>Nyein Wai – Articles

>

သောင်ရင်းမြစ်ကမ်း လရောင်အောက်က ကဗျာရွတ်ပွဲ
ငြိမ်းဝေ
ဒီဇင်ဘာ ၂၊ ၂၀၁၁



(၁)
၁၉၉၁ ခု၊ တော်လှန်ရေးဌာနချုပ်စခန်းဖြစ်တဲ့ ‘မာနယ်ပလော´ မှာ ‘စာဆိုတော်နေ့အခမ်းအနား´ ကျင်းပခဲ့ပါတယ်။ ဒါဟာ ဗမာပြည် လက်နက်ကိုင်တော်လှန်ရေးသမိုင်းမှာ လွတ်မြောက်တဲ့နယ်မြေအတွင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့တဲ့ ‘စာဆိုတော်နေ့ အခမ်းအနား´ ဖြစ်ပါတယ်။

ကျနော်က ၁၉၉၂ ခုနှစ်ထဲကျမှ မာနယ်ပလောကိုရောက်လာတာဆိုတော့ အဲဒီနှစ်ကပြုလုပ်သွားတဲ့ စာဆိုတော်နေ့အခမ်းအနားကို မမီ လိုက်ဘူးပေါ့။ ဒါပေမယ့် အဲဒီအခမ်းအနားအကြောင်း ကြားရတဲ့သတင်းက ကျနော့်ကို စိမ်းလန်းစေခဲ့တာတော့ အမှန်ပါပဲ။ ဒီအခမ်းအနားမှာ ကျနော် ချစ်ခင်လေးနက်ရတဲ့ စာရေးဆရာ ‘နိုင်ဝင်းဆွေ´ က သူ့ရဲ့ ‘သုံးဖက်မြင်စစ်တမ်း´ စာတမ်းကို ဖတ်သွားတယ်ကြားရတော့ ပိုပြီး စိတ် လှုပ်ရှားခဲ့ရပါတယ်။

၁၉၉၂ ခု ဒီဇင်ဘာလထဲမှာ လွတ်မြောက်နယ်မြေရဲ့ ဒုတိယအကြိမ် စာဆိုတော်နေ့အခမ်းအနား မာနယ်ပလောမှာပဲ ကျင်းပနိုင်ပါတယ်။ ဦးစီးပြီး စည်းရုံးဆော်သြသူက ဒီတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ရဲ့ ဥက္ကဌဖြစ်ခဲ့တဲ့ အဘ ဦးဝင်းခက် (ဝင်း ခက်-ရှုဒေါင့်) ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေ၊ စာပေသမား တွေ၊ လူငယ်တွေ တော်တော်များများ တက်ရောက်ကြပါတယ်။ ကရင်လူငယ်အစည်းအရုံး စည်းဝေးခမ်းမဆောင်ကြီးမှာ ကျင်းပခဲ့တာပါ။

ကျနော်က ကွယ်လွန်သူ ဆရာ‘မောင်သော်က´ ရဲ့ ‘ အနှစ်နှစ်ဆယ်´ ကဗျာကို စင်ပေါ်တက်ပြီး ရွတ်ဆိုခဲ့ပါတယ်။

၁၉၉၁ ခုနှစ်တုန်းကပြုလုပ်တဲ့ စာဆိုတော်နေ့အခမ်းအနား တက်ရောက်ခဲ့သူတွေရဲ့ ပြောစကားအရဆိုရင် အဲဒီနှစ်က ကျင်းပတဲ့ စာဆိုတော် နေ့အခမ်းအနားမှာ ကဗျာရွတ်တဲ့အစီစဉ်လည်း ပါရှိခဲ့ပါတယ်။ ကဗျာဆရာ မောင်လွမ်းဏီက ကဗျာတက်ရောက်ရွတ်ဆိုသွားခဲ့တယ်လို့ သိရပါတယ်။

ဒုတိယအကြိမ်ကျင်းပတဲ့ ၁၉၉၂ ခု စာဆိုတော်နေ့အခမ်းအနား မှာလည်း ကဗျာရွတ်ဆိုတဲ့အစီစဉ် ပါခဲ့ပါတယ်။ မာနယ်ပလောမှာ ကဗျာရွတ် တဲ့အစီစဉ် ဒုတိယအကြိမ်စီစဉ်နိုင်တဲ့သဘောမို့ ကျနော့်မှာ ကျေနပ်ဂုဏ်ယူနေခဲ့မိပါတယ်။ ဒီိလို ကဗျာရွတ်ခွင့်ရတယ်ဆိုပေမယ့်လည်း ‘ကဗျာရွတ်ပွဲသပ်သပ်´ စီစဉ်ဆောင်ရွက်နိုင်တဲ့သဘောတော့ မဟုတ်သေးပါဘူး။ တခြား ဖြေဖျော်မှုအစီစဉ်တွေ ဟောပြောမှုအစီစဉ် တွေနဲ့ရောပြီး ဆောင်ရွက်နိုင်တဲ့သဘောသာ ဖြစ်ပါတယ်။

အဲဒီ စာဆိုတော်နေ့အခမ်းအနား ပြီးသွားတဲ့အခါ ကဗျာချစ်တဲ့ ကျနော်တို့ရဲ့စိတ်ထဲမှာ ကျေနပ်ပြည့်ဝတဲ့သဘောတော့ မရှိခဲ့ကြပါဘူး။ ကျနော်နဲ့ ရင်းနီးခင်မင်သူ ကဗျာရေးသူ ကဗျာချစ်သူတစုကတော့ ဒီလောက်နဲ့မကျေနပ်နိုင်ခဲ့ကြပါဘူး။

ကျနော်တို့က တော်လှန်ရေးနယ်မြေမှာ ကျင်းပတဲ့ စာဆိုတော်နေ့အခမ်းအနားကို ပြည်တွင်းမှာ ကျင်းပလေ့ရှိတဲ့ ပုံစံနဲ့ မကျင်းပချင်ကြပါဘူး။ အထူးသဖြင့် စာပေသမားတွေ စာရေးဆရာတွေက စင်ပေါ်က ဟောတာပြောတာကို လူတွေက အောက်ကထိုင်ပြီး နားထောင်ရတဲ့ ပုံ သဏ္ဍာန်ကို မကြိုက်ပါဘူး။

ဒါပေမယ့်လည်း မာနယ်ပလောမှာ ကျနော်တို့ရဲ့အခြေအနေက သာမန်ရဲဘော် အောက်ခြေရဲဘော်တွေဖြစ်ပါတယ်။ ဘယ်အခမ်းအနား မျိုးကိုမဆို ကျနော်တို့ဆန္ဒ ကျနော်တို့အင်အားနဲ့ အကောင်အထည်ဖေါ်လို့မရနိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း စာဆို တော်နေ့အခမ်းအနားကို ကဗျာရွတ်ပွဲတခုထဲနဲ့ ကျင်းပချင်ကြတဲ့ ကျနော်တို့ရဲ့ ဆန္ဒကို ပြည့်ဝအောင် မတိုက်တွန်းနိုင်ခဲ့ကြပါဘူး။

ဒီလိုနဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကိုထွဋ်ဦးလှိုင် (ယခု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပြန်ကြားရေးဌာနတာဝန်ခံ) ပန်းချီ ဆရာ ကိုဒေါင်းနီ (ယခု အမေရိကား) တို့နဲ့ကျနော် ဟိုစဉ်တုန်းက ‘မာနယ်ပလော လေထန်ကုန်း´ လို့ ပြောခဲ့ကြတဲ့ ‘ထူးရာစိုးလ ဘက် ရည်ဆိုင်´မှာထိုင်ပြီး ရင်ဖွင့်ကြ တိုင်ပင်ဖြစ်ကြပါတယ်။ နောက်ထပ် စာဆိုတော်နေ့အခမ်းအနားအစီစဉ်လေးတခုထပ်လုပ်ဖို့ အိပ်မက် မက် ကြည့်ကြပါတယ်။ တခြား ကဗျာချစ်သူ စာချစ်သူတွေဆီ လိုက်လံဆွေးနွေးညှိနှိုင်းပြီး နောက်ထပ် စာဆိုတော်နေ့အခမ်းအနားတခု ထပ်လုပ် ဖို့ စီစဉ်ခဲ့ကြပါတယ်။ ကျနော်တို့လုပ်မယ့်အစီစဉ်က ကဗျာရွတ်ပွဲ သက်သက်လုပ်မယ့်အစီစဉ်ပါ။ ဟောပြောပွဲတွေ တခြားဖြေဖျော်မှု အစီ စဉ်တွေ မပါပါဘူး။ အဲ အခြေအနေပေးရင်တော့ စာပေစကားဝိုင်း ဆက်လုပ်လို့ရရင် လုပ်ကြမယ်ဆိုတဲ့ နောက်ဆက်တွဲ အစီစဉ်လည်း ရှိခဲ့ ပါတယ်။ ဒါပေမယ့် အဓိကအစီစဉ်ကတော့ ကဗျာရွတ်ပွဲပါပဲ။ ကျင်းပမယ့်နေရာကိုတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဘေးက သောင်ရင်းမြစ်ကမ်း သောင်ပြင်ပေါ်မှာလုပ်ကြဖို့ နေရာသတ်မှတ်လိုက်ကြပါတယ်။

ဒီကဗျာရွတ်ပွဲလေးမှာ ကျနော်က ‘ဂျင်းသုပ် လဘက်သုပ်´ နဲ့ဧည့်ခံဖို့ တာဝန်ယူပါတယ်။ (ဒီတုန်းက အမျိုးသားဒီမိုကရေစီအဖွဲချုပ်-လွတ် မြောက်နယ်မြေ အဖွဲ့ဝင် အောက်ခြေရဲဘော်တွေဟာ လကုန်တဲ့ရက်မှာ တခါတလေ ဆေးလိပ်ဖိုးအဖြစ် ဘတ်ငွေ ၃၀ ရပါတယ်။ ကျနော်က ဆေးလိပ်မသောက်တတ်တော့ အဲဒီ ဘတ် ၃၀ နဲ့ နောက်ထပ် အလှူခံလို့ရတဲ့ ဘတ် ၆၀ ပေါင်းပြီး လဘက်သုပ်နဲ့ ဧည့်ခံဖို့ တာဝန်ယူခဲ့တာပါ။) ကိုထွဋ်ဦးလှိုင်နဲ့ ကိုဒေါင်းနီက ‘ထင်း´ တာဝန်ယူပါတယ်။ စိတ်ဝင်စားနိုင်မယ်ထင်တဲ့ စာပေသမားတွေကို လိုက်လံဖိတ်ကြားလိုက်ကြပါတယ်။

ကျင်းပမယ့်နေ့နဲ့ အချိန်က နတ်တော်လဆန်း ၂ ရက်နေ့၊ ည ၈ နာရီဖြစ်ပါတယ်။ ကရင်လူငယ်အစည်းအရုံး ခန်းမဆောင်မှာကျင်းပတဲ့ စာဆို တော်နေ့ ဟောပြောပွဲညရဲ့ နောက်တနေ့ည ဖြစ်ပါတယ်။ နေရာကတော့ သောင်ရင်းမြစ်ကမ်း သောင်ပြင်ပေါ်မှာ ဖြစ်ပါတယ်။

တောင်ကနေ မြောက်ဘက်ကိုဦးတည်စီးဆင်းတဲ့ ချစ်သောသောင်ရင်းမြစ်ဟာ အချိုးအကွေ့ပေါင်းများစွာကို လူးလွန့်ချိုးကွေ့ပြီး မြောက်က နေ တောင်ဘက်ကိုစီးဆင်းတဲ့ ရာဇဝင်ကြီးလှတဲ့သံလွင်မြစ်ထဲ ခုန်ဆင်းသွားပါလိမ့်မယ်။

ကျနော်တို့က အဲသလို ပထဝီနိုင်ငံရေး အတွေးအခေါ်နိုင်ငံရေးအရ လေးနက်မြင့်မားလှတဲ့ ဘူမိနက်သန် မြေနေရာဖြစ်တယ်လို့ ကိုယ့်အ တွေးနဲ့ ကိုယ်ခံယူယုံကြည်ခဲ့ကြတာမို့ အဲဒီသောင်ရင်းမြစ်ကမ်း သောင်ပြင်ပေါ်မှာပြုလုပ်မယ့် ကဗျာရွတ်ပွဲလေးဟာလည်း ပိုပြီး အဓိပ္ပါယ် တွေ ပြည့်ဝလေးနက်နေလိမ့်မယ်ဆိုတဲ့အတွေးနဲ့ ကျနော်တို့အားလုံး စိတ်လှုပ်ရှား ရင်ခုန်နေခဲ့ကြပါတယ်။

(၂)
မင်္ဂလာပါ…
အစဉ်အလာကို ဖီဆန်
အာခံတဲ့ မြစ်မင်း
သောင်ရင်း သောင်ခုံ
ပုန်ကန်သူတို့ရဲ့ ကဗျာရွတ်သံ
လွင့်ပျံဟီးထ လဝါလှုံတဲ့ ည။
(ဒေါင်းနီရဲ့ ပရပ္မတ္ထ မီးလှုံပွဲကဗျာမှ…)

ကျနော်တို့တတွေ ကဗျာရွတ်ပွဲစတင်တော့မယ်လုပ်တော့ လရောင်က သိပ်ပြီး အင်အားမကောင်းသေးပါဘူး။ ခတ် မှုန်မှုန်ပြပြလောက်သာ ရှိပါတယ်။ ကောင်းကင်မှာတော့ ကြယ်တွေ တွေ့နေရပါတယ်။ သောင်ရင်းမြစ်ထဲမှာ လရောင်လျော့လျော့ ကြယ်ရောင် ဖျော့ဖျော့က အစိပ်စိပ်အမွှာမွှာကွဲစင်ရင်း မျောပါလိမ့်လူးနေပါတယ်။

ဒီကြားထဲ နှင်းတွေက ဒီညကျကာမှ ပိုပြီး ထူထူထပ်ထပ် ကျနေသလားလို့လည်း ထင်ရပါတယ်။ လူ ၁၈ ယောက် ဝိုင်းစုပြီး ထိုင်နေကြတဲ့ ဝိုင်းရဲ့အလည်မှာ ထင်းမီးဖိုကြီးတစ်ခု ဖိုထားပါတယ်။ မီးညွန့်အဖျားက အပေါ်ကို တလွန့်လွန့်တက်နေပြီး တချက်တချက်မှာ မီးပွား လေး တွေက မီးညွန့်ရဲ့အပေါ်ကို ဘေးကိုလွင့်စင်ကျနေကြပါတယ်။

တအိအိ ပြိုကျလာနေတဲ့ နှင်းထု ဖြူညစ်ညစ်အောက်မှာ ကျနော်တို့ ဝိုင်းစုပြီး ထိုင်နေကြတာပါ။ ကုန်းပေါ်ကိုလှမ်းကြည့်ရင် ကရင်အမျိုး သားခေါင်းဆောင် ပဒိုမန်းရှာ (ကျဆုံး) ရဲ့ အိမ်ကုန်းပေါ်က မီးရောင်နီပြပြကို နှင်းတွေကြားက မြင်နေရပါတယ်။ လူ့ဘောင်သစ် ဒီိမိုကရက် တစ်ပါတီ ဌါနချုပ်ရုံးကုန်းပေါ်ကိုလှမ်းကြည့်တော့ နည်းနည်းလည်းဝေးတဲ့အပြင် သစ်ပင်တွေကွယ်နေလို့ ဘာကိုမှမမြင်ရပါဘူး။

မာနယ်ပလောတခွင်လုံး နှင်းတွေအောက်မှာ မြုပ်ဝင်ပျောက်ကွယ်နေပါတယ်။ မာနယ်ပလောမှာ ဘယ်နေရာကပဲကြည်ကြည့် ခန့်ခန့်ထည် ထည် မြင့်မြင့်မားမား လှမ်းမြင်ရလေ့ရှိတဲ့ ‘ဘောနော်လေးတောင်´ ကြီးကိုတော့ မှုံမှုံဝါးဝါး စိမ်းစိမ်းပြပြ မြင်နေရပါတယ်။ တောင်မကြီးရဲ့ ခါးလည်အောက်ခြေက ‘ကွန်မင်ဒိုကုန်း´ ကိုတော့ မမြင်ရသလောက် ဖြစ်နေပါတယ်။ သစ်ပင်တောတန်း တောင်ကုန်းတောင်ကြောအတိုင်း မီးရောင် နီကြောင်ကြောင်လေးတွေကို နေရာအနည်းငယ်စီခြားပြီး တလှုပ်လှုပ်နဲ့ မြင်နေရပါတယ်။ ပြီးတော့ အဲဒီမီးရောင်တလှုပ်လှုပ်ဟာ ကောင်းကင်က တလက်လက်ပြိုးပြက်နေတဲ့ ကြယ်ကလေးတွေနဲ့ သွားပြီး တိုးကပ်ပေါင်းစပ်လိုက်ပါတယ်။

အခမ်းအနား မစတင်သေးခင် ထူးထူးခြားခြား ဘယ်သူမှ စကားကျယ်ကျယ် မပြောကြတာကိုလည်း သတိပြုမိလိုက်ပါတယ်။ သောင်ရင်း မြစ်ထဲက စက်လှေတစင်း ခုတ်မောင်းသွားတဲ့ စက်သံ၊ ငါးပွက်လို့ကြားလိုက်ရတဲ့ ရေပွက်သံက ကျနော့်ရင်ကို ပိုပြီး လှုပ်ရှားလှိုင်းထစေပါ တယ်။

ကျနော်က ကဗျာရွတ်ပွဲ ဘာ့ကြောင့်လုပ်ရတယ်ဆိုတာ ရှင်းပြပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ‘ဗိုလ်ချုပ်အောင်ဆန်း´ ပြောဖူးတဲ့စကား ဖြစ်တဲ့ ‘အနုပညာမပါတဲ့တော်လှန်ရေးဟာ စစ်မှန်တဲ့တော်လှန်ရေးမဟုတ်ဘူး´ ဆိုတဲ့စကားကို ကိုးကားပြီး စကားလမ်းခင်းလိုက်ပါတယ်။ ပြီးတော့မှ တယောက်တလှည့်စီ စကားနည်းနည်းဆီ ပြောပြီး ကဗျာရွတ်ကြဖို့ကို တိုက်တွန်းလိုက်ပါတယ်။

အခမ်းအနားတက်ရောက်လာသူတချို့က တေးသံရှင် ‘(ကို) မွန်းအောင်´ ကို သီချင်းကိုယ်တိုင် ဆိုတီးပြီး ကဗျာရွတ်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးဖို့ တောင်းဆိုကြပါတယ်။ ကိုမွန်းအောင်က လက်ထဲကဂစ်တာကို တချက်နှစ်ချက် ကြိုးညှိပြီး သူ့ရဲ့ နာမည်ကျော် ‘ငြိမ်းချမ်းရေး တိုက်ပွဲ´သီချင်းဆိုပါတယ်။

လရောင်ကိုမေါ့ကြည့်ရင်း ဈာန်ဝင်ခံစားမှုအပြည့်နဲ့ဆိုနေတဲ့ ကိုမွန်းအောင်ရဲ့သီချင်းသံအောက်မှာ ကျနော်တို့အားလုံး ငြိမ်သက် စိတ်လှုပ်ရှား စွာ နားထောင်နေကြပါတယ်။ ကျနော်နဲ့ ကိုမွန်းအောင်က မျက်နှာချင်းဆိုင်နီးပါး ထိုင်နေကြတာဖြစ်တဲ့အပြင် မီးဖိုမီးရောင်ကြောင့် သူ့ကို ကျနော် ထင်ထင်ရှားရှားတွေ့နေရပါတယ်။ နန်းဆွဲထားသလို ကြည်လင်ချိုအေးလှတဲ့ ကိုမွန်းအောင်ရဲ့ သီချင်းဆိုသံကို ကျနော် ပထမဦးဆုံး အကြိမ် အပြင်မှာကြားဖူးခြင်းပါပဲ။

ကိုမွန်းအောင် သီချင်းဆိုပြီးတဲ့အခါ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကိုညိုက ကဗျာတပုဒ်ရွတ်ပါတယ်။ သူက ဆရာကြီးမင်းသုဝဏ်ရဲ့ ‘ဖိုးမောင်လာပြီ´ ကဗျာကို ရွတ်ပါတယ်။ ပြီးတော့ ကဗျာဆရာ ‘တိုက်အောင်´(ကွယ်လွန်) က ဆရာ‘ဇော်ဂျီ´ ရဲ့ ‘ပန်းပန်လျက်ပဲ´ ကဗျာကို ရွတ်ပါတယ်။ သူက ကဗျာမရွတ်သေးခင် ‘ကဗျာတပုဒ်မှာ ကဗျာမြောက်စေတဲ့ ကဗျာဖြစ်သွားစေတဲ့ စကားလုံး ဒါမှမဟုတ် ပါဒတခု ဒါမှမဟုတ် အပိုဒ်တပိုဒ် ပါကိုပါရမယ်လို့ ဆရာနိုင်ဝင်းဆွေက သူ့ကို ပြောဖူးတဲ့အကြောင်း´ စကားနည်းနည်း လမ်းခင်းပြီးမှ ပန်းပန်လျက်ပဲ ကဗျာကိုရွတ်တာပါ။ သူ့နောက်မှာတော့ ကိုစိုးဝင်းညို (ကွယ်လွန်)၊ ပြီးတော့ ကိုနိုင်နိုင်ထွန်း (ကွယ်လွန်)…၊ နောက်တော့ တယောက်ပြီး တယောက် ကဗျာတွေရွတ်ကြပါတယ်။ တချို့က ထရပ်ပြီး ရွတ်ပါတယ်။ တချို့ကတော့ ထိုင်လျက်ရွတ်ပါတယ်။

ဝေး
နွေးထွေးပီတိ
စကားမရှိ စာမသိနဲ့
ခံစားဖြည့်စု ဥရောပက ဒိန်ခဲနု။

(ဒေါင်းနီရဲ့ ပရပ္မတ္ထ မီးလှုံပွဲကဗျာမှ…)

ကဗျာရွတ်ပွဲစကတည်းက ကျနော်တို့ကြားမှာ ဥရောပသူ မျက်နှာဖြူ အမျိုးသမီးနှစ်ယောက် ဝင်ထိုင်နေတာတွေ့ရပါတယ်။ တယောက်က တော့ ဖင်လန်နိုင်ငံက ‘မင်ဂါ´ ဖြစ်ပါတယ်။ နောက်တယောက်က သူ့ရဲ့သူငယ်ချင်း လေယာဉ်မယ်လေးဖြစ်တယ်လို့သိရပါတယ်။ သူတို့နှစ် ယောက်ကို ဘယ်သူကဖိတ်လိုက်တာလည်းဆိုတာ ကျနော်မသိပါဘူး။ သူတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) က ဦးရမ်းမဂျီးတို့ တေးသံရှင် ကိုမွန်းအောင်တို့နဲ့ ရင်းနီးကြသူတွေဖြစ်တာမို့ သူတို့နဲ့ နွယ်ပြီး ပါလာတာဖြစ်မယ်လို့ စဉ်းစားမိပါတယ်။ ကျနော်တို့ တယောက်ပြီးတယောက် ထပြီး ကဗျာတွေရွတ်နေကြတာ ကဗျာအကြောင်းပြောနေကြတာကို ဘာသာစကားအရ သူတို့အနေနဲ့ တလုံးမှ နားမလည်နိုင်ပေမယ့် ညဥ့်နက်လို့ လူတွေအကုန်လုံးနီးပါး ထပြန်ကြတဲ့အချိန်အထိ ထိုင်ပြီးနားထောင်သွားကြတဲ့ သူတို့ရဲ့ စိတ်ဝင်စားမှု ကတော့ တကယ့်ကိုအံ့သြဖို့ကောင်းပါတယ်။ ကျနော်တို့ရဲ့ ကဗျာရွတ်ဆိုတဲ့အသံတွေ စိတ်လှုပ်ရှား ဈာန်ဝင်စီးမျောမှုတွေကို ခံစားလက်ခံယူ နိုင်အောင် ကြိုးစားသွားတဲ့သဘောလို့ ယူဆမိပါတယ်။

ဒီတုန်းက တယောက်ပြီးတယောက် ကဗျာတွေ ရွတ်ဆိုနေကြတဲ့အချိန် အဲဒီ ဥရောပ ပျိုဖြူနှစ်ယောက် စိတ်ဝင်တစား နားထောင်နေတာကို ကြည့်ပြီး တချိန်တုန်းက လွတ်လပ်ရေး အမျိုးသားခေါင်းဆောင် တဦးဖြစ်တဲ့ ‘ကိုဗဟိန်း´ ပြောခဲ့တဲ့ စကားတခွန်းကိုလည်း သတိရနေခဲ့မိပါ သေးတယ်။ သူက ‘ဂီတမှာ လူမျိုးရယ်လို့ မရှိဘူး´ ဆိုတဲ့စကားပါ။ အခုလည်း ကျနော်တို့က ကဗျာတွေကို အသံ အနိမ့်အမြင့် အဆွဲအငင်နဲ့ ရွတ်ဆိုနေကြတာဖြစ်လို့ အဲဒီ ဥရောပပျိုဖြူနှစ်ဦးကလည်း ကျနော်တို့နဲ့ အတူ ကဗျာရွတ်သံနောက် လိုက်ပါစီးမျောနိုင်ခဲ့ကြတယ်လို့ ထင်မိ ပါတယ်။

ဒီကဗျာရွတ်ပွဲမှာ ကိုယ်ပိုင်ကဗျာရွတ်တဲ့သူ (၃) ယောက် ရှိပါတယ်။ ကိုတိုက်အောင်(ကွယ်လွန်)၊ ပန်းချီဆရာ ကိုဒေါင်းနီ (ယခု အမေရိကား)၊ ကိုထွဋ်ဦးလှိုင်နဲ့ ကျနော်ဖြစ်ပါတယ်။ ကျနော်တို့ (၃)ယောက်စလုံးက ကဗျာရွတ်ပွဲအတွက် ရည်ရွယ်ပြီး ဒီကဗျာတွေကို ရေးခဲ့ကြတာပါ။

ကဗျာရွတ်တဲ့သူတွေ တယောက်ပြီးတယောက် ကဗျာရွတ်ကြ ကဗျာအကြောင်းပြောကြနဲ့ ညဥ့်နက်လာပါတယ်။ နှင်းတွေကလည်း ကျသ ထက်ကျလာပါတယ်။ လရောင်ကလည်း သာသထက် သာလာပါတယ်။ ကျနော်တို့အပေါ်ဖိနင်းထားတဲ့နှင်းထုကြီးကို လရောင်က သူ့လက်နဲ့ဖယ်ပေးဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့်လည်း ထပ်ထည့်စရာ ထင်းမရှိတော့တဲ့အခါ ညဉ့်နက်လာတာကလည်းတကြောင်း အ အေးဒဏ်ကလည်း မခံမရပ်နိုင်အောင် ပြင်းထန်လာတာမို့ လူတချို့က ထပြန်ဖို့ပြောလာကြပါတယ်။

လူတွေ အကုန်လုံးနီးပါး ပြန်သွားကြပါပြီ။

လူတွေ ပြန်သွားကြပေမယ့် ကိုဒေါင်းနီ၊ ကိုထွဋ်ဦးလှိုင်နဲ့ ကျနော်ကတော့ မီးကျွင်းမီးကျန်လေးဘေးနား ရှေ့တိုးထိုင်ရင်း လရောင်ကို မော့ ကြည့်ရင်း အချမ်းဒဏ်ကိုတောင့်ခံရင်း ကဗျာရွတ်ပွဲ အမြီးကို ဆက်ပြီးဆွဲထားကြပါတယ်။ အိပ်မက်တွေ တခုပြီးတခု ဆက်ပြီး လွှတ်တင် ထားကြပါတယ်။ ကဗျာမီးကို ဆက်ပြီးလှုံကြပါတယ်။

ကျနော်တို့ ခေတ်ပေါ်ကဗျာအကြောင်း၊ မိုးဝေကဗျာလမ်းကြောင်း၊ ကဗျာအတတ်ပညာအကြောင်း၊ ခေတ်ပြိုင်တော်လှန်ရေးနဲ့ ကဗျာရဲ့အခန်း ကဏ္ဍ…။ ကျနော်တို့ ငြင်းခုန်ခဲ့ကြပါတယ်။

ကမ္ဘာကြီးပေါ်က လူသားအဆန်ဆုံးလူသားတွေဖြစ်တယ်လို့ တင်စားပြောဆိုနိုင်တဲ့ ‘မြကန်´ ကဗျာကိုရေးဖွဲ့သွားတဲ့ ‘အမည်မသိ စာဆို´ အစ ‘မောင်ချောနွယ်´ အဆုံး၊ ချီလီကဗျာဆရာ ‘ပက်ပလိုနဲရူဒါ´ အစ တောင်အာဖရိက ကဗျာဆရာ ‘ဂါဗရီရယ် အိုဂါရာ´ အဆုံး… ကျနော် တို့ ဦးညွှတ်အလေးပြုလိုက်ကြပါတယ်။

မနက် ၃ နာရီ ထိုးကာပါပြီ။

လရောင်ကလည်း သောင်ပြင်ပေါ် ဖွေးဖွေးလှုပ်အောင် သာနေပါပြီ။

ကျနော်တို့ရှေ့က မီးဖိုမှာလည်း မီးကျွင်းမီးကျန် တစမှ မရှိတော့ပါဘူး။ ကျနော်တို့လည်းပဲ နှင်းထုကြီးအောက်မှာ လက်ကလေးတွေ ကိုယ်စီ ပိုက်ပြီး အချမ်းဒဏ်ကို တောင့်ခံထားရင်း ကျနော်တို့ရဲ့ ကိုယ်ပိုင်ကဗျာ ၃ ပုဒ်ကို နိဂုံးချုပ်အနေနဲ့ တယောက်ပြီးတယောက် ထပြီး တကယ့်ကို ခံစားမှု လှိုင်းထန်ထန်နဲ့ ရွတ်ဆိုလိုက်ကြပါတယ်။

တတောတတောင်လုံး ငြိမ်သက်တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်တခုလုံးကို ကျနော်တို့ရဲ့ ကဗျာရွတ်သံက လွှမ်းမိုးရိုက်ခတ်နေခဲ့ပါတယ်။

သောင်ရင်းမြစ်ကမ်း လရောင်အောက်က သောင်ပြင်ပေါ်မှာ တော်လှန်ရေးနယ်မြေရဲ့ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် ကဗျာရွတ်ပွဲဟာ မနက် ၃ နာရီထိုးတဲ့အခါ အောင်မြင်စွာ နိဂုံးချုပ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts