သတင်းပဒေသာ

88 Generation – Min Ko Naing & KO KO Gyi to visit USA in May

၈၈ မျိုးဆက် ကိုမင်းကိုနိုင် နှင့် (ကို)ကိုကိုကြီး အမေရိကန်သို့ မေလလယ်တွင် လာရောက်မည်

မိုးမခအထောက်တော် ၀၀၂၊ ဧပြီ ၁၈၊ ၂၀၁၃

          မြန်မာပြည်၏ ကျောင်းသား၊ လူငယ်၊ ပြည်သူလှုပ်ရှားမှု ဦးဆောင်အဖွဲ့အစည်းတခုဖြစ်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ခေါင်းဆောင် ၂ ဦးဖြစ်တဲ့ (ကို)မင်းကိုနိုင် နှင့် (ကို) ကိုကိုကြီးတို့ရဲ့ မေလ ပြည်ပခရီးစဉ်အစီအစဉ်မှာ အမေရိကန်ပြည်သို့လည်း လာရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ မေလ ၁၈ ရက်  တောင်ကိုရီးယားမှာ လူ့အခွင့်အရေးဆုတခုဖြစ်တဲ့ ဂွမ်ဂျုးဆုကို ကိုဂျင်မီနဲ့ ကိုမင်းကိုနိုင်တို့က သွားရောက် လက်ခံကြမှာ ဖြစ်ပါတယ်။ ၎င်းနောက်မှာ ကိုမင်းကိုနိုင်နဲ့ (ကို)ကိုကိုကြီးတို့က တောင်ကိုရီးယားကနေ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာလာကြမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ အခြေစိုက် NED အဖွဲ့ကြီးက ချီးမြှင့်တဲ့ (၂၀၁၂ ခုနှစ်) ဒီမိုကရေစီဆုကို လက်ခံရယူဖို့ ဖိတ်ကြားချက်အရ လာရောက်ကြမှာ ဖြစ်ပါတယ်။ အဲသည်နောက်မှာတော့ အမေရိကန်ပြည်ထောင်စု တ၀ှမ်းမှာ ရှိတဲ့ မြန်မာကွန်မြူနီတီက တိုင်းရင်းသားမိသားစုများနဲ့ တွေ့ဆုံပွဲတွေ ဆွေးနွေးပွဲတွေ လက်ခံကျင်းပဖြစ်ကြမယ်လို့လည်း သိရပါတယ်။

          ယခု ပထမဦးဆုံးအကြိမ် အမေရိကန်ခရီးစဉ်မှာ ကိုမင်းကိုနိုင် နဲ့ (ကို) ကိုကိုကြီးတို့တွေအနေနဲ့ ၈၈ မျိုးဆက် ကျောင်းသားဟောင်းတွေ၊ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေသူ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ တိုင်းရင်းသားမိသားစုတွေနဲ့ အတတ်နိုင်ဆုံး တွေ့ဆုံနိုင်ဖို့အတွက် ကြိုးစားသွားမယ်လို့လည်း သတင်းရရှိပါတယ်။ လွန်ခဲ့တဲ့ မတ်လမှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုဌေးကြွယ်ရဲ့ အမေရိကန်ခရီးစဉ်မှာလည်း မြန်မာတိုင်းရင်းသားမိသားစုများ နွေးထွေးစွာ ကြိုဆိုခဲ့ကြတာကို တွေ့ရပါတယ်။

          လက်ရှိကြားသိရသလောက်ကတော့ – မေလ ၁၉ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီသို့ ရောက်ရှိမှာ ဖြစ်ပါတယ်။ ၎င်းနောက် နယူးယောက်မြို့တော်၊ ဖလော်ရီဒါပြည်နယ်၊ ဖို့ဝိန်းမြို့တော်၊ ဆန်ဖရန်စစ္စကိုဘေးဧရိယာ၊ အယ်လ်အေမြို့တော်၊ လပ်စ်ဗေးဂပ်စ်မြို့တော် စသည် နေရာဒေသများသို့ သွားရောက်ရန် စီစဉ်နေကြောင်း သိရှိရပါတယ်။ မြန်မာတိုင်းရင်းသားမိသားစုများနဲ့ တွေ့ဆုံပွဲအစီအစဉ်များကိုလည်း ဆက်လက် စုံစမ်းပြီးတော့ သတင်းပေးပို့သွားမှာ ဖြစ်ပါတယ်။

          ၈၈ မျိုးဆက်ကျောင်းသားများဟာ ၂၀၁၂ နှစ်ဆန်း၊ ၎င်းတို့လွတ်မြောက်ပြီးနောက် ၂၀၁၃ မှ စတင်ပြီးပြီး ပြည်ပခရီးစဉ်များ ကူးသန်းခဲ့ပါတယ်။ ဇန်န၀ါရီမှာ ဖီလစ်ပိုင်၊ နောက် စင်္ကာပူနဲ့ ဖေဖော်ဝါရီမှာ ဥရောပနိုင်ငံများကို သွားရောက်ခဲ့တာကို တွေ့ရပါတယ်။ ယခု ကိုရီးယား၊ အမေရိကန်ခရီးစဉ်ပြီးရင် ဗြိတိန်ကို သွားရောက်ဖို့ ရှိပါတယ်။  ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမင်းဇေယျ၊ ဦးမြအေး၊ ဦးဌေးကြွယ်၊ ဦးမာကီး၊ မမီးမီးနှင့် မနီလာသိန်းတို့ ၈ဦး လန်ဒန်ကို ဇွန် ၁၉ မှ ဇွန်လကုန်အထိ သွားရောက်မယ်လို့ သိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts