>Shwe Pyi Soe – Shwe Nya Wah Sayadaw and Regime’s Monks Authority
>
ရွှေည၀ါဆရာတော်ဆရာတော်အတွက်သာဓုခေါ်ဆိုခွင့်
ရွှေပြည်စိုး၊ ဇန်န၀ါရီ၁၆၊ ၂၀၁၂
       ကြည့်မြင်တိုင်၊သာဓုကျောင်းတိုက်မှဆရာတော် ဦးပညာသီဟ အား“ သံဃာအဖွဲ့များ၏ အဆုံးမကို မနာခံသူ” ဟု ၄၇ပါးစုံညီအစည်းအဝေးက ဆုံးဖြတ်ကြောင်း နဲ့ “လူဝတ်လဲရန်၊ကျောင်းမှထွက်ခွါရန်မဟန ၏ခွင့်ပြုချက်မရဘဲကျောင်းတိုက်တွင် မည်သည့်သင်တန်းမှ ဖွင့်လှစ်ခြင်းမပြုရန်”ဟူသော ၁၂-၁၂-၂၀၁၁ ပါညွှန်ကြားချက်ကို ၁၅-၁၂-၂၀၁၁ နေ့ထုတ် ဧရာဝတီ၊ မဇ္ဈိမ အင်တာနက် သတင်းစာမျက်နှာများမှာတွေ့လိုက်ရပါတယ်။
အငြိုးကြီးလှချိ၊ သဘောထားသေးလှချိ
မဟန (နိုင်ငံတော် သံဃမဟာနာယက) အဖွဲ့က ဘာကြောင့်ခုလို ပြင်းထန်တဲ့ညွှန်ကြားချက်တွေ ထုတ်ရသလဲလို့  ဆက်လက်လေ့လာတဲ့အခါ ဆရာတော်ဦးပညာသီဟ ဟာတရားဟောခွင့်တနှစ်(၁၀၊ ဖေဖေါ်ဝါရီ၊ ၂၀၁၁ မှ ၉၊ ဖေဖေါ်ဝါရီ၊ ၂၀၁၂) ပိတ်ထားတာကို မလိုက်နာဘဲ တရားဟောလို့ခုလို အရေးယူတာလို့သိရပါတယ်။
၁၅-၁၁-၂၀၁၁ နှစ်တွင်မန္တလေး NLD ရုံး၌ “ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ” ကျင်းပစဉ် ဆရာတော်က သြ၀ါဒ ဆုံးမစကားပြောကြားတာကိုတရားဟောတာလို့ မန္တလေး မဟန က မှားယွင်းစွာ သတင်းပို့တာဖြစ်တယ် လို့ ဦးပညာ သီဟက ဆိုထားပါတယ်။ (မဇ္ဈိမ၊ ၁၅-၁၂-၂၀၁၁)
အနာပေါ် တုတ်ကျလို့ နာတာကိုး
ဆရာတော်ဦးပညာသီဟ အားတရားဟောခွင့်ပိတ်တဲ့၊ကျောင်းကနှင်ထုတ်တဲ့၊ လူဝတ်လဲခိုင်းတဲ့အကြောင်းကို လေ့လာတဲ့အခါဆရာတော်ဟောကြားတဲ့တရားတွေမှာ အရပ်သား ဟန်ဆောင်နေတဲ့ ကြံ့ဖွတ်စစ်အစိုးရ အာဏာပိုင်တွေကို ထိပါးစေနိုင်တဲ့ အသုံးအနှုန်းတပိုင်းတစ ပါသွားတာဖြစ်ကေါင်းဖြစ်နိုင်ပါတယ်။ အဲဒီအတွက်အနာပေါ် တုတ်ကျလို့ နာသလို
နာပြီး မဟန ကို ခုတုံးလုပ်ခါ ဦးပညာသီဟ ဘ၀ပျက်အောင် ညွှန်ကြားချက်ထုတ်ခိုင်းတာဖြစ်သလိုမဟနဆရာတော်ကြီးများ ကလည်း မဆန်းစစ်ဘဲ အထက်ကခိုင်းတာ လုပ်ချလိုက်တာဖြစ်နိုင်ပါတယ်။
ဆရာတော်ဦးပညာသီဟရဲ့၁၆-၁၂-၂၀၁၁ နေ့စွဲပါအသနားခံစာနဲ့ ပတ်သက်လို့ ဘယ်သူမှ အကြောင်းမပြန်တာဟာ မဟန နဲ့ ကြံ့ဖွတ်စစ်အစိုးရအာဏာပိုင်တို့ပူးပေါင်းအားထုတ်မှုဟာ မှားယွင်း နေကြောင်းသတိရလာလို့ ဘာမှမတုံ့ပြန်ဘဲ ရှက်ရှက်နဲ့ ရေငုံနေတာဖြစ်နိုင်သလိုဦးပညာသီဟကို အခြားနည်းနဲ့ နောက်ထပ်ဒုက္ခပေးဖို့ အကြောင်းရှာ၊ အကြံထုတ်နေတာလည်း ဖြစ်နိုင်ပါတယ်။စောင့်ကြည့်ရမှာပါ။
အထက်ဖေါ်ပြပါ ပုဂ္ဂိုလ်များအပြင်အခြားသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်အမြောက်အများရဲ့ ဝေဖန်၊ပြစ်တင်သံတွေ ရှိကြောင်းလည်းကြားသိရပါတယ်။
မရိုးသားတဲ့ စစ်အစိုးရ
ဒီသတင်းနဲ့ပတ်သက်လို့အစိုးရသတင်းစာတွေမှာ မဖေါ်ပြသလို ပုဂ္ဂလိက ဂျာနယ်တွေလည်း လုံးဝဖေါ်ပြခွင့်မပြု၊ ခွင့်ပြုချက်မရဘဲဖေါ်ပြပါက ထိထိရောက်ရောက် အရေးယူမှာဖြစ်တယ်လို့ သိရပါတယ်။(ဧရာဝတီ၊ ၁၉-၁၂-၂၀၁၁)
အစိုးရက အဆိုပါသတင်းကိုအမှောင်ချခိုင်းထားတာဟာ ဒီကိစ္စမှာ အစိုးရကိုယ်တိုင် ပါဝင်ပတ်သက်နေတာ၊ မရိုး
သားတာ၊ မြန်မာပြည်မှာ သတင်းမီဒီယာလွတ်လပ်မှု မရှိဘူးဆိုတာ သက်သေပြတာဖြစ်ပါတယ်။ ဒါဟာစစ်အာဏာရှင်တွေရဲ့ သမရိုးကျ လုပ်ရပ်တွေဖြစ်ပါတယ်။ သူတို့က “ အရပ်သားအစိုးရလို့ပြောနေပေမယ့်လုပ်ရပ်တွေက အရင် န၀တ၊ နအဖ စစ်အစိုးရအာဏာရှင်တွေရဲ့လုပ်ရပ်အတိုင်းဖြစ်နေတယ်။
ခုလက်ရှိ ကြံ့ဖွတ်အစိုးရအဖွဲ့ထဲပါဝင်သူတွေထဲမှာ အရပ်သားဆိုလို့ တစ်ရာခိုင်နှုန်း (၁%) လောက်ကလွဲရင်  ကျန်အားလုံးဟာ အရင်က စစ်အရာရှိကြီးတွေနဲ့စစ်ဗိုလ်လူထွက်တွေချည်း ဖြစ်နေပါတယ်။
ဒါလား သတင်းမီဒီယာ လွတ်လပ်ခွင့် ရှိလာပြီ ဆိုတာ
အရပ်သားဟန်ဆောင် ကြံ့ဖွတ်စစ်အစိုးရကပြည်တွင်းစာနယ်ဇင်းတွေကို အရင် စစ်အာဏာရှင်တွေအချိုးအတိုင်း ထိန်းချုပ်ထားတာဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ရှိလာပြီလို့ပြောရမှာလား။ ပြည်တွင်းမီဒီယာကိုချုပ်ကိုင်လို့ရပေမဲ့ ပြည်ပရှိမီဒီယာ ကိုတော့ချုပ်ကိုင်လို့မရဘူးဆိုတာခု ဦးပညာသီဟရဲ့ သတင်းက သက်သေခံနေပါတယ်။ ဦးပညာသီဟ သတင်းဟာ မိနစ်ပိုင်းအတွင်းမှာ တကမ္ဘာလုံးပျံ့နှံ့သွားပါတယ်။ ပြည်တွင်းမှာလည်း လူသတင်းလူချင်း ဆောင် တာကြောင့်  နာရီပိုင်းအတွင်းမှာ ရန်ကုန်၊ မန္တလေး အထိပျံ့နှံ့သွားပါတယ်။(ဧရာဝတီ၊ ၁၉-၁၂-၂၀၁၁)
သိကုန်ပြီ ၊ လာကြပြီ ပြည်သူတွေ
စစ်အာဏာရှင်တွေက ပြည်တွင်းသတင်းမီဒီယာကိုပိတ်လို့ရပေမယ့် ပြည်သူတွေရဲ့ပါးစပ်ကိုတော့ပိတ်လို့မရပါ။ ဦိးပညာသီဟအပေါ် မဟန နဲ့စစ်အစိုးရရဲ့မူမမှန်သောလုပ်ရပ်ကြောင့် ဗုဒ္ဓဘာသာဝင်သူတော်စင်များက မခံမရပ်နိုင်ဖြစ်လာ ခဲ့ကြပါတယ်။ ဒါ့ကြောင့်အခြေအနေပိုပြီးမတင်းမာလာစေရန် NLD မှ ဦးတင်ဦး၊ ဒေါက်တာမေ၀င်းမြင့်တို့ ဦးဆောင်သောအဖွဲ့က၄င်းကိစ္စအတွက် သွားရောက်ညှိနှိုင်းဆွေးနွေးကြပါတယ်။ ဆရာတော်အတွက် စိုးရိမ်ကြတဲ့ တပည့်သံဃာများ၊ဒါကာ၊ဒါကာမများလည်း ကျောင်းတိုက်သို့ရောက်ရှိလာကြရာ ဆရာတော်က “စိတ်အေးအေးထားကြဖို့၊ငြိမ်းချမ်းစွာဖြေရှင်းမယ်”လို့မိန့်ကြားတဲ့အတွက် အားလုံးစိတ်သက်သာရကြောင်း သိရပါတယ်။ (မဇ္ဈိမ ၊ ၁၅/၁၆-၁၂-၂၀၁၁)။
ရွှေည၀ါ ဆရာတော် အသနားခံစာတင်။
ဆရာတော်က ၄င်းအား“ အရေးယူမှုကိုပြင်ဆင်ပေးရန်၊ သာဓုကျောင်းတိုက်တွင် ဆက်လက်သီတင်းသုံးခွင့်ပြုကာ သာသနာပြုလုပ်ငန်းများလုပ်ကိုင်ခွင့်ပြုရန်၊နှင့်ထေရ၀ါဒထုံးတမ်းနှင့်အညီ ဆရာတော်ကြီးများး၏ဆုံးမသြ၀ါဒကိုခံယူမည် ဖြစ်ကြောင်း” ရဟန်းနှင့်ပြည်သူ(၁၀,၀၀၀)ကျော် လက်မှတ်နှင့်အတူ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့သို့ ၁၆-၁၂-၂၀၁၁ က အသနားခံစာ ပေးပို့ခဲ့ကြောင်းသိရပါတယ်။(မဇ္ဈိမ ၊ ၁၆-၁၂-၂၀၁၁)။
ဝေဖန်ကြပြီ မဟန နဲ့ ကြံ့ဖွတ်စစ်အစိုးရကို
(က) ဆရာတော် ဦးပညာဇေါတ။
ဆရာတော်ဦးပညာဇေါတက“အာဏာရှင် မဟန ပြောင်းလဲသင့်ပြီလော” ဟူသောခေါင်းစဉ်ပါဆောင်းပါးတပုဒ်ဖြင့် မဟန မရှိသင့်တော့ကြောင်းဝေဖန်ရေးသားထားတာတွေ့ရပါတယ်။ ( ပြည်သူ့အမြင်စာစဉ် PV-134,Jan-2012 )
ဆရာတော်ကပြောကြားရာမှာ- ၁၉၈၀-၁၉၈၁ ခုနှစ်က အာဏာရှင် ဦးနေ၀င်းခေတ်မှာဆရာတော်ကြီးများက ကန့်ကွက်သည့်ကြားက“သာသနာဖျက်မည့် သံဃာအတုတွေပေါ်ပေါက်” ဟူသော လုပ်ကြံသောအကြောင်းပြချက်နဲ့ သံဃာ့အဖွဲ့အစည်းကိုအဓမ္မ ဖွဲ့စည်းခဲ့ကြောင်း။
မဆလအစိုးရဟာ ရာထူးမက်မောသည့်မဟန ဆရာတော်အချို့ကို အသုံးပြုလျက် ညွှန်ကြားချက်ထုတ်စေပြီး ကျောင်းထိုင်ဆရာတော်များကတဆင့်ထိန်းချုပ်စေကာသံဃာချင်း တိုက်ပေးခဲ့ကြောင်း၊
အာဏာရှင်အစိုးရအဆက်ဆက်ဟာမဟန အဖွဲ့ကို မြေမှု၊ကျောင်းမှု၊ ပါရာဇိက အမှုတွေမှာ ကမ္ဘာအေးရှိ သာသနာရေးဦးစီးဌာနက လူပြန်တော်ပွဲစားများကတဆင့်လာဘ်စားတတ်အောင်သင်ပေးခြင်းဖြင့် ငွေများတရားနိုင် တဲ့အဖွဲ့ အဖြစ်သို့ရောက်ရှိစေခဲ့ကြောင်း၊
“ နိုင်ငံတော်ကနေပြီးပြည်ပကို သာသနာပြုလွှတ်ရန် ” ဆိုတဲ့ရည်ရွယ်ချက်ကောင်းနဲ့ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်(နပသ) တွေဖွင့်ထားသော်လည်း အရည်အချင်းမပြည့်စုံမှု၊ အာဏာရှင်စနစ်ပမာအုပ်ချုပ်မှု၊ စာသင်သံဃာတော်များလိုအပ်ချက် မဖြည့်ဆည်းနိုင်မှု စတဲ့အကြောင်းများကြောင့် (၂၇)နှစ်ကြာသည့်တိုင် ပြည်ပသာသနာပြုတွေမလွှတ်နိုင်သေးကြောင်း၊
မဟန အဖွဲ့ဟာ သာသနာ့အကျိုး၊သံဃာ့အကျိုးကိုမဆောင်ရွက်ပဲအာဏာရှင်တို့ရဲ့ အကျိုးဆောင် လက်ကိုင်တုတ်ဖြစ်ကါ အာဏာရှင်အစိုးရတွေပုံစံမျိုးစုံပြောင်းသွားသော်လည်းမဟနအာဏာရှင်ကတော့ မပြောင်းလဲသေးကြောင်း၊
၂၀၀၇ ခုနှစ် သံဃာအရေးအခင်းမှာမဟန အဖွဲ့ကြီး ရှိနေပါလျက်နဲ့ ကျောင်းတိုက်တွေဝင်ရောက်စီးနင်းတာ၊ သံဃာတော်တွေကို ဖမ်းဆီးနှိပ်စက်၊သတ်ဖြတ်တာ၊ ထောင်ချခံရတာတွေမှာ မဟနဟာ သံဃာတော်များဘက်မှ ဘာမှ လုပ်မပေးတဲ့အပြင် ကြခတ်ဝိုင်းဆရာတော်ဦးဇောတိပါလ (ဖေဖေါ်ဝါရီလ-၁ရက်-၂၀၁၁ ပျံလွန်တော်မူ) လို ရာထူးတည်မြဲရေးအတွက် စစ်အာဏာရှင်တွေဘက်ကတောင်ရပ်တည်ပြီး ဆောင်ရွက် ဟောပြောပေးတာတွေ့ရကြောင်း၊
အစိုးရက သံဃာချင်းမသင့်မြတ်အောင် လူပြန်တော်များကိုအမိန့်ညွှန်ကြားလွှာ ရေးခိုင်းပြီး မဟနကို လက်မှတ်ရေးထိုး စာထုတ်ခိုင်းတယ်၊ မဟန အဖွဲ့ကလည်းအဖြစ်မှန်ကိုအသေအချာမစစ်ဆေးဘဲ အာဏာတည်မြဲရေး အတွက် ခိုင်းတာလုပ်ပေးကြောာင်း၊
သာသနာထွန်းကားတဲ့ မြန်မာနိုင်ငံမှာဘက်မလိုက်တဲ့၊ အမှန်တရားဘက်ကရပ်တည်တဲ့၊ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ သံဃာ့အဖွဲ့အစည်းကြီးတခုရှိသင့်ကြောင်း၊ ၄င်းအဖွဲ့ဟာ အဂတိလေးပါးကင်းပြီး မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၊မည်သည့်အစိုးရလက်အောက်ခံမှမဟုတ်ဘဲ သာသနာတော်အတွက်လွတ်လပ်စွာလုပ်ကိုင်နိုင်တဲ့၊ လုပ်ပိုင်ခွင့်ရှိတဲ့အဖွဲ့ဖြစ်ဖို့လိုအပ်ကြောင်း၊ ဒီလိုအဖွဲ့ဖြစ်ဖို့ ရဟန်းတော်များကိုယ်တိုင်၊ စိတ်ကြိုက်ရွေးချယ်တင်မြှောက်ဖို့လိုအပ်ပါတယ်။အစိုးရ၊ ဒါယကာ၊ ဒါယိကာမများဟာ ထောက်ပံ့လှူဒါန်း ကူညီသူများအနေနှင့်သာရှိသင့်ကြောင်း၊
ဆရာတော်ကနိဂုံးချုပ်တင်ပြရာမှာ―လက်ရှိ မဟနအဖွဲ့ အနေနဲ့ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင်၊ စစ်အာဏာရှင်တွေ ခိုင်းတာလိုက်လုပ်ပေးနေမယ်ဆိုရင် သာသနာတော် မတိုးတက်ဘဲ ဆက်လက်ဆုတ်ယုတ်သွားမှာသေချာကြောင်း၊ သာသနာတော်ကိုလူတွေအထင်သေးလာနေကြောင်း။
ဒါကြောင့် အာဏာရှင်မဟနအဖွဲ့ မရှိသင့်တော့ပြီ ဟု ထင်မြင်ကြောင်းနဲ့ သာသနာအကျိုးကို အမှန်တကယ် ကာကွယ်စောင့်ရှောက်၊ထိန်းသိမ်း၊ဆောင်ရွက်လိုတဲ့၊ စစ်မှန်တဲ့ မဟနအဖွဲ့ ကို ကြိုဆိုထောက်ခံမည်ဖြစ်ကြောင်းဆရာတော် ဦးပညာဇောတက ရှင်းလင်းတင်ပြထားပါတယ်။
(ခ) Albany မှ ဆရာတော် ဦးဣသရိယ ။
ဆရာတော်ဦးဣသရိယ ၏သဘောထားမှာ―ရွှေည၀ါဆရာတော် ဦးပညာသီဟ ရဲ့ သာသနာပြုလုပ်ငန်းတွေဟာ အင်မတန်ကို သူတော်ကေါင်းပီသပြီး လူသာဓုခေါ်၊နတ်သာဓုခေါ်တဲ့အလုပ်မျိုးဖြစ်ကြောင်း၊ သူဟောတဲ့တရားတွေက ဓမ္မဖြစ်သလား၊ အဓမ္မဖြစ်သလား၊ အများပြည်သူကိုအကျိုးပြုသလား၊ မပြုဘူးလား ဆိုတာ ပထမဆုံး စိစစ်ရပါမယ်၊
သူ့ရဲ့တရားတွေဟာ ညီညွတ်ရေးကိုရှေ့ရှုတယ်၊ဗမာပြည်မှာဖြစ်နေတဲ့ စစ်ဘေးစစ်ဒဏ်တွေ ငြိမ်းချမ်းရေး၊ ပြည်သူတွေ ချမ်းသာရေးအတွက် သြ၀ါဒပေးခြင်းဖြစ်လို့လုံးဝအပြစ်မရှိကြောင်း၊
သိက္ခာပုဒ်ကိုကျုးလွန်တဲ့ရဟန်းတောင်မှာ သိမ်ထဲမှာသွားပြီး ရဟန်းတွေက ကမ္မ၀ါစာ တွေနဲ့ သုံးကြိမ်သုံးခါ ဆုံးမရမှာဖြစ်ကြောင်း၊ခုဟာက ခေါ်ယူဆုံးမခြင်းမရှိဘဲ စာတတန်ပေတတန်နဲ့ သံဃာကို နှင်ထုတ်ခြင်းက ၀ိနည်းတော်နဲ့လုံးဝမညီကြောင်း
ဆရာတော်ကြီးများဟာ သတိမေ့လျော့ပြီးဘက်လိုက် ဆောင်ရွက်ခြင်းဖြစ်၍ ဒီလိုအမှားမျိုးကို သာသနာတော်အတွက် မကျုးလွန်ဖို့ရိုသေစွာလျောက်ထားကြောင်း၊
ရွှေည၀ါဆရာတော်ရဲ့ သာသနာပြုလုပ်ရပ်မှန်ကန်တဲ့အတွက် ဒကါ၊ဒကါမများရဲ့ကြည်ညိုလေးစားခြင်း ၊ အဖွဲ့အစည်းများရဲ့ကြည်ညိုလေးစားခြင်းခံရကြောင်း၊ဒါပေမယ့် အစိုးရပိုင်းမှာရော၊ သံဃနာယကအပိုင်းမှာရော မနာလိုတဲ့ပုဂ္ဂိုလ်တွေ ရှိမယ်ဆိုတာကိုဆရာတော်ကြီးများကသိသိနဲ့ ထုတ်တဲ့အမိန်စာအတွက် သူတို့ကိုယ်တိုင် တောင်းပန်သင့်တယ်လို့ယူဆကြောင်း၊
သံဃာတပါးကို သူနေတဲ့ကျောင်းမှာမနေနိုင်အောင်လုပ်တာဟာ သံဃာညှဉ်းဆဲတဲ့၊ ကြီးမားတဲ့ကိစ္စဖြစ်လို့ဒီကိစ္စကို ဆောင်ရွက်တဲ့လူပုဂ္ဂိုလ်ရော ရဟန်းသံဃာတွေရော ၀န်မချ၊ မတောင်းပန်ရင် အင်မတန်ကြီးတဲ့အပြစ်ဖြစ်ကြောင်း၊
ဒီကိုသတိရပြီး အကေါင်းဆုံးဖြစ်အောင်ဝန်ချပြီး ရုပ်သိမ်းစာထုတ်ဖို့ လိုအပ်ကြောင်း RFA နဲ့ဆွေးနွေးခန်းမှာ ထည့်သွင်းဆွေးနွေးသွားကြောင်း သိရပါတယ်။
(ဂ) ပြည်ပရောက် ရဟန်းတော်များ ။
ပြည်ပရောက်ရဟန်းတော်များကဆရာတော်ဦးပညာသီဟကို ခုလိုအပြစ်မဲ့လုပ်နေခြင်းကို ကန့်ကွက်ကြောင်း၊ သာသနာဘက်က ရပ်တည်မည့်စစ်မှန်သောသံဃာ့မဟာနာယကအဖွဲ့ကြီး ပေါ်ပေါက်လာစေရန်ကြေညာချက်တစောင် ထုတ်ပြန်လိုက်ကြောင်း၊
၎င်းကြေညာချက်တွင် “ နိုင်ငံတော်တ၀ှမ်းရှိသံဃာတော်များ လွတ်လပ်စွာ တရားဟောပြောခွင့်၊ တကါ၊ တကါမများ၏ ဖိတ်ကြားမှုကိုလက်ခံခွင့်၊အခြားကျောင်းတိုက်များ၌ သီတင်းသုံးခွင့်များကို အာမခံချက်ပေးနိုင်သည့် သံဃမဟာနာယက အဖွဲ့ပေါ်ပေါက်ရန်၊ယင်းသို့သော အဖွဲ့ကိုလည်း အထက်ပါအချက်များ ဖေါ်ဆောင်ပေးနိုင်မည့် နာယကဆရာတော်များနှင့်သာဖွဲ့စည်းရန် ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။(မဇ္ဈိမ၊ ၁၅-၁၂-၂၀၁၁)။
(ဃ) ကနေဒါမှကိုရဲရင့် ။
ကနေဒါမှ ကိုရဲရင့်က ဝေဖန်ရာမှာ ― ရွှေည၀ါဆရာတော်နဲ့ ဒကါ၊ဒကါမများ၏အသနားခံတောင်းပန်မှုအပေါ် မဟန ၄၇ ပါးထံမှတစုံတရာအကြောင်းမပြန်ဘဲ နှုတ်ဆိတ်နေကြောင်း ၊ ၄၇ပါး နောက်ကွယ်မှာဦးအောင်သောင်း နဲ့အပေါင်းပါတစုက ချုပ်ကိုင်လျက်ရှိကြောင်း၊
ရွှေည၀ါဆရာတော် အပေါ်ကြေညာချက်မထုတ်မီ ရက်ပိုင်းအလိုက ဗန်းမော်တော်ဆရာကြီးကိုယ်တိုင် ရွှေည၀ါကျောင်းတိုက်သို့ကြွရောက်ကါ ရွှေည၀ါဆရာတော်၏ ဆောင်ရွက်ချက်အတွက်ချီးကျူးစကား ပြောဆိုခဲ့ကြောင်း၊ ယင်းပြဿနာဖြစ်ပြီးတာနဲ့ မဟနဆရာတော်ကြီး ၄၇ ပါးစလုံး၏ ဖုံးများကိုပိတ်ထားကြောင်း၊ မီဒီယာသမားနဲ့တွေ့ဆုံမေးမြန်းမှုမပြုလုပ်နိုင်အောင်လမ်းကြောင်း ပိတ်ဆို့ထားကြောင်း ၂၀-၁၂-၂၀၁၁ ရက်ကပေးပို့သော ကိုရဲရင့်ရဲ့အီးမေးလ်တွင်ဖေါ်ပြထားပါတယ်။
ရှက်စရာဖြစ်လာ။
ဆရာတော်ဦးပညာသီဟကပိဋကတ်သုံးပုံ ပါ ဒေသနာတော်၊တရားတော်များ အတိုင်း ဟောကြားတာကို အရပ်သားဟန်ဆောင် ကြံ့ဖွတ်စစ်အစိုးရအာဏာရှင်တွေက အနာပေါ်တုတ်ကျတာ မခံနိုင်လို့ ဦးပညာသီဟ ဘ၀ပျက်အောင် အရေးယူခိုင်းတာကိုဆရာတော်ကြီးများက အသေအချာမဆန်းစစ်ဘဲ ခိုင်းတာ လုပ်ချလိုက်တဲ့အတွက် ပြည်တွင်းပြည်ပကရဟန်း ပုဂ္ဂိုလ်၊လူပုဂ္ဂိုလ်များရဲ့ ပြစ်တင်ဝေဖန်မှုတွေ ဆက်တိုက်ပေါ်ထွက်လာပါတယ်။
နိုင်ငံကျော်စာတတ်၊ ပေတတ်၊ ထေရ်ကြီးဝါကြီးဆရာတော်ကြီးတွေ ဖြစ်ပြီးကာမှ ခုလိုငယ်ရွယ်သူများရဲ့ ပြစ်တင်ဝေဖန်ခံရတော့ သိက္ခာကျစရာရှက်စရာ ဖြစ်လာပါတယ်ပါတယ်။ ခုဆိုရင် တကမ္ဘာလုံးကသိကုန်ကြပါပြီ။
အရပ်သားဟန်ဆောင်နေတဲ့ကြံ့ဖွတ်စစ်အစိုးရ အာဏာပိုင်တွေက သူတို့ အာဏာတည်မြဲရေး၊ ချမ်းသာကြွယ်ဝရေးအတွက် ကလိန်ကကျစ်ဥာဏ်နဲ့လုပ်လို့ အရှက်ကွဲခဲ့ပေါင်းလည်း များလှပါပြီ၊ ခုလည်းထပ်ပြီး အရှက်ကွဲရပြန်ပါပြီ။
နောင်တ ရစေချင်
လက်ရှိမြန်မာနိုင်ငံကို ဗိုလ်ကျအုပ်စီးနေတဲ့စစ်အုပ်စုအနေနဲ့ ငါတို့ဟာအရပ်သားတွေမဟုတ်ဘူး၊ အရပ်သားဟန်ဆောင်နေတဲ့ စစ်ဗိုလ်၊ စစ်ဗိုလ်လူထွက်တွေချည်းပဲဖြစ်တယ်ဆိုတာ သတိရစေချင်ပါတယ်၊။ ဒါ့ပြင် တို့ကြောင့် တိုင်းပြည်မွဲ၊ပြည်သူတွေလည်း ဆင်းရဲဒုက္ခရောက်နေကြပြီဆိုတာလည်း နောင်တရစေချင်ပါတယ်။
ပြည်သူတွေဘက်ကလည်းသင်တို့ဟာ အရပ်သားတွေမဟုတ်သလို အရပ်သားအစိုးရလို့လည်း မသတ်မှတ်ပါစစ်ဗိုလ်၊စစ်ဗိုလ်လူထွက်တွေချည်း ကြီးစိုးတဲ့နိုင်ငံဟာ ဘယ်တော့မှ အရပ်သားအစိုးရမဖြစ်နိုင်ပါ။အရပ်သားအစိုးရလို့အခေါ် ခံနိုင်အောင် အရပ်သားအစိုးရ အင်္ဂါရပ်နဲ့ ညီအောင်ကြိုးစားအားထုတ်စေလိုပါတယ်။
ဆရာတော်ကြီးများအားလျှောက်ထားခြင်း။
ဆရာတော်ဦးပညာသီဟကိစ္စနှင့်ပတ်သက်ပြီး ဆရာတော်ကြီးများကသတိလက်လွတ်ဖြစ်ကာ အာဏာတည်မြဲရေး အတွက်သက်စွန့်ကြိုးပမ်းနေကြသည့် စစ်အာဏာရှင်များ၏ ခုတုံး အလုပ်ခံမိ၍ ငယ်ရွယ်သူများ၏ပြစ်တင်ဝေဖန်ခြင်းခံရသည်ကို ကြားသိရသဖြင့် အလွန် စိတ်မကေါင်းဖြစ်မိပါသည် ဘုရား။ဆရာတော်ကြီးများ၏ သိက္ခာလည်း ထိခိုက်ပါသည်ဘုရား။
ဆရာတော်ကြီးများအနေနှင့်ဤ မဟန အဖွဲ့တွင် ဆက်လက်ရှိနေသမျှ ကာလပါတ်လုံး အာဏာရမက် ငန်းငန်းတက်နေသူများ၏ခုတုံး အလုပ်ခံနေရမည်မှာ မလွဲပါ။ ဆရာတော်ကြီးများ၏ ဂုဏ်သိက္ခာ လည်း ဆက်လက်ကျဆင်းစေနိုင်သည်သာမကမြတ်ဗုဒ္ဓ၏ဘာသာ သာသနာလည်း ဆက်လက်ညှိုးနွမ်းစေနိုင်ပါသည်။ ဝေဖန်သူများလည်းအပြစ်ရ၊ငရဲကြီးစေနိုင်ပါသည်ဘုရား။
သို့ဖြစ်ပါ၍ဝေဖန်သည့် ငယ်ရွယ်သူများ အပြစ်မရ၊ ငရဲမကြီးစေရန်၊ဆရာတော်ကြီးများ၏ဂုဏ်သိက္ခာမထိခိုက်စေရန်၊ မြတ်ဗုဒ္ဓ၏ သာသနာတော်အဓွန့်ရှည်စွာ ဆက်လက်ထွန်းလင်းတောက်ပနိုင်စေရန်ဆရာတော်ကြီးများအနေဖြင့် ဘယ်ဘက်မှမလိုက်ဘဲ အမှန်တရားဘက်ကသာ ရဲဝံ့စွာရပ်တည်ပေးပါရန်လေးစားစွာလျောက်ထားအပ်ပါသည်ဘုရား။
တပည့်တော်လျှောက်ထားချက်မှားယွင်းပါကခွင့်လွှတ်ပေးပါရန်လျောက်ထားအပ်ပါသည်ဘုရား။
ရိုသေစွာလျှောက်ထားသူ
          ရွှေပြည်စိုး
          ၁၂ဇန်န၀ါရီ၂၀၁၂
(စာတည်းမှတ်ချက် – အဆိုပါစာမူ လက်ခံရှိပြီးဇန်န၀ါရီ ၁၃ ရက် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်လာတဲ့ နေ့မှာပဲတိုင်းသံဃနာယကက ရွှေည၀ါဆရာတော်ရဲ့ အသနားခံစာကို ပယ်ဖျက်ကြောင်းအကြောင်းကြားစာပေးပို့လာတယ် လို့ သိရပါတယ်)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
Similar Posts