လူမှုရှုခင်း

အလ္လာပ သလ္လာပ ကထာ

အရှင်ပညာနန္ဒ
ဖေဖော်ဝါရီ ၇၊ ၂၀၁၂
ဒီနေ့လိုင်းပေါ်မှာ ဥရောပဘက်မှာသီတင်းသုံးနေတဲ့ မိတ်ဆွေဘုန်းကြီးတပါးနဲ့ စကားပြောဖြစ်တယ်။ သူနဲ့ ကိုယ်နဲ့က ဟိုး ငယ်ငယ် ကိုရင် လေးဘ၀ထဲကအတူနေလာကြတာမို့ ပြောမနာ ဆိုမနာ ရင်းနှီးတဲ့သူတွေပါ။ ၈၈ အရေးအခင်းဖြစ်တော့ သူက အိန္ဒိယရောက်သွားပြီး ကိုယ် က ထိုင်းဘက်ကိုရောက်သွားတယ်။ အဆက်ပြတ်သွားတယ်ဆိုပါတော့။ ကိုယ်အမေရိကားရောက်မှ ကိုထွန်းထွန်း (Albany) က ကူညီလို့ သူ့ဖုန်းနံပါတ်ရတော့မှ အဆက်အသွယ်ပြန်ရပါတယ်။ အဲဒီအချိန် သူက အန္ဒိယမှာ သီတင်းသုံးနေဆဲ။

မိမိအမေရိကားရောက်ပြီး (၂) နှစ်လောက်ကြာမှ ဒုက္ခသည်အစီအစဉ်နဲ့ သူလည်း ဥရောပကိုရောက်သွားပါတယ်။ ဒီနေ့တော့ မိတ်ဆွေဆရာ တော်က ထူးထူးခြားခြားစကားဆိုလာပါတယ်။

“အေးကွာ နိုင်းငံခြားရောက်မှ အကူအညီတောင်းတဲ့သူတွေပေါမှဟေ့။ မိတ်ဆက်ပြီး အကူ အညီတောာင်းတဲ့သူ။ ပိုက်ဆံအိပ်ပျောက်သွားလို့ အကူအညီတောင်းတဲ့စာ၊ အိမ်ပြောင်းရမှာမို့ အကူအညီတောင်းတဲ့စာ၊ မိတ်ဆွေဘုန်းကြီးတပါးက ချင်းပြည်နယ်မှာကျောင်းထိုင်နေတာ သွားရေးလာရေးခက်ခဲလို့ ကားဝယ်ချင်လို့ အလှူခံတဲ့အီးမေးလ်၊ သူ့အရင်က ဟန်းဖုန်းတလုံး ပူဆာတဲ့ အီးမေးလ်၊ ဒစ်ဂျီတယ်ကင်မရာလို ချင်လို့ ပူဆာတဲ့သူ၊ ကွန်ပြူတာအဟောင်းလေးရှိရင် စွန့်ကျဲပါလို့ တောင်းဆိုတဲ့သူ၊ အဲဒီအရင်က ကလေးကျောင်းစရိတ်မရှိလို့  အကူအညီ တောင်းတဲ့အီးမေးလ်၊ အဲဒီအရင်က အက်ဖ်အာအာအိုလုပ်ချင်လို့ ငွေလိုလို့ အကူအညီတောင်းတဲ့အီးမေးလ်နဲ့ တခြား တောင်းတဲ့ ရမ်းတဲ့ အီးမေးလ်တွေက စုံပါပေ့ကွာ” တဲ့။

တတ်နိုင်သလောက်တော့ လှူနေရတာပါဘဲ။ ငါ့မလဲ ကျောင်းမနေနိုင်တဲ့ကလေးတွေ ကျောင်းထားပေးရ။ စွန့်ပစ်ခံ သက်ကြီး ရွယ်အိုးများလို လစဉ်လှူတဲ့အလှူတွေအပြင် ခွဲခြမ်းစိပ်ဖြာပြီး ဟိုလှူရ ဒီလှူရ စုံနေတာပါဘဲကွာ။ မိဘနေမကောင်းတာတောင် သိပ်မထောက်ပံ့နိုင်ဘူး။ လှူရလို့ပြောတာမဟုတ်ပါဘူး။ နိုင်ငံခြားမှာနေတယ်ဆိုပြီး အထင်ကြီးနေကြလို့ပါကွာ။ တကယ်တော့ အစိုးရက ငါ့ကိုထောက်ပံ့ငွေက နေထိုင်ရရုံလောက်ပါ။ အဲဒီအထဲက ခြိုးခြံခြွေတာ လှူဒါန်းနေရတာပါကွာ။ ချမ်းသာလို့တော့မဟုတ်ပါဘူးလို့ ငြီးရှာပါတယ်။ ငြီးလည်း ငြီး လောက်ပါပေတယ်။ အရင်အိန္ဒိယမှာနေတုန်းကလည်း ထိုနည်းကောင်းပါဘဲ။

အကူအညီတောင်းသူတွေများကြောင်း အငတ်ခံပြီး အကူအညီပေးကြောင်း သူ့သတင်းတွေကြားနေရပါတယ်။ တချို့များဆို ဘုန်းကြီးနဲ့ သိတာလည်းမဟုတ်၊ မြင်လည်းမမြင်ဘူး။ နတ်လမ်းညွှန်မှုတွေကြောင့် တက္ကစီငှားလာပြီး ဘုန်းကြီးကျောင်းရောက်မှ တက္ကစီဖိုး ဘုန်းကြီးဆီ မှာတောင်းပြီးပေးတဲ့သူကလဲ ရှိရဲ့။

ဘုန်းကြီးဆီရောက်ရင် သေချာပေါက်အဆင်ပြေမယ်ဆိုတာ တွက်ထားကြပါတယ်။ အဲသလောက် အပူသည်တွေရဲ့ ယုံကြည်အားကိုးမှုခံရတဲ့ မိတ်ဆွေဘုန်းကြီးပါ။ အလိမ်ခံရတာတွေလဲအများကြီးရှိတယ်လို့ ရင်နှီးတဲ့ဒကာတယောက်ကလည်း ပြောပြဘူးပါတယ်။

“အေးကွ ငါက သူတို့ကို စားဝတ်နေရေးအတွက်တော့ မကူညီနိုင်ဘူး။ ကူညီနိုင်လောက်အောင်လည်း ငါကမချမ်းသာပါဘူးကွာ။ ချမ်းသာတဲ့ နိုင်ငံရောက်ပေမဲ့ ငါကမချမ်းသာပါဘူး။ ပါးစပ်သွက်မှ အသပြာလှူသူကလည်း ပေါတာ၊ ငါက အလှူခံဘို့ အပြောအဟောဝါသနာကလည်း မပါ။ ဘယ်သူကိုမှလဲ တခါမှမပြောဘူး။ မဟောဘူး။ ရပ်တည်လို့ရသမျှ ရပ်တည်မယ်၊ ရပ်တည်လို့ မရသည့်အဆုံး လူဝတ်လဲ အလုပ် လုပ်မည်ဟု စိတ်ပိုင်းဖြတ်ထားတယ်။ အတိတ်ကံနည်းခဲ့လို့ မွဲနေရတဲ့ဘ၀။ နောင်ဘ၀မမွဲရအောင် လိုတရအောင် တတ်နိုင်သမျှ အလှူဒါန လေးတော့ပြုကွာလို့ ဆုံးမရှာပါတယ်။

သူ့စကားနားထောင်ပြီး လေပူတွေကို ခပ်ပြင်းပြင်းမှုတ်ထုတ်မိပါတယ်။ နိုင်ငံခြားမှာနေတဲ့ဘုန်းကြီးဘ၀ (အထူးသဖြင့် ကိုယ့်ဘ၀) ကလည်း ဘာမှမထူးပါဘူးဘုရား။ အခြားနေရာဌာနတွေမှာ ဘယ်ပုံဘယ်နည်းရပ်တည်နေကြတယ်ဆိုတာမသိပေမဲ့ တပည့်တော်လည်း ရပ်တည်နိုင် ဘို့အတွက်တော့ ဒီလိုဘဲ ကိုယ့်ဖာသာရှာကြံဖန်တီးနေရတာပါဘုရားလို့ စိတ်ထဲကဘဲ လျောက်ထားလိုက်ပါတယ်။

ဒုက္ခသည်ဘ၀ကလာတဲ့ဘုန်းကြီးမို့ထင်ပါရဲ့။ ဒုက္ခသည်တွေနဲ့ဘဲ ရောက်ရာဘ၀မှာ ဆုံးဆည်းနေရတာမို့ ဒုက္ခတွေကမကုန်သေး၊။ ကြုံနေ ဆဲ။ ရဟန်းဘ၀လေးကို မြတ်နိုးလှတာမို့ အသွင်မပြောင်းရအောင် မနည်းရုန်းကန်ပြီးတွယ်ဖက်ထားရတယ်ဆိုတာ ကိုယ့်ရဟန်းအချင်းချင်းမှ သိကြတာပါ။ မိတ်ဆွေဘုန်းကြီးပြောသလို ရပ်တည်လို့ရသမျှ ရပ်တည်မယ်၊ ရပ်တည်လို့မရသည့်အဆုံး လူဝတ်လဲ အလုပ်လုပ်မယ်လို့ စိတ်ဆုံးဖြတ်ထားတာကတော့ သူနဲ့ ကိုယ်နဲ့ အတော်လေးတိုက်ဆိုင်တယ်။ ကိုယ်ကလည်း သူများအတွက်သာ အလှူခံရဲတာ။ ကိုယ့်အ တွက်ဆိုရင်တော့ ဘာမှမပြောရဲ။ ဆက်ပြီး လျောက်ထားမိပါတယ်။

စနေ တနင်္ဂနွေနေ့တွေမှာတော့ ဒကာ ဒကာမတွေလာမှာပေါ့နော်လို့ လျောက်ထားမိပါတယ်။ အခု ငါနေတဲ့ဘုန်းကြီးကျောင်းရှေ့မှာ ခရစ္စ ယာန်ဘုရားရှိခိုးကျောင်းရှိတယ်။ စနေ တနင်္ဂနွေနေ့တွေဆို သူတို့ဘာသာဝင်တွေဘုရားရှိခိုးလာကြတာ ကားတွေပြည့်နေတာဘဲ။ ငါနေ တဲ့ ကျောင်းမှာ ဥပုသ်နေ့လဲ လူမလာဘူး။ စနေ တနင်္ဂနွေလဲ သီလယူ တရားနာဖို့ လူမလာဘူး။ အလုပ်မအားဘူးပြောတာဘဲ။ ဘယ်တတ်နိုင် မလဲကွာ။ ကိုယ်က ဘယ်လောက်ဟောပြောသင်ကြားပေးချင်ပေမဲ့  သင်ယူချင်တဲ့သူကလည်း ရှိအုံးမှကိုးကွတဲ့။ မင်းကမှ စနေ တနင်္ဂနွေနေ့ တိုင်း ကလေးတွေကိုစာသင်ပေးနေရသေးတယ်။ ကံကောင်းတယ်မှတ်တဲ့။
(စနေ တနင်္ဂနွေ ဘုန်းကြီးကျောင်းမလာတာကတော့ သူ့အိမ်ကဘုရားမှာဘဲ ဘုရားရှိခိုး ကုသိုလ်လုပ်နေလို့ဖြစ်မှာပါ။ ခရစ်ယာန်တွေအိမ် မှာက ဘုရားစဉ်မှမရှိတာ။ ချာ့ခ်ျကျောင်းသွားပေါ့။ ဟုတ်ဘူးလား။ အဲဒီလိုလေးတော့လည်း လျော့တွေးအုံးမှပေါ့ဘုရား)

တင်ပ ဘုရား။ ကံကောင်းတယ်လို့ဘဲ မှတ်လိုက်ပါမယ်ဘုရား၊ ဆရာတော်နဲ့က တူတာတွေ တိုက်ဆိုင်တာတွေများလွန်းလို့  အံ့သြမိပါတယ် ဘုရား။ တခုဘဲလျောက်ထားပါရစေဘုရား။ ရဟန်းဘ၀လေးကိုတော့ လွယ်လွယ်နဲ့တော့ မစွန့်လွှတ်ပါနဲ့ဘုရား။ ဘာသာရေးကို စိတ်ဝင် စားသူတွေ၊ သဒ္ဓါတရားကောင်းကောင်းနဲ့ သင်ယူလိုတဲ့သူတွေ တနေ့ ရှိလာအုံးမှာပေါ့ဘုရား။ ကြိုးစားပြီးသာသနာပြုပါလို့  (နှုတ်ခမ်းပဲ့ခြင်း) အားပေးလိုက်ပါရစေဘုရား။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts