>Dae Doe – Articles

>

သစ်ကိုင်းစဉ်းစက်နဲ့ မဆုံးနိုင်သောအတွေးစများ
ဒဲ့ဒိုး
ဒီဇင်ဘာ ၂၈၊ ၂၀၁၁


မြန်မာနိုင်ငံ မြေလတ်အညာဒေသ ကျေးလက်ဒေသ နေထိုင်ဘူးများအဖို့ ပြောင်းရိုးစဉ်းစက်ကို တွေ့ဘူး မြင်ဘူးလိမ့်မယ်ထင်ပါတယ်။ မြေလတ်ဒေသမှာ တောင်သူလုပ်ငန်းသိမ်းပြီးတဲ့အခါ ခိုင်းနွားတွေ နွေရာသီ ဟောလီးဒေး အားလပ်ရက်မှာကျွေးဖို့ ပြောင်းရိုးတွေကို ပြောင်းရိုးစဉ်းစက်နဲ့စဉ်းပြီး နွားစာထားတဲ့ကျီထဲထည့်ကာ မိုးကျသည်အထိ ခိုင်းနွားတွေကို ကျွေးမွေးပြီး အနားပေးပါတယ်။ ပြောင်းရိုးစဉ်း စက်ပိုင်ရှင်က ရွာအပြင်ဘက် အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးကြီးမားမားအောက်မှာ ထန်းရွက်နဲ့မိုးကာထားတဲ့ တဲလေးတလုံးထိုးပြီး တော့ နွေရာသီ သူ့လုပ်ငန်းခွင် စတင်ဖွင့်လှစ်ပါတယ်။ ပြောင်းရိုးစဉ်းစက်တော့ တဲနဲ့မနီးမဝေးမှာ ထားတာပေါ့။ ရွာနီးချုပ်စက်က တောင်သူ တွေက နွားလှည်းနဲ့ ပြောင်းရိုးတွေတင်ဆောင်ပြီး ပြောင်းရိုးစဉ်းကျပါတယ်။ အဲဒီပြောင်းရိုးစက်နဲ့အလားတူ သစ်ကိုင်းစဉ်းတဲ့ စက် အ ကြောင်းပြောချင်လို့ ငယ်ငယ်ကမြင်ဘူး တွေ့ဘူးတဲ့ ပြောင်းရိုးစဉ်းစက်သတိရတာနဲ့ ပြောင်းရိုးစဉ်းစက်အကြောင်းပဏာမ အစီရင်ခံရခြင်း ဖြစ်ပါသဗျ။ ဘာမှ မထူးဆန်းပေမဲ့ နဲနဲဆန်းတယ်ထင်တာကြောင့် ပြောပြခြင်တာပါ။

ဒီလိုပါ တိုးတက်တဲ့နိုင်ငံက အလုပ်လုပ်တဲ့အခါ စက်ကရိယာတွေနဲ့ လုပ်တာကိုင်တာ မြန်ဆန်ပြီး လူသိပ်မပင်ပန်းတာရယ်၊ ပြီးတော့ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးအဓိကထားပုံတွေက အာဏာရှင်တွေ အုပ်ချုပ်တဲ့တိုင်းပြည်နဲ မိုးနဲ့မြေပမာ ကွာချင်တိုင်းကွာနေလို့ပါ။ အော်စီမြို့တွေက ပင်လယ်ကမ်းခြေဘေးမှာ မေးတင်ထား တာများတယ်။ ဒါဝင်မြို့ကလဲ ပင်လယ်ကမ်းခြေမှာဘဲ။ ပင်လယ်ကမ်းခြေဆိုတော့ မုန်တိုင်းကလဲ အားသေးတာနဲ့ အားပြင်းတာဘဲကွာတယ်။ တနှစ်တခါလောက်တော့ အပျင်းပြေရောက်လာတတ်တယ်။ မနှစ်က ကတ်တီ ဂိုရီ နံပါတ်နှစ်အဆင့်ရှိတဲ့ ကာလို့စ်မုန်တိုင်းက သစ်ပင်ကြီးတွေ အားလုံး အမြစ်ကနေမြေလှန်ပြစ်တယ်။ ဒီနှစ်တော့ မုန်းတိုင်းက ၅ ကြိမ် တောင်ဝင်နိုင်တယ်လို့ မိုးလေ၀သဌာနက ကြေငြာချက်ထုတ်ပြန်ထားတော့ နိုဝင်ဘာ မိုးရာသီစတင်ပြီဆိုတော့ ဒဲ့ဒိုးနေတဲ့ အင်တာနေရှင် နယ်လ်ကျောင်းဝန်းထဲက ကြီးမားတဲ့သစ်ပင်ကြီးတွေက အန္တရယ်ရှိတာမို့ မဖြစ်မနေ လှဲရမည့်သစ်ပင်တွေပေါ့။ တနေ့တော့ သစ်ပင်လှဲမည့် အဖွဲ့ဝင်ခြောက်ယောက် ရောက်လာတယ်။ ကရိန်းကားကြီး နှစ်စီး၊ သစ်ကိုင်းစဉ်းမည့် ကားတစီး၊ သူတို့စီးတဲ့ကား ၂ စီး၊ သစ်ပင်လှဲပြီဆိုတော့ ဦးထုတ်တွေ ကိုယ်စီဆောင်းထားကြတယ်။ စက်နဲ့ ဖြတ်ခုတ်လှဲတာဆိုတော့ နားမငြီးးအောင် နားကြပ်တွေကလဲ ကိုယ်စီပါသေးတယ်။ ဘိနပ်ကလဲ ညှပ်ဘိနပ်မဟုတ်ဘူး။ ခြေထောက်မထိခိုက်အောင် ဘွတ်ဘိနပ်ဗျ။

ချပ်ဝတ်တန်ဆာ ၀တ်ဆင်ထားတဲ့ သစ်ပင်ခုတ်လှဲသူများ


လူနှစ်ယောက်လောက်ဖက်လို့ရတဲ့ သစ်ပင်ကြီးတပင်လှဲတာ ဆယ်ငါးမိနစ်ထက် ပိုမကြာဘူး။ မြန်လိုက်တာ။ အံ့ရော။ သူတို့လှဲပုံက လူတ ယောက်ကို သံကြိုးတွေနဲ့အသေအခြာ ချည်နှောင်ပြီး ကရိန်းနဲ့ သစ်ပင်ပေါ်မတင်ပြီး ခုတ်ဖြတ်မည့်သစ်ကိုင်းကို သံကြိုးချည်ပြီး အောက်က လွှစက်နဲ့ တ၀ီးဝီးနဲ့ဖြတ်၊ ပြတ်ပြီဆိုတော့ ကရိန်းနဲ့ သစ်ကိုင်းကို ဖြေးဖြေးခြင်းချ၊ သစ်ကိုင်းစဉ်းတဲ့ စက်ထဲတည့်၊ စက်က ပြောင်းရိုးစဉ်းသလို သစ်ကိုင်းတွေကို နုတ်နုတ်ပါအောင် စဉ်းပြစ်တာကိုး။

ကရိန်းဖြင့် သစ်ပင်ထိပ်ဖျားတက်၍ သစ်ကိုင်းကို သံကြိုးဖြင့်ချည်နှောင်နေပုံ


သစ်ကိုင်းစဉ်းစက်ဖြင့် ခုတ်ပြီးသားသစ်ကိုင်းများကို စဉ်းဖြတ်နေပုံ


စဉ်းပြီး သစ်ကိုင်းအမှုန်များကို မြေသြဇာအဖြစ် ပြန်လည်အသုံးပြုရန် ပုံထားစဉ်


စဉ်းထားတဲ့ သစ်ကိုင်းအမှုန့်တွေကို မြေသြဇာလုပ်ပြီး ပြန်ရောင်းတယ်။ သစ်ကိုင်းတွေကို ဘယ်သူမှချက်ဖို့ပြုတ်ဖို့ လောင်စာအဖြစ် မသုံး ဘူး။ မြန်မာနိုင်ငံမှာတော့ သစ်ကိုင်းနဲ့ပင်စည် သာလောင်စာအဖြစ် သုံးတာမဟုတ်ဘူး ။ သစ်ငုတ်တူးပြီးတောင်လောင်စာအဖြစ် အသုံးပြု နေကြရတယ်။ မြန်မာနိုင်ငံမှာ ငယ်ငယ်က မိဘတွေ ပြေတာကြားဘူးတယ်။ ပညာမတတ်ရင် ထင်းခုတ်စားရမယ်တဲ့- ဒီမှာတော့ ပညာ မတတ်ရင် ထင်းခုတ်စားလို့မရဘူး။ ဘယ်သူမှ ၀ယ်မှာမဟုတ်ဘူး။ ပေါလိုက်တဲ့ ထင်းခြောက်တွေ၊ ဒါကြောင့်လဲ တောမီးလောင်ရင် အကြီး အကျယ်လောင်တာကိုး။ မြန်မာနိုင်ငံအုပ်ချုပ်တဲ့သူတွေက အမျှော်အမြင်ကြီးတယ်။ တောမီး အကြီးအကျယ်မလောင်ရလေအောင် သစ် တောတွေ ရောင်းစားလိုက်တယ်။ ထားတော့ အဓိကပြောချင်တာက သစ်ပင်လှဲခ အကြောင်းပါ။ အခုနပြောတဲ့ လူနှစ်ယောက်စာလောက် ဖက်ရတဲ့ သစ်ပင်ကြီးတပင်လှဲခက ဒေါ်လာ ၂၈၀၀ ကျသဗျ။ ဒဲ့ဒိုး စက်တော်ခေါ်တဲ့ အခန်းခေါင်းရင်းက ဒဲ့ဒိုးပေါင်လောက်တုတ်တဲ့ ပိန္နဲပင် က ဒေါ်လာ ၁၅၀ ကျတယ်။ စုစုပေါင်း သစ်ပင် လှဲခ၊ ဒေါ်လာ ၆၅၀၀ ကျတယ်။ ပြောပြရင်ယုံနိုင်စရာ မရှိ။ ဒိထက်မယုံနိုင်စရာရှိသေးတယ်။ အဲဒီသစ်ပင်လှဲခအတွက် ကုန်ကျစရိတ်တွေကို ဘယ်သူကပေးတယ်ထင်သလဲ။ ကော်မတီကလဲ မပေးရဘူး။ ကျောင်းမှာနေတဲ့ ဘုန်းကြီး တွေကလဲ မပေးရဘူး။ ကော်မီတီက မြူနီစီပါယ်မှာ ဘာသာရေးကျောင်းဖြစ်လို့ အကူအညီပေးဖို့မေတ္တာရပ်ခံတော့ ကုန်ကျစရိတ် အားလုံး ကို လူထုကတင်မြှောက်တဲ့ လူထုအစိုးရက တာဝန်ယူပေးသဗျာ။ အစိုးရလူကြီးမင်းများက ခရစ္စယာန်တွေပါ။ လူမျိုး ဘာသာမခွဲခြားတာကို ပြောခြင်တာပါ။ မြန်မာနိုင်ငံမှာတော့ ဘာသာရေးဘန်းပြပြီး အစိုးရမင်းများက လူထုကိုအယုံသွင်းလှည့်စားနေကြတယ်။ အစိုးရနဲ့ ပနာ သင့်တဲ့ လူတချို့ကမြှောက်ပင့်ပြီး အစိုးရကို ကောင်းချီးပေးကြတယ်။ အခုလဲ စိနတိုင်းက စွယ်တော်ပင့်ပြီး အလှူခံစားနေပြန်ပြီ။ မိရိုးဖလာ ဗုဒ္ဓဘာသာအမည်ခံတွေကလဲ ဗုဒ္ဓရဲ့အဆုံးအမ အနှစ်သာရဖြစ်တဲ့ ၀ိဘဇ္ဇဆိုတဲ့ ဝေဖန် ဆန်းစစ်မှုမရှိဘဲ၊ ရုတ်ရုတ်နဲ့ အတော်ဟုတ် နေကြ တာ ၀မ်းနည်းစရာကောင်းလှပါတယ်။ သောက်တော်ရေခွက်မှာ ဗုဒ္ဓရုပ်ပွားတော်ထင်တာနဲ့ ဘာနဲ့၊ ပြီးတော့ အဟိတ်တိရိစ္ဆာန်တွေဖြစ်တဲ့ နီကျန်ကျန် ဆင်ဖြူတော်တွေကလဲ တွေ့လိုက်တာ မနည်းဘူး။ ဆင်ဖြူတော်တွေ့လို့ တိုင်းပြည်က ဒီနေ့မနက်ဖြန်ဘဲ ရွှေမိုး ငွေမိုး ရတနာမိုး တွေ သွန်းဖြိုးရွာပြီး ကြီးပွားချမ်းသာ အေးချမ်းတော့မလိုလို၊ လက်တွေ့ဖြစ်နေတာက အခြေခံလူထုမှာ နေ့ ည ထမင်းနပ်မှန်အောင် မနည်း ရုန်းကန်နေရတယ်။ ကွဲပေါက်လိုက်တဲ့ဗုံး၊ ဖြစ်လိုက်တဲ့ စစ်၊ သေလိုက်ကျတာ တိုက်ပွဲနဲ့ပတ်သတ်သူရော၊ မပတ်သတ်သူရော ဟိုဘက် ဒီဘက်၊ နဲတာမဟုတ်ဘူး။ ခေါင်းဆောင်တွေကတော့ ဘာမှမဖြစ်သလို အေးဆေးဘဲ။ သူတို့သားသမီးသေတာ မဟုတ်တော့လဲ အေးဆေး ပေါ့လေ။ ဒီလိုအကျိုးမရှိတဲ့ စစ်ပွဲရပ်စဲဖို့တောင်းဆိုတဲ့ရဟန်းတွေကျတော့ မအပ်စပ်တဲ့နိုင်ငံရေးလုပ်သတဲ့။ စစ်ပွဲရပ်စဲဖို့တောင်းဆိုတာ အပြစ်ရှိသလား။ ဒါဆို စစ်ပွဲတွေတိုက်ကြလို့ပြောရတော့မှာလား။ စဉ်းစားလိုက်ရင် မကုန်နိုင်တဲ့အတွေးတွေက တသီတတန်းကြီး။ ဆက်မ တွေးတာဘဲ ကောင်းပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts