>May – Poem

>

မတူညီခြင်း ဒဿန
မေ
ဖေဖော်ဝါရီ ၃၊ ၂၀၁၂



သံသရာဆိုတာ တပတ်လည်စမြဲ

ဝဋ်မှာအပ ငရဲမှာအမြဲတဲ့
အမေ့စကား နားဝကြားပေမယ့်
ယုံမိယုံမှား ခပ်ဝါးဝါးနဲ့

သံသရာအလှည့်အပြောင်း
ကံကြမ္မာ အတိမ်းအစောင်းမှာ
သင်္ခါရဆိုတာကြီး ဘွားခနဲတွေ့လိုက်ရ
ရင်သပ်ရှုမော တုန်လှုပ်ခြင်းများစွာ ….

လွန်လေသောအခါ နှစ် ၂၀ ကျော်က တယောက်သောသူ
ခေါင်းမော့ရင်ကော့ ဟန်ကျော့ကျော့နဲ့
လူဘုံအလယ်သွား မျက်နှာထားနဲ့
ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သူတယောက် ..
သူ့ကြောင့် လူအများ သေကွဲကွဲခဲ့ရ
သူ့ကြောင့် လူအများ ရှင်ကွဲခွဲခဲ့ရ
သူ့ကြောင့် ရဲရင့်သူများ ထောင်တံခါးရောက်ခဲ့ရ
သူ့ကြောင့် တိုင်းနိုင်ငံတခုလုံး စုန်းစုန်းမြှုပ်ခဲ့ရ

လွန်ခဲ့သောအခါ နှစ် ၂၀ ကျော်က တယောက်သောသူ
ရိုးသားတဲ့ပကတိဟန် ခွန်အားအပြည့်နဲ့ သူ့ပုံစံ
သစ္စာကဓားသွား မေတ္တာက အကြောင်းတရားနဲ့
ပြည်သူ့ရင်ခွင်ကြား တောက်ကြွားခဲ့သူ လူငယ်တယောက်
ပြည်သူ့ရင်ခုန်သံ သူ့ရင်ခုန်သံတဲ့
ပြည်သူ့အသက်ရှုသံ သူ့အသက်ရှုသံတဲ့
ပြည်သူ့မျက်ရည် သူ့မျက်ရည်တဲ့
ပြည်သူ့ဒုက္ခ သူ့ဒုက္ခတဲ့
အာဏာကိုကိုင်စွဲ ထင်တိုင်းကြဲတဲ့ခေတ်မှာ
ရက်စက်သူ ထိုသူကြီးက ရုန်းထသူလူတစုကို
ထောင်တွင်းသက်ဆင်း အကျဉ်းရောက်စေခဲ့သတဲ့
အမှောင်တွင်း သွပ်သွင်း အလင်းပျောက်စေခဲ့သတဲ့

“ဘဘ ဗိုလ်ချုပ်ကြီး ကျန်းမာပါစေ” တဲ့
ဆရာမသင်ထားတဲ့ ဆုတောင်စကား
အနှစ်မပါ ရင်ဗလာနဲ့ ဘာသာမတွေး သူတို့လေးတွေ
လက်အုံမိုးလို့ ရှိခိုးဦးတင်ကန်တော့သူပင်
ရာထူးတိုးလို့ ဘုန်းတခိုးကြီးသတဲ့
လူအများကြား ခေတ်စားခဲ့တာ အဲဒီအခါက

နှစ်အသက် ၂၀ လွန်မြောက်လေသော်
ပြည်မြန်မာမှာ ပြည်သူအများပြုံးပျော်ဝမ်းသာ
ကြွေးကျော်ကြတာ “ကိုမင်းကိုနိုင် ကျန်းမာပါစေ” တဲ့
အာဏာမရှိ ရင်တွင်း အသိသက်သက်နဲ့
ဟန်ဆောင်မလုပ် အဟုတ်တရား အကြင်နာများနဲ့
မျှော်တွေးစရာ ဆုလာဘ်များစွာ မပါလာမှန်း သိသိကြီးနဲ့ …

ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့
အတိတ်ကို အတိတ်မှာပဲ ထားခဲ့ချင်သတဲ့
သူရဲကောင်းတို့ဆိုစကား
ဟိုလူကြီးရော ကြားများကြားလေမလား
တ၀ဲလည်လည် သံသရာဂယက်ထဲ
ရုန်းထွက်ဖို့များ ခက်နေမလား

တကယ်တော့လဲ
သမိုင်းဆိုတာ ပြင်၍ မရခဲ့
အမှန်တရား ပြည်ဖုံးကားချ မရနိုင်ခဲ့
သစ္စာတရားက သူရဲကောင်းများကို စောင့်ကြိုနေခဲ့
သူရိုင်းပေမယ့် ကိုယ်မရိုင်းလေဘူး
မိုးထက်မြင့်တဲ့ စိတ်ဓာတ်အသိနဲ့
ရင်တွင်းစကား ဆိုလာလေသူ
သူရဲကောင်းတစုသို့ ဦးညွှတ်ရင်းနဲ့

ဒါကြောင့်လဲလေ
သေနတ်ကိုင်ဆွဲ အာဏာပဲလို့
အနိုင်ရတိုင်း အပိုင်မကြံနဲ့
ကိုယ်ကသာတိုင်း မုန်တိုင်းမဖန်နဲ့
အစွယ်လို၍ အသွားစေသူ ထိုထိုလူအတွက်
အလင်းကိုဖျောက် အမှောင်ရောက်အောင်
ပြည်သူကိုညှင်း မသွပ်သွင်းနဲ့
ရှေ့နောက်မျှော်တွေး သံသရာ ကြွေးမိုး
ရည်ရွယ်စိတ်ရင်း စဉ်းစားရင်းနဲ့
ပါးလိုက်ချင်တာ စကားစေတနာ။

(ကိုမင်းကိုနိုင်နှင့်တကွ စွန့်လွှတ်စွန့်စား ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့ကြသော သူရဲကောင်းများစွာတို့အား ဤကဗျာဖြင့် ဂုဏ်ပြုအပ်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts