>Tu Maung Nyo -Transparantand Equal Direct Invitation Needed

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

တိုင်းသိပြည်သိ တန်းတူရည်တူ တိုက်ရိုက်ဖိတ်ခေါ်မှုကစတင်ရမယ်
တူမောင်ညို ။ ဇန်န၀ါရီ ၂၀၊ ၂၀၁၂
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ တွေ့နေရာကနေ“ဒီမိုကရေစီအင်အားစု”တွေဘက်ပါ ဦးလှည့်လာတယ်။
သဘောထားနဲ့လုပ်နည်းလုပ်ဟန်က “ခရီးသွားဟန်လွဲ ကြုံတုန်းတွေ့ကြရအောင်အသင့်ပြင်ထားကြ”ဆိုတာကို အကျိုးဆောင် (ကြားပွဲစား)က တဆင့် နှုတ်နဲ့ကမ်းလှမ်းတာမျိုးဖြစ်နေပါတယ်။
သဘောရိုးနဲ့ နိုင်ငံရေးပြဿနာတွေကိုနိုင်ငံရေးနည်းအရတန်းတူရည်တူ ဖြေရှင်းဆွေးနွေးလိုတယ်ဆိုရင်ဖြင့် (သတင်းစာ၊ ရေဒီယို၊ရုပ်သံ) နိုင်ငံပိုင် မီဒီယာတွေကနေ တာဝန်ရှိသူကိုယ်တိုင် တာဝန်ရှိရှိ ကမ်းလှမ်းရမှာပါ။
၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်၊ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့တဲ့ကြေညာချက်အမှတ် (၁/၂၀၁၁) “ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” ဆိုတဲ့ ဖိတ်ခေါ်ချက်ဟာ“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ” ကို ဦးတည်ချက်ထားရှိတာဖြစ်ပါတယ်။
“ဒီမိုကရေစီအင်အားစု” တွေကို ဦးတည်ဖိတ်ခေါ်လိုတယ်ဆိုရင်တိုင်းသိပြည်သိ ကြေညာချက်ထုတ်ပြန် ဖိတ်ကြားရမှာဖြစ်ပါ တယ်။ ဒါဟာ ပထမဆုံးလိုအပ်ချက်ဖြစ်ပါတယ်။
  တကယ်တော့ “ဒီမိုကရေစီအင်အားစု”ဆိုတာဟာ “၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီး”ကနေ မွေးဖွားလာတဲ့ “၈၈ မျိုးဆက်နိုင်ငံရေးအင်အားစု”ဖြစ်ပါတယ်။“ဒီမိုကရေစီအင်အားစု”ထဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ကတော့ လက်နက်ကိုင်ထားတဲ့ “၈၈ မျိုးဆက်နိုင်ငံရေးအင်အားစု” ပဲဖြစ်ပါတယ်။
“၈၈မျိုးဆက်နိုင်ငံရေးအင်အားစု”တွေဟာလက်တွေ့လှုပ်ရှားမှုတွေအရပြည်တွင်းပြည်ပ ကွဲကွာနေပေကြမယ့်၊ “ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ဒီမိုကရေစီရေးနဲ့တန်းတူသွေး စည်းညီညွတ်ရေး” ဘုံရပ်တည်ချက်ကတော့ တစ်ခုတည်းသာဖြစ်ပါ တယ်။
 စစ်ဆိုတာ နိုင်ငံရေးရဲ့အဆက်ဖြစ်တယ်။ ပြည်တွင်းစစ်ဆိုတာ ပြည်တွင်းနိုင်ငံရေးပြဿနာရဲ့အဆက်ဖြစ်ပါတယ်။
 ပြည်တွင်းနိုင်ငံရေးပြဿနာဆိုတာ လွတ်လပ်ရေးသက်တမ်းနဲ့အမျှရှည်ကြာခဲ့ရတဲ့ ဒီမိုကရေစီနဲ့တန်းတူရေးမရှိတဲ့နိုင်ငံရေး ပြဿနာဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့တန်းတူမှုမရှိတဲ့အခါမှာ ညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးပျက်ပြားရပြီးတိုင်းပြည်နဲ့ လူမျိုးပေါင်းစုံ ပြည်သူ တွေ အဘက်ဘက်က ထိခိုက်နစ်နာခဲ့ရတယ်။ ဒါတွေအားလုံးကို“ပြည်တွင်းစစ်” ဆိုတဲ့စကားလုံးနဲ့စုစည်းဖေါ်ပြထားပါတယ်။  ပြည်တွင်း စစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့တန်းတူသွေးစည်းညီညွတ်ရေးဆိုတာလူမျိုးပေါင်းစုံပြည်သူများ နှစ်နှစ်ကာကာ လိုလားနေတဲ့ ဆန္ဒဖြစ်ပါတယ်။
ဒါကြောင့် တည်ရှိနေတဲ့ နိုင်ငံရေးပြဿနာတွေကို သဘောရိုးဖြင့်ဖြေရှင်းလိုတယ်၊အဖြေရှာလိုတယ်ဆိုရင်ဖြင့် တန်းတူ ရည်တူသဘောထားနဲ့တိုက်ရိုက်ကမ်းလှမ်း၊ ဖိတ်ခေါ်ဖို့ပထမအချက်အနေနဲ့လိုအပ်လှပါတယ်။ တဆင့်ခံနှုတ်နဲ့ပြောဆိုတာဖိတ်ကြား တာ ဟာဖြင့် အပြန်အလှန်အသိအမှတ်ပြုမှုကိုထိခိုက်စေပါတယ်။ကျိုးကြောင်းဆီလျော်မှုမရှိပါဘူး။ ဒါ့အပြင် “ဖိတ်ခေါ်မှု” ကိုယ်၌က တစ်ဖက် သတ်နှိမ့်ချဆက်ဆံတဲ့သဘောထား ထင်ရှားပေါ်လွင်နေပါတယ်။
တဆင့်ခံပွဲစားကနေနှုတ်နဲ့မှာလို့ “တိုင်းပြည်နဲ့ လူမျိုးစုံပြည်သူအကျိုးအတွက်ရည်ရွယ်ပြီး” သဘောရိုးနဲ့ သွားတွေ့ကြသူတွေကို “ချာတိတ်”တွေလို့ သဘောထားပြီး ၊ အိမ်ပြန်လာခဲ့ကြဆိုတဲ့ “လက်ချာရိုက်” သွားတာမျိုးတော့လည်း ဘယ်ဖြစ်သင့်မှာလဲ။
ဘယ်နည်းနဲ့ခေါ်ခေါ်၊ ခေါ်တုန်းသွားလိုက်မယ်၊ မူနေလို့မဖြစ်ဘူးဆိုတဲ့ရောင်းသူဝယ်သူ အသံတူနေကြတာမျိုးဆိုရင်တော့ မည်သို့မျှမှတ်ချက်ပေးစရာမရှိပါ။
တန်းတူရည်တူဆွေးနွေးလိုတယ်ဆိုရင်ဖြင့် တိုင်းပြည်နဲ့ပြည်သူကိုတည်ကြည်စွာအသိပေးပြီးတန်းတူရည်တူ၊ တိုက်ရိုက် ဖိတ် ကြားတဲ့အဆင့်က စတင်ရပါလိမ့်မယ်။
ပြီးမှ သင့်တော်တဲ့နေရာမှာ နှစ်ဦးနှစ်ဖက်အပြန်အလှန်တွေ့ဆုံကြပြီးစကားပြောဆိုမှုတွေ တဆင့်ပြီးတဆင့်စတင်ရမှာပါ။

(Photographby: Soe Zeya Tun, Reuters)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts