>Phoe Htet – Review

>

The Experiment မှ အတွေးမျှင်များ
ဖိုးထက်
ဇန်န၀ါရီ ၂၈၊ ၂၀၁၂

ပြီးခဲ့သော တရုတ်နှစ်သစ်ကူး ပိတ်ရက်များမှာ ကျနော်၏ အဓိကလုပ်သော လုပ်ငန်းဆောင်တာများမှာ အိပ်ခြင်း၊ စားခြင်း၊ စာဖတ်ခြင်းနှင့်ဗွီဒီယိုကြည့်ခြင်း စသည့်ငွေမကုန် လူအားပြည့် အလုပ်များကိုဘဲလုပ်သည်။ ထိုအထဲကမှ ဗွီဒီယိုကြည့်ခြင်း အချိန်က ပိုမိုများပေမည်။ Tom and Jerry မှ စ၍ အချိန်မရသဖြင့် အင်တာနက်မှာ ရှာဖွေကြည့်ရှုဖို့ မှတ်သားထားသော Kite Runner၊ RED၊ Red Cliff တို့အပြင် ကျနော် ပြည့်ပြီးပေမယ့် နှစ်သက်သဘောကျသော Forrest Gump၊ Brave Heart တို့ကိုလဲ ပြန်လှန်လေ့ကျင့်ခန်းလုပ်သလို ပြည့်သည်။

ကျနော့်မှာ ညီငယ်လိုခင်ရသော သူငယ်ချင်းတစ်ယောက်ရှိသည်။ ဒီကောင်လေးကလဲ ကျနော့်လို ဗွီဒီယိုဂျိုး။ အလုပ်ပိတ်ရက်များတွင် ဗွီဒီ ယိုပြည့်ခြင်း၊ ဂိမ်းဆော့ခြင်း၊ တယ်လီဖုန်းကလိခြင်းများနှင့် အချိန်ကုန်တတ်သည့် ထိုကောင်လေးကြည့်သော သရဲကားလိုလို၊ စုန်းကားလို လို ဇာတ်ကားများကိုတော့ ကျနော်က ပြောမနာ ဆိုမနာများပီပီ နှိပ်ကွပ် ရှုံ့ချမြဲ။ “မင်းကွာ အရေမရ အဖတ်မရ သရဲကားတွေ မကြည့်စမ်း ပါနဲ့။ စိတ်ခံစားမှု အနုပညာမြင့်တက်စေမယ့် ဇာတ်ကားတွေ ကြည့်စမ်းပါ” ဆိုသည့် ဆရာလိုလို၊ သမားလိုလိုလုပ်တတ်သည့် ကျနော့်ကို အတော်လေး သည်းညည်းခံရှာသည်။ ဒီနေ့လဲ ထိုကောင်လေးကြည့်နေသောဇာတ်ကားတွေကို ကျနော်က ထုံးစံအတိုင်း အာရုံမရောက်။ သို့သော် သူက “အစ်ကို The Experiment ကြည့်ပြီးပြီလား” ဟု အမေးရှိလာသည်။ ကျနော်က ကြားတောင်မကြားဘူးဘူးဆိုတော့ နှိပ်ကွပ် ခံရသူက ကျနော်ဖြစ်သွားသည်။

“ဒီလောက်ကောင်းတဲ့ဇာတ်ကားတောင် မကြည့်ဘူးဘူးတဲ့”
“ပြောတော့ သူ့ကိုသူ အနုပညာခံစားမှုမှာ မင်းတို့ထက် တဆင့်မြင့်တယ်တဲ့”

“ပြာသာပြာ ဖွဲမထွက်ဆိုတာ ဒါကြီးပေါ့” ဆိုသည့်စကားများကို မခံချင်စွာ
“မင်းဇာတ်ကားက ဘယ်လောက်ကောင်းနေလို့လဲ” ဟု အငေါ်တူးမိသည်။
“အပိုတွေ ပြန်ပြောမနေနဲ့ ကြည့်ကြည့်လိုက်။ ရော့ယူသွား” ဆိုပြီး သူ Download လုပ်ထားပေးသောဇာတ်ကားကို ကျနော်အချိန်ပေးပြီး ကြည့်မိတော့သည်။

The Experiment ထဲမှ အဓိကဇာတ်ဆောင်မင်းသား Adrien Brody သည် ကျနော်နှင့်စိမ်းသည်။ သူ့ဇာတ်ကားများကို ရံဖန်ရံခါ ကြည့်မိခဲ့ ဘူးသည် ထင်သည်။ မမှတ်မိတော့။ သို့သော် ဇာတ်ပို့လူမည်းမင်းသားကြီး Forest Whitaker ကိုတော့ ကောင်းကောင်းသိသည်။ The Last King of Scotland ထဲမှာ ယူဂန်ဒါအာဏာရှင်အဖြစ် ဗီလိမ်နေရာမှ ကောင်းကောင်းကြီး သရုပ်ဆောင်ထားတာကို ကြည့်မိကတည်းက လူနှင့် နာမည်နှင့် တွဲမိသွားခြင်းဖြစ်သည်။ ဟာသသရုပ်၊ ဗီလိမ်သရုပ်၊ လူကြီးလူကောင်းသရုပ်၊ ရဲအရာရှိသရုပ် စသည့် ဇာတ်ရုပ်မျိုးစုံကို ပီပြင်စွာသရုပ်ဆောင်နိုင်သော အမေရိကန် သရုပ်ဆောင်ကောင်းကြီးတစ်ယောက် ဖြစ်သည်။

ဇာတ်လမ်းကို စကြည့်ခါစက နာမည်ကြီးပေမယ့် ကျနော်မကြိုက်သော Prison Break လို အီလည်လည် ဇာတ်ကားကြီးနေမှာပါဆိုပြီး မှတ် ချက်တွေ ကြိုတင်ချထားမိတာ အမှားကြီး မှားသည်ကို သိလာရသည်။

ဇာတ်လမ်းကို ပြန်ပြောပြချင်ပေမယ့် အင်္ဂလိပ်စာအားနည်းသောကျနော်သည် “အ အ အိပ်မက် မက်သလို” ဖြစ်နေမှာလဲ စိုးရိမ်မိ သည်။သို့သော် ကျနော်နားလည်သလောက် ပြန်လည်ရှင်းပြခွင့် ပြုစေချင်သည်။

Dr.Archaleta ၏ စမ်းသပ်မှုတစ်ခုသို့ ပါဝင်ကြရန် လူ ၂၆ ယောက်ကို ရွေးချယ်လိုက်သည်။ အရွေးချယ်ခံရသည့်လူများက စမ်းသပ်ကာလ နှစ်ပတ်အတွင်းမှာ ထောင်သားတစ်ချို့နှင့် ထောင်ဝါဒါတစ်ချို့ (အစောင့်) များအဖြစ် သရုပ်ဆောင်ရမည်ဖြစ်ပြီး နှစ်ပတ်လွန်မြောက်ပါက ဒေါ်လာ ၁၄၀၀၀ စီရမည် ဖြစ်သည်။ ထိုအထဲမှာ Travis (Adrien Brody) နှင့် Barris (Forest Whitaker) လဲ ပါဝင်သည်။

Travis က အချိန်ပိုင်းအလုပ်ပြုတ်ထားသူ။ ငြိမ်းချမ်းရေးလိုလားသူ။ ထို့အပြင် သူ့ကောင်မလေး (ဇာတ်ကားထဲမှာ မင်းသမီးသရုပ်ဆောင် ကွက် နှစ်ကွက်၊ သုံးကွက်သာ ပါသည်။) နှင့် အိန္ဒိယသို့ခရီးထွက်ဖို့ ပိုက်ဆံလိုနေသည်။ Barris က အုပ်ထိန်းသူ မွေးစားအမေ (ကျနော် ဘာသာပြန်တာ မှားနိုင်ပါသည်) နှင့်အတူနေသော လူလွတ်။ သူ့အမေက သူ့ကို ပိုက်ဆံရဖို့ ဒီစမ်းသပ်မှုထဲမှာ ပါဝင်စေချင်သည်။

အရွေးချယ်ခံထားရသော သူတို့ ၂၆ ယောက်ကို ထောင်လိုသီးခြား အဆောက်အဦးကြီးဆီသို့ ခေါ်သွားသည်။ ၂၆ ယောက်ထဲကမှ ငါး ယောက်က ၀ါဒါ (ကြီးကြပ်သူ)။ ကျန် ၂၁ ယောက်က ထောင်သားတွေအဖြစ် သရုပ်ဆောင်ရမည်။ Travis က ထောင်သားဖြစ်သွားသည်။ Barris က ထောင်ဝါဒါ။ သူတို့အတွက် သတ်မှတ်စည်းကမ်းချက်တွေ ရှိသည်။ စမ်းသပ်ကာလ ၁၄ ရက်အတွင်း ပြင်ပလောကနှင့် အဆက် အသွယ်ဖြတ်ထားမည်။ သို့သော် Camera တွေမှတဆင့် စောင့်ကြည့်မည်။ ပြင်ပလောကမှလူတွေက ဘာတစ်ခုမှ ပါဝင်ပတ်သက်မည် မဟုတ်။ အစောင့်တွေအဖြစ်သရုပ်ဆောင်ရမည့်လူတွေ၏စကားကို အကျဉ်းသားတွေအဖြစ် သရုပ်ဆောင်ရသော ကျန်လူများက အကြွင်းမဲ့ နားထောင်ရမည်။ အစောင့်များကို အကျဉ်းသားများက တော်လှန်ပုန်ကန်ခွင့်မရှိ။ အကျဉ်းသားများသည် ကိုယ်စားသောပန်းကန် ကိုယ် ဆေး ပီး အစောင့်များ အလျင်းသင့်သလို ချမှတ်သော ထပ်တိုးစည်းကမ်းများကိုလိုက်နာရမည်။

အစောင့်များက အကျဉ်းသားများ စည်းကမ်းလိုက်နာမှုကို တာဝန်ယူရမည်။ ရုန်းရင်းဆန်ခတ်ဖြစ်ပွားလျှင်၊ သို့မဟုတ် Camera မှ စောင့် ကြည့်နေမည့် ပြင်ပလောကမှလူများက အန္တရာယ်ရှိသည်ဟုသတ်မှတ်ပြီး မီးနီကို ဖွင့်လိုက်လျှင်ဖြစ်စေ စမ်းသပ်မှုပြီးဆုံးမည်ဖြစ်သည်။ သို့ သော် ဘယ်သူတစ်ဦးတစ်ယောက်မှ တစ်ပြားတချပ်မှ ရလိမ့်မည်မဟုတ်။

စမ်းသပ်မှုအတွက် ထောင်သားဝတ်စုံတွေနှင့် ထောင်ဝါဒါဝတ်စုံများကို ခွဲခြားဝတ်ပြီးကြကတည်းက ထောင်ဝါဒါအဖြစ် သရုပ်ဆောင်မည့် လူများ၏ စိတ်ထား၊ သဘောထား တင်းမာလာချင်ကြသည်။ စမ်းသပ်နေသည်ကို သိလျက်နှင့် အထက်စီးဆန်လာကြသည်။ မောက်မာ လာကြသည်။ ထောင်ထမင်း၊ ဟင်းများကို မစားနိုင်ကြသဖြင့် ထောင်သားများအဖြစ်သရုပ်ဆောင်ရသောလူများက ပန်ကန်မဆေးနိုင်ဟု Travis မှစပြီး ပြဿနာရှာကတည်းက ၀ါဒါများနှင့်ထောင်သားများ၏ တင်းမာမှုက ပိုမိုဆိုးဝါးလာသည်။

Barris က ထောင်ဝါဒါတွေထဲကမှ ဘယ်သူ့ကို ဘယ်လိုမြှောက်ပေးရင် သူ့လက်ရုံးဖြစ်လာမည်ကို သိသည်။ စည်းရုံးသည်။ ထောင်သားတွေ မသိစိတ်ထဲမှာ ခေါင်းဆောင်ဟုသတ်မှတ်ထားသော Travis ကိုဖမ်းချုပ်ခေါ်ကာ ခေါင်းရိတ်ပြစ်သည်။ လူ့အခြေခံတန်ဖိုးကျအောင် လုပ် သည်။ သူလုပ်ပြသည်ကို စောင့်ကြည့် Camera မှမြင်ရသော်လည်း မီးနီမလင်းသည်ကို Barris က သူလုပ်ဆောင်တာမှန်သည်ဟု ယူဆ သည်။ ရက်စက်ယုတ်မာပြီး ဉာဏ်များသော၊ လုပ်ရဲကိုင်ရဲရှိသောသူက ထောင်ဝါဒါတွေ၏ခေါင်းဆောင်ဖြစ်လာသည်။

Travis အခန်းဖော်နေမကောင်းဖြစ်တော့ Barris ကအလုပ်ခိုင်းသည်ကို Travis က၀င်တားရင်း ပြဿနာထပ်ဖြစ်ပြန်သည်။ Travis အခန်း ဖော် ခရီးဆောင်အိတ် (ထောင်သို့စမ်းသပ်ဖို့လာစဉ်ကပါလာပြီး စတိုခန်းသပ်သပ်ထဲမှာ သိမ်းထားသည်။) ထဲမှာ ဆေးကုသဖို့ ထိုးဆေးပါ သည်။ ထိုဆေးကို Barris က ယူခွင့်မပေး။ ထောင်ဝါဒါတွေထဲမှ Barris လုပ်နေတာတွေကို သံသယရှိသော၊ မကြိုက်သော၊ စာနာ သနား တတ်သောသူက ထို ထိုးဆေးနှင့်အပ်ကို ယူပေးသည်။ ဒါကို Barris က CCTV မှတဆင့်တွေ့ပြီး ထိုဝါဒါကို ဘယ်သူခိုင်းလို့ မင်းလုပ်တာလဲဟု အကြပ်ကိုင်မေးတော့ Travis စည်းရုံးလို့ဟု အဖြေပေးလိုက်ရသည်။

Travis ကိုထပ်မံခေါ်ထုတ်လာပြီး အိမ်သာအိုးထဲခေါင်းနှစ်ကာ “ငါထောင်သားတစ်ယောက်ပါ” ဆိုသည့်စကားကို ပြောခိုင်းသည်။ လူသား သိက္ခာတရားကို နှိမ်ချဖို့ကြိုးစားကြသည်။ Travis က “မင်းရမယ့်ပိုက်ဆံနဲ့ မင်းစိတ်အထူးကုဆရာဝန်နဲ့ ပြဖို့လိုနေပြီ” ဟု ပြန်ပြောရင်း ငြင်း ဆန်သည်။ ၀န်မခံမခြင်း အိမ်သာအိုးထဲနှစ်ကာနှိပ်စက်တော့ Travis ၀န်ခံလိုက်ရတော့သည်။ Travis တို့ကို ကူညီပေးမိသော ထောင်ဝါဒ ကိုလဲ ၀ိုင်းဝန်းသမလိုက်ကြကာ ထောင်သားအဖြစ်သွတ်သွင်းလိုက်တော့သည်။

နောက်ရက် မနက်ခင်းရောက်တော့ တန်းစီချိန်တွင် Travis က ထောင်သားအင်္ကျီကိုချွတ်ကာဖီဆန်တော့ ကျန်ထောင်သားတွေပါ အကုန်ပါ ၀င်လာကြသည်။ Barris တို့အဖွဲ့ကအခြေအနေကို ၀န်ထိန်းရင်း ရုန်းရင်းဆန်ခတ်ဖြစ်ကုန်သည်။ Travis ကစောင့်ကြည့် Camera သို့ တက်ခါ အကုန်ပြန်ဖွင့်ပေးတော့၊ ပြန်လွှတ်ပေးတော့ဟုအော်ချိန်မှာ ထောင်ဝါဒါတစ်ယောက် နောက်မှဆွဲချတာကိုခံလိုက်ရသည်။ Travis ကို Barris က ကိုယ်ထိလက်ရောက် ကျူးလွန်ဖို့ ကြိုးစားစဉ်တွင် Travis အခန်းဖော် နေမကောင်းသောသူက မခံမရပ်နိုင်ဖြစ်ကာ Barris ကို ၀င်ထိုးမိသည်။ Barris က လက်ကိုင်တုတ်ဖြင့်လှည့်အရိုက်တွင် ငယ်ထိပ်တည့်တည့်သို့ ရိုက်မိပြီး Travis အခန်းဖော်မိတ်ဆွေ အသက်ပါ သွားတော့သည်။

ထိုအချိန်ထိ မီးနီမလင်းသည်ကို Barris နှင့်အဖွဲ့က အခွင့်ကောင်းယူက ကောင်းကောင်းကြီးနှိပ်ကွပ်တော့သည်။ Travis ကို ဘွိုင်လာ အ ဟောင်းကြီးထဲသို့ ထည့်ပိတ်ထားကြသည်။ ထိုဘွိုင်လာအဟောင်းကြီးထဲတွင်လဲ စောင့်ကြည့် Camera တပ်ဆင်ထားသည်ကို Travis သိ သောအခါ မခံမရပ်နိုင်ဖြစ်လာကာ လွတ်မြောက်ဖို့ကြိုးစားရင်း အပြင်ရှိအစောင့်ကို ဘ၀တူထောင်သားတစ်ယောက်နှင့်အတူ သတ်ပြစ် လိုက်ကြသည်။ ထိုအစောင့်ထံမှ သော့ကိုယူခါ ကျန်ထောင်သားများကို လိုက်ပြီးလွှတ်ပေးသည်။

ထောင်သားတွေအကုန်လွတ်ပြီး ရန်ပြုဖို့ကြိုးစားလာကြတော့ ထောင်ဝါဒါတွေအဖြစ် သရုပ်ဆောင်နေရသူတွေက ထွက်ပြေးဖို့ ကြိုးစား သည်။ Barris က အခြေအနေကို ထိန်းဖို့ ကြိုးစားသည်။ တုတ်တွေကို လက်နက်အဖြစ်ယူလာကြသော ထောင်သားအဖွဲ့ကို ဓားတွေနှင့်ခုခံဖို့ စည်းရုံးသည်။ သို့သော် ဘယ်လိုမှ စည်းရုံးလို့မရတော့။ အကုန်ထွက်ပြေးကြတော့ Barris လဲ ထွက်ပြေးရတော့သည်။ အလုံပိတ်အဆောက် အဦးကြီး၏ အဓိကတံခါးကြီးကိုဖွင့်ဖို့ကြိုးစားကြစဉ်မှာ Travis တို့အဖွဲ့ကမှီလာပြီး အပြန်အလှန်သတ်ကြသည်။ Barris က Travis ကို ဓား နှင့်ထိုးဖို့ကြိုးစားသည်။ Travis က Barris ကို အပေါ်မှ ခွထိုင်က အားရပါးရ လက်သီးဖြင့်ထိုးစဉ်တွင် မီးနီလင်းခါ Alarm တွေ မြည်လာသည်။ ပင်မတံခါးကြီးလဲပွင့်လာတော့မှ ရုန်းရင်းဆန်ခတ်ဖြစ်တာ ရပ်ကုန်ကြသည်။

ပြင်ပလောကမှ လေအေးများ၊ အလင်းရောင်များရှိရာသို့ သူတို့အတူ ထွက်လျှောက်လာကြသည်။ နောက်တော့ သူတို့ကိုကြိုဖို့ ဘတ်စ် ကားကြီး ရောက်လာသည်။ နောက်တစ်ခန်းမှာတော့ သူတို့အဖွဲ့ အ၀တ်အစားသပ်သပ်ရပ်ရပ်ဖြစ်ကာ အိမ်သို့အတူတကွပြန်နေကြပြီ။ လက်တွေထဲမှာလဲ ဒေါ်လာ ၁၄၀၀၀ တန် ချက်လက်မှတ်ကိုယ်စီ။ Barris နှင့် Travis တို့ အကြည့်ချင်းဆုံမိသည်။ ထောင်သားအဖြစ် အတူ သရုပ်ဆောင်လာရသည့် Travis သူငယ်ချင်းက “လူတွေဟာ မျောက်တွေထက် တော်လှန်ရေးအသိပိုရှိတယ်ဆိုတာ မင်းယုံသေးလား”ဟု မေးသည်။ Travis က “လူတွေမှာ အပြောင်းအလဲအတွက်အစွမ်းသတ္တိရှိတယ်” ဆိုပြီး အဖြေပေးသည်။ ဇာတ်သိမ်းမှာတော့ အိန္ဒိယမှာ Travis က သူ့ကောင်မလေးနှင့်သွားတွေ့သည်။

ဇာတ်ကားပြီးတော့ ကျနော့်ညီသူငယ်ချင်းကိုသွားကာ ကျေးဇူးတင်ပါတယ်ခင်ဗျဆိုပြီး အသိအမှတ်ပြုလိုက်ရသည်။ သို့သော် ကျနော့်အ တွေးတွေကအမျှင်တန်းနေတာကိုတော့ သူ့ကိုမပြောပြမိတော့။ စနစ်ဆိုးကြီးတစ်ခုအတွက်၊ ငွေအတွက်၊ အာဏာအတွက် ဘ၀ဇာတ်ခုံပေါ် မှာ အာဏာလက်ကိုင်ရှိသူက အဖိနှိပ်ခံဟု သတ်မှတ်ခံထားရသူတွေကို အမျိုးမျိုးဖိနှိပ်ကြသည်။ အဖိနှိပ်ခံရသည့်လူတွေက မခံနိုင်လို့ တော်လှန်ပုန်ကန်ကြတော့ ၀မ်းနည်းစရာအဖြစ်ဆိုးတွေ ဖြစ်ကုန်ကြသည်။

တကယ်ဆို Travis နှင့်Barris တို့၏ ပြင်ပလောကကြီးမှာ လေကောင်းလေသန့်ရှိသည်။ အလင်းရောင်တွေ ကောင်းစွာရှိသည်။ Experiment ပြုလုပ်သည့် အဆောက်အဦးကြီး အပြင်မှာ၊ စနစ်ဆိုးကြီးမရှိရာ အပြင်လောကမှာတုံးက သူတို့တွေသည် တန်းတူရည်တူ အခွင့် အရေးအတူ။ မိမိဘ၀လမ်းကြောင်းအတိုင်း မိမိဦးတည်ကြသည်။ ရည်မှန်းချက်အတူတူအတွက် အစမ်းသပ်အတူတူခံကြရင်း၊ ရုန်းကုန် လှုပ်ရှားကြရင်း ဘ၀တူဆိုသည့်ခံစားချက်တွေ မေ့ကုန်ကြသည်။ Barris လိုမျိုး အာဏာကိုမက်မောကာ မှန်ထဲက မိမိကိုယ် မိမိပြန်ပြည့်ကာ အားရကျေနပ်ကုန်သည့်လူတွေ ဖြစ်မှန်းမသိ ကျနော်တို့ဖြစ်ကုန်ကြလေသလား။

တကယ်ဆိုရင် ကျနော်တို့လိုအပ်တာက အပြင်သြကာသလောကကြီး။ နေရောင်ခြည်တွေကို အတူနေပူစာလှုံကြမည်။ လေညှင်းတွေကို အတူရှုရှိုက်နိုင်ကြမည်။ မုန်းတိုင်းတွေကို အတူအန်တုကြရမည်။ စနစ်ဆိုးကြီးရှိသည့် Experiment ပြုလုပ်ရာ အဆောက်အဦးကြီးကို အတူတကွ ဖောက်ထွက်နိုင်ကြရမည်။ Barris လိုလူမျိုးတွေကို ကျနော်တို့ အတူတကွ တွန်းလှန်တိုက်ကြရမည်။ ဆန့်ကျင်ရမည်။ သို့မ ဟုတ် Barris လိုဖြစ်ခဲ့သောလူမျိုးတွေ၊ ဖြစ်နေသောလူမျိုးအတန်းအစားတွေကို စနစ်ဆိုးကြီး၏အပြင်ဘက်မှာ တန်းတူရည်တူ အခွင့် အရေးနဲ့ ပျော်စရာလောကကြီးတစ်ခုရှိတယ်ဆိုတာ သိမြင်လာအောင် ကျနော်တို့ ကြိုးစားရမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts