ဓာတ်ပုံသတင်း

Vancouver Burmese Thagyan Photo News

 
ကနေဒါ – ဗန်ကူးဗားမှ မြန်မာမိသားစုတို့ ရဲ့ (၁၇)ကြိမ်မြောက် နှစ်ကူးအတာသင်္ကြန်

ကျော်ဟုန်း ။  ဧပြီ ၂၃ ၊ ၂၀၁၃

ကနေဒါနိုင်ငံ ဗန်ကူးဗား ဘီစီမှာ အခြေချနေထိုင်နေကြတဲ့ မြန်မာမိသားစုများက (၁၇)ကြိမ်မြောက် မြန်မာ့ရိုးရာ နှစ်ကူး အတာသင်္ကြန်ပွဲကို 487 Alexander st , Japanese Language School ရဲ့ မိုးလုံလေလုံခန်းမမှာ (၀၄ ၊ ၂၀ ၊ ၂၀၁၃)နေ့ က နံနက် (၁၁)နာရီခွဲမှ ညနေ (၃)နာရီခွဲအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြပါတယ်။


မြန်မာသင်္ကြန်ပွဲရဲ့ ထုံးစံအတိုင်း သင်္ကြန်သီချင်းများနဲ့  စုံတွဲ ဆို-က ခြင်းများ၊ အုပ်စုလိုက် ဆို-ကခြင်းများ၊ တဦး ချင်း ကပြဖျော်ဖြေခြင်းများအပြင် ဦးရွှေရိုးအကနဲ့ သင်္ကြန်ပွဲရဲ့တွဲဖက်ဖော် သံချပ်အဖွဲ့ လဲပါဝင် တင်ဆက်ထားပါ သေးတယ်။


သံချပ်အဖွဲ့ ဟာ ကျောင်းသားတပ်မတော်မှ ရဲဘော်ဟောင်းများပါဝင်ထားပြီး “ ခွပ်ဒေါင်းမောင် သံချပ်အဖွဲ့ ” လို့ အမည်ပေးထားပါတယ်။ နှစ်ကူး မေတ္တာပို့ ဆုတောင်းခြင်း၊ ပြည်ပရောက်ဒီမိုအင်အားစုများ ညီညွတ်ရေး၊ မြန်မာပြည်ပြုပြင်ပြောင်းလဲရေးအတွက် ပွင့်လင်းမြင်သာမှုရှိရေး၊ မြန်မာမိသားစုများ တိုင်းပြည်အကျိုးဆောင်ရွက်ရာမှာ အချင်းချင်းညီညွတ်ရေးအတွက် အပြောသက်သက်သာမဟုတ်ဘဲ လက်တွေ့ လုပ်ဆောင်ကြဖို့ လိုကြောင်း၊ ခံယူချက်ကိုသာ ရှေ့ တန်းတင်လုပ်ဆောင်ကြစေလိုကြောင်းကို ခေတ်စနစ်နဲ့ အညီ မီးမောင်းထိုးပြပြီး သံချပ်တိုင်ကာ   လှုံ့ ဆော်တင်ဆက်သွားပါတယ်။ ခွပ်ဒေါင်းမောင်သံချပ်အဖွဲ့ မှာ ကိုတင်နွယ်၊ ကိုမင်းနိုင်၊ ကိုမြင့်ဦး၊ ကိုသန်းထိုက်၊ ကိုထွန်းထွန်း၊ ကိုသီဟတို့ က သံချပ်တိုင်/ဖောက် လုပ်ကြပြီး၊ ကိုအောင်မြင့် (ပုလွေ)၊ ကိုထွန်းခိုင်နဲ့ ကိုအေးလွင် (ဒိုးပတ်) တီးကာ စုပေါင်းတင်ဆက်ခဲ့ကြတာဖြစ်ပါတယ်။


မြန်မာမှုရိုးရာများကို ပြည်ပမှာမွေးဖွားကြီးပြင်းရတဲ့ မြန်မာ့မျိုးဆက်သစ်ကလေးငယ်များ သိရှိရန် ရည်ရည်ပြီး  ဦးရွှေရိုးအကကို (ကိုအောင်မြင့်-ဘစ်ရှော့)က တင်ဆက်ကပြပြီး ကရင် တိုင်းရင်းသား (ကိုနေလင်းထွန်း) ကလဲ မြန်မာမင်းသားအကကို မြတ်မြတ်နိုးနိုးနဲ့ ကပြအသုံးတော်ခံသွားတာကလဲ ထူးခြားမှုတခုပါ။ ဒါ့အပြင် ပြည်ပမှာ မွေးတဲ့ သမီးငယ်လေး (မေသဇင်လှ)က “ပျံသာပျံပါခွပ်ဒေါင်းနီ” နဲ့  သင်္ကြန်သီချင်း ကို ပုံဖော်ကပြသွားပါတယ်။ သမီးငယ်-မေသဇင်လှဟာ ပြည်ပမှာမွေးပေမယ့် မြန်မာအကနဲ့ မြန်မာဝတ်စုံကို ခုံမင်နှစ်သက်သူလေး ဖြစ်ကြောင်းသိရလို့  အံ့သြဝမ်းသာမိရပါတယ်။ သင်္ကြန်မင်းသမီးများအဖြစ် မအေးလွင်မိုး၊ မအမီး၊ မနန်း၊ မသက်ချိုနဲ့ အဖွဲ့ တို့ က တာဝန်ယူဖြေဖျော်ခဲ့ကြပါတယ်။

ကြွရောက်လာကြတဲ့ ပရိသတ်များကို မြန်မာထမင်းဟင်း၊ ခေါက်ဆွဲကြော်၊ မုံ့ ဟင်းခါး၊ တူးဟူးသုတ်၊ အချိုမုံ့ စုံ၊ အဖျော်ရည်များနဲ့ ပြည့်ပြည့်စုံစုံ စတုဒီသာကျွေးမွေးဧည့်ခံခဲ့တဲ့အပြင် မြန်မာ့သင်္ကြန်ရဲ့ မပါမဖြစ် မုံ့ လုံး ရေပေါ်ကို ပွဲခင်းမှာပဲ အတူတူစုပေါင်းလုံးပြီး ဝေငှဒါနပြုကြတဲ့မြင်ကွင်းကတော့ မြန်မာတို့ ရဲ့လက်ရည်တပြင်တည်း စရိုက်ကို ဖော်ညွှန်းပြသနိုင်ခဲ့တာမို့  တမျိုးထူးခြားနေပါတယ်။

ဒါအပြင် မိတ္ထီလာအရေးအခင်းက ဒုက္ခသည်များအတွက် လတ်တလောအလှူကောက်ခံကာ  ကနေဒါဒေါ်လာ – (၁၃၀၀) ရရှိပြီး မြန်မာပြည်တွင်းကို နှစ်သစ်ဦးအလှူအဖြစ် ပေးပို့ လှူဒါန်းမှာ ဖြစ်ကြောင်းလဲသိပါတယ်။

မြန်မာမိသားစုများအပြင် ဒေသခံ ကနေးဒီယမ်းတချို့ လဲ ဗန်ကူးဗားသင်္ကြန်ပွဲကိုလာရောက်ကြပြီး လူပေါင်း(၄၀၀)  နီးပါး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရပါတယ်။  ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts