ဟံသာဝတီ ဦးဝင်းတင်

Interview with U Win Tin – Time to go for Election and Parliament ?

>

လွှတ်တော်ထဲဝင်ကြရမယ့်အချိန်၊ပြန်လည်သင့်မြတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေး
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဇန်န၀ါရီ ၂၃၊၂၀၁၂
မေး။     ။အခုအချိန်မှာ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲကနေလုပ်ကြရမယ်လို့ ပြောရတော့မယ့်အချိန်လား။
ဖြေ။     ။ အခုအချိန်မှာက ရွေးကောက်ပွဲကာလဖြစ်နေတယ်။ ၀င်ပြီး အရွေးခံမယ့် လူဦးရေနည်းတာ များတာက ကိစ္စမဟုတ်ဘူး။ အရေးကြီးတာက ရွေးကောက်ပွဲ ပုံသဏ္ဍန်ကို ပြန်သုံးသပ်ကြဖို့လိုမယ်။ အခုအခြေအနေမှာက ပါလီမန်အတွင်းမှာပဲ အခြေခံဥပဒေပြင်ဆင်ဖို့အရေး လုပ်ကြဖို့ဖြစ်တယ်။ ပါလီမန်ပြင်ပကနေပြီး အခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတာထက် ပါလီမန်အတွင်းဖက်လုပ်ဖို့အခြေအနေဖြစ်နေတယ်။ အတွင်းကနေပြီး လုပ်ရမှာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဝိဥာဏ်နဲ့နိုင်ငံရေးအသိနဲ့ လုပ်နေတာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်အတိုင်းဒီမိုကရေစီထိုးစစ်ဆင်ဖို့ လုပ်နေတာ ဖြစ်တယ်လို့ ပြောချင်တယ်။
            အဲသည်အတွက် တိုင်းရင်းသားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာပြီ။ကျောင်းသားတွေကလည်း ထိုးစစ်ကို ပံ့ပိုးတဲ့အနေနဲ့ ၀န်းရံကြမယ်လို့ ပြောဆိုလာကြပြီ။အဲသည် ဒီမိုကရေစီထိုးစစ်အတွက် အားလုံးပါဝင်လာကြတဲ့ အနေအထားဖြစ်လာတယ်လို့ ဆိုချင်တယ်။
            ဒါကြောင့် ပါလီမန်ထဲကို ၀င်ရောက်ဖို့ ယှဉ်ပြိုင်ကြမယ့် အမတ်ဦးရေနည်းတာထက် ရွေးကောက်ပွဲတွေရဲ့ သဘောလက္ခဏာတွေကို ရယူပြီူးတော့ ပါလီမန်ထဲကနေ ဒီမိုကရေစီထိုးစစ်ဆင်ကြရမယ့်လို့ပြောချင်တယ်။
            ဒါကြောင့် တိုင်းရင်းသားတွေကို ဖိတ်ခေါ်ချင်တယ်၊ ကျောင်းသားလူငယ်တွေကိုလည်းဖိတ်ခေါ်ချင်တယ်။
မေး။     ။ ဒါဆိုရင် အရင်တုန်းက အာဏာကို လက်ဆုပ်လက်ကိုင်လုပ်ထားတဲ့သူတွေနဲ့နိုင်ငံရေးအဖြေရှာကြဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိအစိုးရတို့ လွှတ်တော်ပြင်ပမှာတွေ့ဆုံဆွေးနွေးအဖြေရှာရေးကို လုပ်ဆောင်ခဲ့တဲ့အဆင့်ကနေ လွှတ်တော်ထဲ ၀င်ပြီး ဆွေးနွေးအဖြေရှာကြတော့မယ့်အဆင့်ကိုရောက်လာပြီလို့ ပြောတဲ့သဘောပေါ့။
ဖြေ။     ။ ဟုတ်ပါတယ်။ အဲလိုဖြစ်နေတဲ့ အနေအထား ဖြစ်နေတယ်။ အရင်တုန်းကတော့တွေ့ဆုံဆွေးနွေးပွဲတွေကို ဒို့တွေက ပြင်ပမှာ လုပ်ကြရမယ်လို့ လုပ်ခဲ့ပေမယ့် အခုကျတော့သူတို့က လွှတ်တော်ကို  စီးမိနေတော့ လွှတ်တော်ထဲကိုပဲခေါ်နေတဲ့ သဘောဖြစ်နေတယ်။ လွှတ်တော်ထဲ ခေါ်တာကို တို့က အစက လက်မခံခဲ့ဘူး။ အခုကျတော့သူတို့ကွင်းထဲပဲ ၀င်ကစားရမယ်လို့ ဖြစ်လာတော့ လွှတ်တော်ထဲမှာပဲ စကားပြောမယ့် အနေအထားဖြစ်လာတယ်။အပြင်မှာ နောက်ထပ် ဘယ်လောက် စောင့်မလဲ။ စောင့်မနေတော့ဘူး။ တိုင်းရင်းသားတွေကော နိုင်ငံရေူးအင်အားစုတွေအပါအ၀င် လွှတ်တော်ထဲမှာပဲ အင်အားတွေ ဖြစ်လာနိုင်တယ်လို့ ပြောချင်တယ်။
မေး။     ။ ဒါဆိုရင် ဥပမာအားဖြင့် ဆရာလိုမျိုး အတိုက်အခံနိုင်ငံရေးခေါင်းဆောင်တဦးက ပါတီမှာ သဘာပတိအဖွဲ့ဝင်ဖြစ်သွားပြီ၊ လွှတ်တော်တွင်းကို ၀င်ရောက်ဖို့လည်းအစီအစဉ်မရှိဘူး။ သည်လိုမျိုး နိုင်ငံရေးခေါင်းဆောင်တဦးအနေနဲ့၊ အတိုက်အခံပါတီရဲ့ပြောရေးဆိုခွင့်ရှိသူတဦးအနေနဲ့ လွှတ်တော်ထဲကို မ၀င်ရောက်တော့ဘူးဆိုရင် ဆရာ့အနေနဲ့ရှေ့လျောက်ဖြစ်လာမယ်ဆိုတဲ့ လွှတ်တော်တွင်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးတွေမှာအဖြေရှာရေးတွေမှာ တိုက်ရိုက်မပါဝင်တော့ဘူး ဆိုတဲ့ သဘောပေါ့။
ဖြေ။     ။ ဟုတ်တယ်။ ပါနိုင်မယ့် အနေအထားလည်း သိပ်မရှိတော့ဘူး။ သို့သော် လွှတ်တော်ထဲပါခြင်း၊ မပါခြင်းထက် လွှတ်တော်ထဲမှာ လုပ်တဲ့ လုပ်ငန်းတွေ အားလုံးကလည်း ပါတီနဲ့ သဘာပတိအဖွဲ့တွေရဲ့သဘောထားတွေ၊ ဆွေးနွေး ဆုံးဖြတ်ချက်တွေအနေနဲ့ ဆက်ပြီး လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက်ပတ်သက်မှုတွေတော့ ရှိနေဦးမယ်လို့တော့ ပြောနိုင်ပါတယ်။
မေး။     ။ အခုအချိန်မှာ အပြောင်းအလဲကို ဖော်ဆောင်နေတဲ့စစ်ခေါင်းဆောင်တွေ၊ စစ်ခေါင်းဆောင်ဟောင်းတွေနဲ့ အတိုက်အခံခေါင်းဆောင်တွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေကခေါင်းဆောင်တွေ တိုက်ရိုက်တွေ့ဆုံဆွေးနွေးတာတွေကို ပြည်သူလူထုက မြင်နေကြရတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ ကရင်တိုင်းရင်းသားနဲ့တကွ  အဖွဲအစည်းများက ခေါင်းဆောင်တွေနဲ့ တွေ့တယ်။ ဒါပေမယ့်ဆရာ ဦးဝင်းတင်တို့၊ ဦးတင်ဦးတို့နဲ့ တိုက်ရိုက်တွေ့ဆုံတာတွေ မရှိခဲ့ဘူး။ နောက်ဆိုရင်လည်းလွှတ်တော်ပြင်ပက နိုင်ငံရေးအင်အားစုတွေကို အာဏာပိုင်တွေက တွေ့ဆုံဆွေးနွေးတာတွေ၊ဖိတ်ခေါ်တာတွေ ရှိပါဦးတော့မလား။
ဖြေ။     ။ သိပ်တော့ မမြင်ဘူး။ အခုအချိန်မှာက လွှတ်တော်ထဲကို ဖိတ်ခေါ်ထားတော့လက်ရှိမှာ လွှတ်တော်ထဲမှာပဲ အရင်တွေ့ဆုံဆွေးနွေးကြဖို့ ဖြစ်နေတယ် ထင်တယ်။
မေး။     ။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားတွေ၊သံဃာတော်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာပြီ ဖြစ်တဲ့အတွက် သူတို့နဲ့ ဆရာတို့နဲ့ဆက်ဆံရေး အခန်းကဏ္ဍကိုကော ဘယ်လိုပြောမလဲ။
ဖြေ။     ။ သူတို့တတွေ အတော်များများ လွတ်မြောက်လာကြတယ်။ ခုချိန်မှာ သူတို့တွေကလွှတ်တော်တွင်း ဒီမိုကရေစီထိုးစစ်မှာ ပါဝင်ခြင်း မရှိပေမယ့် လွှတ်တော်အပြင်ကနေပြီးဝန်းရံ ကူညီတဲ့  ဆီမှာ ပါဝင်ကြမယ်ဆိုတာ ပြောပြီးဖြစ်ပါတယ်။ကျနော်တို့နဲ့လည်း နွေးထွေး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတယ်လို့ ပြောချင်ပါတယ်။
မေး။     ။ အခုအချိန်မှာ အတိုက်အခံနိုင်ငံရေးအင်အားစုတွေအစဉ်တစိုက် တောင်းဆို ဆောင်ရွက်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေးတို့နဲ့ပတ်သက်တဲ့ ပုံသဏ္ဍန်တွေ အခြေအနေတွေ ရှိနေပြီလို့ ဆိုတယ်။ အင်န်အယ်ဒီပါတီကလည်း ဒါကိုရှေ့ကနေ ဦးဆောင်မှုပေးနေတယ်။ ဒါပေမယ့် ကြားဖြတ်ရွေးကောက်ပွဲကာလမှာထဲမှာ ပါတီရဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်ရေးနဲ့ ပတ်သက်ပြီး မိတ္ထိလာနယ်မှာ အထက်က သတ်မှတ်တဲ့ ကိုယ်စားလှယ်လောင်းနဲ့အောက်ခြေအဖွဲ့အစည်းက တင်ပြတဲ့ အမည် တိုက်ဆိုင်မှု မရှိခဲ့ဘူး။ အဲသည်အတွက် မတိုက်ဆိုင်မှု၊သဘောထားကွဲလွဲမှုကို ပါတီတွင်း ပြန်လည်သင့်မြတ်ရေး၊ အဖြေရှာရေး လုပ်ဆောင်မှု ရှု့ဒေါင့်ကနေဘယ်လို ပြောမလဲ။
ဖြေ။     ။ အဲဒါကတော့ ဒီလိုပြောရမယ်။ အဖွဲ့အစည်းတခုရဲ့ ဆုံးဖြတ်ချက်နဲ့ ပေါ်ပေါက်တာတဲ့အခြေအနေပေါ်မူတည်ပြီး ဖြေရှင်းရတယ်လို့ ပြောရမှာပဲ။ အပေါ်က သတ်မှတ်တဲ့ ဦးဝင်းထိန်နဲ့အောက်ခြေက တင်ပြလာတဲ့ ဒေါ်မြင့်မြင့်အေးတို့ ကိစ္စပေါ့လေ။ အဖွဲ့အစည်းတွေမှာ အပေါ်နဲ့အောက်ခြေတို့ကြားထဲ ကွဲလွဲမှုတွေကို ညှိနှိုင်းပြီး ပေါင်းစည်းပြီး ဆက်လက်ဆောင်ရွက်သွားရမှာပေါ့။ဒါကို သင်ခန်းစာယူပြီးတော့ ရှေ့လျောက်ပြီး ပါတီတွင်းမှာလည်း နည်းသည်ထက် နည်းအောင်ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်။ အခုလို ပြောတာကိုလည်း စဉ်းစားစရာတခုအနေနဲ့လက်ခံပါတယ်။
မေး။     ။ ကျေးဇူးတင်ပါတယ်။ ဆရာ တခြားဘာပြောစရာရှိသေးလဲ။
ဖြေ။     ။ အေး။ ကောင်းပါတယ်။ မင်းတို့ ငါတို့ဆီက ထုတ်တဲ့ ဒီလှိုင်း ပါတီစာအုပ်တွေ့ပြီးပြီလား။ဘယ်လိုလဲ။
မေး။     ။ ဟုတ်ကဲ့။ စာမျက်နှာအချို့တော့ တွေ့ရပါတယ်ဆရာ။  အပြည့်အစုံတော့ မတွေ့ရသေးဘူး။ ဖြစ်နိုင်ရင် ကျနော်တို့လိုအပြင်ကလူတွေလည်း လေ့လာခွင့်ရအောင် အီးဘုတ်လေးပါ လုပ်နိုင်ရင် ကောင်းမယ် ထင်တာပဲ။
ဖြေ။     ။ အေး၊ အဲသည်စာစောင်က ပါတီစာစောင်အဖြစ်နဲ့ ထုတ်တင်ပေါ့ကွာ။ ထုတ်ပြီးမှစိစစ်ရေးကို တင်ပြတဲ့ စာအုပ်မျိုးလုပ်နေတယ်။ တပတ်တခါ ထွက်အောင်လုပ်နေရတော့ အားလုံးလည်းအလုပ်များနေကြတယ်။ လူကြီးသတင်းစာသမားတွေအပြင် လူငယ်တွေထဲက ဂျာနယ်၊ မဂ္ဂဇင်းလုပ်တဲ့သူတွေပါဝိုင်းပြီး လုပ်နေကြတာပဲ။
မေး။     ။ ဘယ်သူတွေ ၀ိုင်းလုပ်နေကြတာလဲဆရာ။ နံမယ်တွေကိုရင်းနှီးသွားအောင် ပြောနိုင်မလား။
ဖြေ။     ။ ငါနဲ့ ကိုမိုးသူတို့က အကြံပေး၊ ကိုအုန်းကြိုင်က တာဝန်ခံ အယ်ဒီတာ။လူုငယ်တွေ အများကြီး ၀ိုင်းပါကြတယ်။ ဖျာပုံနီလုံဦး၊ မုံရွာအောင်ရှင်တို့လည်းပါကြတယ်။ နီမိုလှိုင်တို့လို ကလေးမလေးတွေ ပါတယ်။
မေး။     ။ လက်ရှိမှာ ပြည်တွင်းမှာ ထုတ်ဝေနေတဲ့ ဂျာနယ်တွေစာစောင်တွေနဲ့ မတူတဲ့ ပါတီစာစောင်တခုဖြစ်အောင် ဘယ်လိုလုပ်မှာလဲ ဆရာ။
ဖြေ။     ။ ပါတီစာစောင်ဆိုတော့ ဂျာနယ်တွေလို မဟုတ်ဘူး၊ ရောင်းတန်းမဟုတ်ဘူး၊အဖွဲ့ချူုပ်ရဲ့ လှုပ်ရှားမှုတွေ သတင်းတွေ ထည့်တယ်။ အခြားနိုင်ငံရေးသတင်းတွေ လှုပ်ရှားမှုတွေအသံတွေကို ထည့်မယ်လို့လည်း စဉ်းစားတယ်။ ဒေသအလိုက် မြို့နယ်အလိုက်မှာ ရှိတဲ့ နိုင်ငံရေးအခြေအနေတွေ၊သတင်းတွေပေါ့။ ဒေသန္တရဆိုင်ရာတွေပေါ့။ မြန်မာပြည်အနှံ့အပြားမှာရှိတဲ့ နိုင်ငံရေး၊လူမှုရေးဆိုင်ရာ လူပုဂ္ဂိုလ်တွေ၊ နောက်ခံ ရုပ်ပုံလွှာတွေ၊ အကြောင်းအရာတွေကိုလည်းမိတ်ဆက်ပေးချင်တာတွေ ရှိတယ်။ နယ်တွေနဲ့ဆက်သွယ်ပြီး လုပ်စရာတွေ အများကြီး ရှိသေးတယ်။နောက်ပြောကြတာပေါ့။
မေး။     ။ ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts