>Burmese Politics – Playing Chess like a game

>

စစ်တုရင်ပွဲထဲကအဖြူနဲ့ အနက်ရဲ့ ပရိုမိုးရှင်း
စစ်တုရင်သမားတဦး၊ဇန်န၀ါရီ ၂၃၊ ၂၀၁၂
ကျွန်တော်တို့ငယ်စဉ်က စစ်အေးကာလ၊ကွန်မြူနစ်စနစ်တဟုန်ထိုးကြီးထွားနေချိန်၊ဆိုဗီယက်အင်ပါယာနှင့်တရုပ်၊မြောက်ကိုးရီးယား၊မြောက်ဗီယက်နမ်၊အရှေ့ဥရောပနိုင်ငံများက တဖက်၊ အမေရိကန်နှင့်အနောက်ဥရောပ၊ အနောက်ဂျာမဏီ၊တောင်ကိုးရီးယား၊ တောင်ဗီယက်နမ် ..တိုက်ပွဲများဖြစ်နေချိန်၊မြောက်ဗီယက်နမ်ကအမေရိကန်ကိုအနိုင်ရသွားချိန်..မြန်မာပြည်တွင်၊ ဦးနေ၀င်း၏မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဖြင့် ကြားနေနိုင်ငံ (အထီးကျန်နိုင်ငံ) ဘ၀အချိန်ဖြစ်သည်။သို့သော် နိုင်ငံတကာရေးရာစာစောင်ကို မြန်မာအစိုးရကထုတ်ပေးသောကြောင့်ကမ္ဘာ့သတင်းများ သိနေရသည်။
 ထိုအချိန်တွင် စစ်ရေး၊စီးပွားရေးသာမက၊ အားကစားလောကတွင်လည်း ဆိုဗီယက်နှင့်အမေရိကန်တို့ပြိုင်ဆိုင်နေချိန် ကမ္ဘာ့စစ်တုရင်လောကတွင် ဆိုဗီယက်များသာ ဗိုလ်စွဲအနိုင်ယူနေရာမှဘောဘီဖစ်ရှာဟုခေါ်သော အမေရိကန်လူငယ်စစ်တုရင်သမားလေးတဦး ပေါ်ထွက်လာခဲ့သည်။စစ်တုရင်ဗိုလ်လုပွဲတွင် ဆိုဗီယက်မှ လက်ရှိချန်ပီယံ ဘိုရစ်စပတ်စကီနှင့်အကြိတ်အနယ်ပြိုင်ကြသည်။  ၁၂ပွဲ ရက်ရှည်ပြိုင်ကြရသည်။ပွဲအနေအထားကိုမကြိုက်သောကြောင့် အမေရိကန် ဘိုဘီဖစ်ရှာက မပြိုင်ဘဲဆန္ဒပြပြီးထွက်ခွာသွားသောကြောင့် အရှုံးပေးလိုက်ရသည့်ပွဲများရှိသည်။ နောက်ဆုံးတွင်အမေရိကန်ဘိုဘီဖစ်ရှာက ဆိုဗီယက်ချန်ပီယံကို အနိုင်ယူကာကမ္ဘာ့စစ်တုရင်ချန်ပီယံဖြစ်သွားသည်။
 ကျွန်တော်တို့မြန်မာပြည်တွင် လူငယ်အားလုံးနီးပါး ..ထိုအချိန်ကာလက စစ်တုရင်ထိုးကြသည်။စစ်တုရင်အရုပ်ဝယ်ရန် ဈေးကြီးသောကြောင့် အပြားများအပေါ် ဘုရင်၊ ဘုရင်မ၊ မြင်း၊ဘစ်ရှော့၊ ရဲတိုက်၊ ပွန်း… စသဖြင့် စက္ကူအရုပ်များကပ်ပြီး ကစားကြရသည်မှာအကြိတ်အနယ်ဖြစ်ပါသည်။
   ယခု ..မြန်မာနိုင်ငံတွင်သမ္မတဦးသိန်းစိန် (လက်ရှိချန်ပီယံ) ကြံ့ဖွံ့ ပါတီ နှင့် ဒေါ်အောင်ဆန်းစုကြည်(စိမ်ခေါ်သူ) အင်န်အယ်ဒီပါတီတို့ ၂၀၁၁ခုနှစ် ဖေဖေါ်ဝါရီလမှ စပြီးစစ်တုရင်ပြိုင်ပွဲကျင်းပနေပြီဖြစ်သည်။ အခြေခံဥပဒေအတိုင်းသာ သွားမည်ဆိုပါက၄နှစ်အကြာ နောက်တခါရွေးကောက်ပွဲအပြီးတွင် အရှုံးအနိုင်ပေါ်မည်ဖြစ်သည်။
 လက်ရှိအခြေအနေတွင်အဖြူရောင်ကိုရရှိထားသော ကြံ့ဖွံ့အစိုးရက ဖွင့်ကတည်းက ပါဝါကြီးသော ရဲတိုက်၊ဘစ်ရှော့၊ မြင်းများကို ရှေ့သို့ထုတ်ပြီး ဟန်ရေးပြနေသည်။ လှပစွာခုန်ပျံကျော်လွှား၊ကစားပြသောကြောင့် ပွဲကြည့်ပရိတ်သတ် ပြည်သူများ၊နိုင်ငံတကာများအတွက် အထင်ကြီးစရာဖြစ်နေသည်။ ဘုရင်ကြီးက အလယ်ခေါင်မှပင်ရှေ့နောက်လှုပ်ရှားပြနေသည်။ 
အနက်ရောင် အင်န်အယ်ဒီကလည်းခေသူမဟုတ်။ ပွန်း (နယ်ရုပ်)များဖြင့် ကာကွယ်ကာ အကြိတ်အနယ်ယှဉ်ပြိုင်နေသည်။နယ်ကွက်များ ရွှေ့ပုံသည် အဆင့်မြင့်လှသည်။ ဘုရင်မက အထူးလှုပ်ရှားပြနေသည်။ ပွဲကလည်း တဖက်သတ်မဟုတ်သောကြောင့် နိုင်ငံတကာကလည်း စိတ်ဝင်စားသလို၊ ပြည်တွင်းမှနိုင်ငံသားပရိသတ်များကလည်း အလွန်စိတ်ဝင်တစားကြည့်ရှုကြသည်။
အားကြီးသောအဖြူရောင်ကြံ့ဖွံ့၏ရွှေ့ကွက်များက အင်န်အယ်ဒီ အနက်ရောင်ပွန်းများ၊ မြင်း၊ ဘစ်ရှော့များကိုစားပစ်နိုင်စွမ်းရှိသော်လည်း မစားဘဲ၊ ပွဲကြည့်ကောင်းအောင်လျှော့ကစားပြနေပါသည်။  ပွဲကြည့်ပရိတ်သတ်များ အကျိုးအတွက်ကြည့်ကောင်းသောပွဲဖြစ်အောင် ကြံဖွံ့က အနက်ရောင်အင်န်အယ်ဒီအသင်းကို တွဲခေါ်ပြီး၊ကစားနေသည်ကိုတွေ့ရပါသည်။
 မည်သို့ပင်ဖြစ်စေ ..စစ်တုရင်ပွဲတွင် သရေရှိသော်လည်း၊ နိုင်ငံရေးပွဲတွင် ရွေးကောက်ပွဲပြီးပါကပါတီတစ်ခုက အနိုင်ရမှဖြစ်ပေမည်။  စစ်တုရင်ပွဲကြည့်ရှုသူအများစုက အားနည်းသောအင်အယ်ဒီဖက်သို့ အားပေးကြသည်။  အင်အယ်ဒီကလည်း တဖြေးဖြေး ပေးထားသောအခြေအနေမှတကွက်ပြိးတကွက် လှပစွာ၊ ခုခံကစားနေပါသည်။ ကြံဖွံ့အစိုးရ လှပစွာကစားပြနေပြီး…ပြိုင်ပွဲကြည့်သူများ ပိုမို အားတက်လာက၊ ပြိုင်ပွဲကဲ့သို့သဘောမထားတော့ဘဲစစ်တုရင်ပရိုမိုးရှင်း အလှကစားပွဲသဘောမျိုးဖြစ်နေသည်။ ၂ဖက်စလုံး စစ်တုရင်အကောင်များအကျအရှုံးမရှိဘဲ လှပစွာကစားနေကြသည့် စစ်တုရင်ပွဲဖြစ်ပါသည်။
နောက်၎နှစ်အကြာတွင်ရွေးကောက်ပွဲတဖန်လုပ်သောအခါ ကြံဖွံ့ နှင့် အင်အယ်ဒီ ပါတီ၂ခု အကြိတ်အနယ်ပြိုင်ရမည်။ထိုအခါ ကြံဖွံ့ကပဲ တဖက်သတ်အနိုင်ရသွားမလား၊ အကွက်ကောင်းများဖြင့် အခြေခိုင်သွားသောအင်အယ်ဒီပါတီက မမျှော်လင့်ပဲ ကြံဖွတ်ကို တဖြေးဖြေးနိုင်မလား၊ တချီထဲ “ချက်”ဆိုပြီး ကြံဖွတ်ကို အလဲထိုးအနိုင်ယူမလား.. သို့မဟုတ် ကြံ့ဖွံ့ ကပဲ အင်အယ်ဒီကိုတ၀က်တပြက်တွင် အင်အားသုံးပြီး “ချက်” ကနဲ အလဲပြန်ထိုးအနိုင်ယူသွားမလား..စောင့်ကြည့်ရပေမည်။
 မြန်မာ ခေတ်ပြောင်းပြုပြင်ပြောင်းလဲမှုအာဏာပြိုင်ဆိုင်ရေးကို ဆက်လက်စောင့်ကြည့်ရာတွင် ညစ်ပတ်သောပါတီမရှိပဲ ရိုးသားစွာကစားသော ပွဲတခုအဖြစ်သာ မြင်လိုပါသည်။
( ၁၉-ဇန်-၂၀၁၂)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts