်းက အကြိမ်ကြိမ် မဲပေးနေတာနဲ့ပတ်သက်ပြီး လုပ်သင့်တယ် မလုပ်သင့်ဘူး၊ ကျင့်ဝတ်နဲ့ညီတယ် မညီဘူး စသည်ဖြင့် အငြင်းပွားမှုတွေလဲ အွန်လိုင်းနိုင်ငံသားတွေကြားထဲမှာ အမြောက်အများပေါ်လာခဲ့ပါတယ်။ တစ်ယောက်တည်းက အကြိမ်ကြိမ်မဲ ပေးတာကို မတရားလုပ်တယ်လို့ခံစားပြီး ကန့်ကွက်တဲ့သူတွေရှိသလိုပဲ … မဲဝင်မပေးရင်ပဲ မျိုးချစ်စိတ်ဓါတ်မရှိတဲ့သူ၊ မြန်မာမပီသတဲ့သူစသည်ဖြင့် စွပ်စွဲပြောဆိုချင်ကြတဲ့ သူတွေလဲတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လေဒီဂါဂါတို့ရဲ့ ယှဉ်ပြိုင်မှုက ပိုပြီးပြင်းထန်ပါတယ် … ဘာဖြစ်လို့လဲဆိုတော့ Miss Myanmar တုန်းကလို နိုင်ငံတွေအများကြီးထဲက ကိုယ့်နိုင်ငံသူကို မဲပေးရတာမျိုးမဟုတ်ပဲ … နှစ်ယောက်ယှဉ်ပြီးမဲပေးရတာမို့ပါ။ TIME မဂ္ဂဇင်းရဲ့ အွန်လိုင်းစာမျက်နှာကလည်း ယှဉ်ပြိုင်ပွဲကို စိတ်ဝင်စားစရာကောင်းအောင် % တွေကို အချိန်မှန် တင်ပေးနေပါသေးတယ်။ မျိုးချစ်စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ်ချစ်မြတ်နိုးတဲ့သူကို အနိုင်ရစေချင်လို့ပဲဖြစ်ဖြစ် … ပြိုင်ပွဲစည်းကမ်းဘောင်ထဲကနေ ကိုယ်နှစ်သက်သလို မဲပေးကြတာဟာ ကိုယ့်အခွင့်အရေးကို ကိုယ်အသုံးချတာဖြစ်လို့ဘာမှပြဿနာမရှိပါဘူး။ အခြားသူတွေ စိတ်မဝင်စားလို့ အဲဒီ့ပွဲကို ဝင်မနွှဲကြတာကလည်း သူတို့ရဲ့အခွင့်အရေးပါပဲ။ ကိုယ်ယုံကြည်ရာကိုယ်လုပ်နေကြတဲ့အပေါ် ဘယ်သူ့ ဘယ်သူ့ကိုမှ မထိခိုက်ဘူးဆိုရင် … ကျနော်တို့ လွတ်လပ်စွာကွဲလွဲခွင့်ပေးသင့်ပါတယ်။ မအိပ်မနေမဲပေးနေကြတဲ့သူတွေကို အလုပ်မရှိအကိုင်မရှိ အားနေကြတယ်လို့ အပြစ်တင်တာ၊ မဲမပေးတဲ့သူတွေကို မျိုးချစ်စိတ်ဓါတ်မရှိသူတွေလို့ စွပ်စွဲတာ စတဲ့လုပ်ရပ်တွေဟာ … သူတစ်ပါးရဲ့ အခွင့်အရေးကို ချိုးဖောက်စော်ကားတာပါပဲ။ ကိုယ့်အခွင့်အရေးကို ကိုယ်ရအောင်ယူတာ အသုံးချတာမျိုးတွေကို အားပေးရမှာဖြစ်ပေမယ့် သူတစ်ပါးရဲ့အခွင့်အရေးကို ချိုးဖောက်တာ စော်ကားတာတွေကိုတော့ ကျနော်တို့ ရှုံ့ချရပါလိမ့်မယ်။

ဒီတစ်ခေါက် ကိစ္စမှာ နောက်ထပ်တစ်ခုတွေ့မိတဲ့ ထူးခြားမှုကတော့ … ဒေါ်အောင်ဆန်းစုကြည်နဲ့ လေဒီဂါဂါကို ယှဉ်ရွေးခိုင်းတဲ့အတွက် … အချို့သောသူတွေဟာ ကိုယ်ကြိုက်တာ ကိုယ်ရွေးရုံနဲ့မပြီးပဲ ကိုယ်မကြိုက်တဲ့သူကို ပုတ်ခတ်စော်ကားတဲ့ အသုံးအနှုံးမျိုးတွေသုံး လာကြတာပါ။ အန်တီ့ကိုချစ်တယ် … နိုင်စေချင်တယ်ဆိုရင် ခွင့်ပြုထားတဲ့အတိုင်း ကြိုက်သလောက် vote လို့ရပါတယ်။ ဒါပေမယ့် အန်တီနဲ့ လေဒီဂါဂါနဲ့ကို ယှဉ်ပြောပြီး လေဒီဂါဂါကို အပုတ်ချတာမျိုးတွေ လုပ်လာတာဟာ မဖြစ်သင့်တဲ့အနေအထားတစ်ခုပါ။ ဘယ်သူမှတော့ လွယ်လွယ်နဲ့ ကမ္ဘာမကျော်ပါဘူး။ နောက်ပြီး အန်တီက နိုင်ငံရေးသမားပါ လေဒီဂါဂါက အနုပညာသမားပါ။ အလေးချိန် weight နဲ့ အလျား length ဆိုတာကို တိုင်းတာတဲ့အခါ ယူနစ်မတူတာကိုသတိပြုသင့်ပါတယ်။ အများပြည်သူကို လွှမ်းမိုးတယ်လို့ ဆိုတဲ့နေရာမှာလည်း ဘယ်လိုနည်းမျိုးနဲ့ လွှမ်းမိုးတယ်ဆိုတာရှိပါသေးတယ် … လေဒီဂါဂါဟာ နိုင်ငံရေးအရ၊ ပညာအရည်အချင်းအရ၊ အတွေ့အကြုံအရ၊ အတွေးအခေါ်အရ စသည်ဖြင့် အန်တီ့ကို မမီနိုင်တာတွေများစွာရှိနိုင်ပေမယ့် … အနုပညာအရတော့ သူ့မှာလဲ လျှော့တွက်မရတဲ့အရည်အချင်းတွေရှိပါတယ် …။ အနုပညာအတွက် အရေးအကြီးဆုံး လိုအပ်မှုတွေဖြစ်တဲ့ တီထွင်ဖန်တီးနိုင်စွမ်း(Creativity) နဲ့စိတ်ခံစားမှုစွမ်းရည်တွေမှာလည်း လေဒီဂါဂါဟာ ထူးခြားတဲ့ အစွမ်းအစတွေရှိပါတယ်။ ကျနော် ဒီလိုပြောနေခြင်းဟာ အန်တီနဲ့ လေဒီဂါဂါ နှစ်ယောက်ထဲက ဘယ်သူ့ဘက်မှလိုက်ပြီး မဲဆွယ်နေတာမဟုတ်ပါဘူး။ ဆိုလိုချင်တာက … ကိုယ့်ဘက်က အနိုင်ရစေဖို့ အခြားတစ်ဘက်ကို ခြေထိုးတာ၊ အပုတ်ချတာစတဲ့ မတရားသော ယှဉ်ပြိုင်မှုမျိုးတွေ လုပ်ဖို့မလိုအပ်ဘူးဆိုတာပါ။ Fair Play ဆိုတာရှိပါတယ်။ တရားမျှတသော ယှဉ်ပြိုင်မှုတွေဖြစ်ဖို့ … နိုင်ရမယ်ဆိုတဲ့စိတ်တစ်ခုအပြင် ပြိုင်ဘက်အပေါ်လေးစားအသိအမှတ်ပြုမှုတစ်ခုလဲရှိဖို့လိုအပ်ပါသေးတယ်။

တစ်ဘက်ကိုတစ်ဘက် အပြီးသတ်ချေမှုန်းပြီးမှ အနိုင်ရတဲ့ စစ်ဘီလူးတို့ရဲ့တိုက်ပွဲမျိုးတွေ ကျနော်တို့ကမ္ဘာမှာ ဆက်လက်မရှင် သန်သင့်တော့ပါဘူး။ အဲဒီ့လို ကိုယ်နိုင် သူရှုံး၊ သူနိုင် ကိုယ်ရှုံးစတဲ့ တိုက်ပွဲမျိုးတွေဟာ လူသားကမ္ဘာကို အကျည်းတန် အရုပ်ဆိုးစေပါတယ်။ ညစ်လုံး၊ တိုက်လုံးတွေ မသုံးပဲ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန်လေးစားမှုတစ်ခုနဲ့ တရားမျှတစွာရှင်ပြိုင်သော ပြိုင်ပွဲတွေရဲ့ သန့်စင်မှုဟာ လူသားကမ္ဘာကိုပိုပြီးလှပစေမှာပါ။ ကိုယ့်အခွင့်အရေး သူ့အခွင့်အရေးကို အပြန်အလှန် အသိအမှတ်ပြုလေးစားသော၊ မိမိရဲ့ရှင်သန်မှု၊ မိမိရဲ့အနိုင်ရလိုမှုအတွက် သူတစ်ပါးကို ခြေထိုးညစ်ပတ်ခြင်း အလျဉ်းကင်းသော လူ့အဖွဲ့အစည်းမျိုးကို ကျနော်တို့ တစ်ယောက်ခြင်းစီက လိုလားတယ်ဆိုရင် အဲဒီ့ကို ကျနော်တို့ အသေအချာကိုရောက်ကြပါလိ့မ်မယ်။ ယဉ်ကျေးမှုတစ်ခုကို ကျနော်တို့ကပဲ ဖျက်ဆီးနိုင်သလို … ယဉ်ကျေးမှုအသစ်တစ်ခုကို ကျနော်တို့ကပဲ ဖန်တီးနိုင်ပါတယ်။

နေဘုန်းလတ်
၂၀၁၃
နှစ်ဆန်းတစ်ရက်နေ့

မူရင်းနေရာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts