>Nyein Wai – Bye 2011

>

လက်ပြ ချန်ရစ် ၂၀၁၁
ငြိမ်းဝေ၊ ဇန်န၀ါရီ ၁၊ ၂၀၁၂
ခြင်းလုံးတစ်လုံးဆိုတော့လည်းပဲ
နှစ်ထပ် ဖဝါးစာမိသွားတဲ့ ၂၀၁၁ ဟာ
ခြင်းလုံးလို ခြာလပတ်လည်ပြီး ကျန်နေရစ်ခဲ့ရတာကိုပဲ
ဝမ်းနည်း နေလေရော့ သလား။
၂၀၁၁ဟာ           
ထောင်မြင်လို့ ရာစွန့်ခဲ့တဲ့ ၂၀၁၂ ရဲ့ ရေခင်းသံကို
မျောက်မင်းအူသံဆိုပြီးသူ့နားမှာ ကြားခဲ့တယ်။
သူ့စင်ကိုကိုယ့်စင်လုပ်ရမယ်ဆိုတဲ့
မဟာ တက်ကနစ်
သူ့အလံကို တိုက်ဖို့
သူ့အလံကိုကောက်ထောင်ရမယ်ဆိုတဲ့
မဟာ အလှည့်အပြောင်း
( ၂၀၁၁ ရေ…)
ခင်ဗျား ခေါင်းနဲ့မဆန့်တဲ့ ရေစီးကြောင်းသစ်
၂၀၁၂ ဖြစ် မငြင်းနဲ့။
ငါတို့
မိုင် ခြောက်ထောင်ခရီးရှည် ချီတက်ခဲ့ပြီးပြီ
ပင်လယ် တစ်ထောင်လက်ပစ်ကူးခဲ့ပြီးပြီ
ဓါးတောင် ဟူသမျှကျော်ခဲ့ကြပြီးပြီ
ဒါပေမယ့်
တခါမှ ခေါင်းနဲ့လမ်းလျှောက် မကြည့်ခဲ့ကြသေးဘူး။
ငါတို့
ခွန်အားကိုရှာဖွေခဲ့ကြတယ်
ခွန်အားကိုယုံကြည်ခဲ့ကြတယ်
ခွန်အားကိုအသုံးပြုခဲ့ကြတယ်
ခွန်အားကို အကြွင်းမဲ့ ကိုးကွယ်ခဲ့ကြတယ်
ဒါပေမယ့်
ပျော့ပြောင်းခြင်းဟာ
ပိုပြီး ဝေးဝေးပြေးတယ်
ပိုပြီးသန်မာတယ်ဆိုတာကို ဆုပ်ကိုင်ဖို့ရာ
လက်လှမ်း မမီခဲ့ကြဘူး။
ကိုယ့်ကျတော့ နေချင်သလိုနေပြီး
ကိုယ်ဖြစ်ချင်သလိုသူများကို ဖြစ်စေချင်တဲ့ ၂၀၁၁
နင့်ကို တလိုင်းတို့လက်
ခွေးသေ ဝက်သေ နေရစ်ခဲ့တော့ဆိုတဲ့စကားနဲ့
ငါမထားရစ်ခဲ့ချင်သော်ငြား…
ဘယ်ဟာမှ
သေခန်း ရှင်ခန်းပြတ်လို့မရလေဘူး
အရာရာဟာ ဟေတုပစ္စယောဆိုသော်ငြား…
ငါကလည်း မထားခဲ့ချင်
နင်ကလည်းမနေခဲ့ချင်သော်ငြား…
နေရစ်ခဲ့တော့ ၂၀၁၁။    ။
၃၁၊ ၁၂၊၂၀၁၁
ည ၁၁ : ၁၆

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts