>Naw Ohn Hla – Her life and struggle for democracy in Burm, 90 Election and for her Karen people

>

ကရင်လူမျိုးများ၊လူ့အခွင့်အရေးနှင့် (၁၉၉ဝ)ပြည့်နှစ်ရွေးကောက်ပွဲ
နော်အုန်းလှ
ဒီဇင်ဘာ ၂၇၊၂၀၁၁
(ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရွေးကောက်ပွဲ (၁ဝ)နှစ်မြောက် အထိမ်းအမှတ်စာအုပ်မှ ကောက်နုတ်စာ ဖြစ်ပါတယ်။ ၂၀၀၇သံဃာ့အရေးတော်ပုံတွင် ပြည်သူလူထုနှင့်အတူ ရပ်တည်လှုပ်ရှားခဲ့သော ဒီမိုကရေစီအရေးတက်ကြွနိုးကြားသူ ၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ (NLD ပါတီဝင်အဖြစ်မှ ၂၀၀၄ တွင်စတင်ရပ်ဆိုင်းခြင်း ခံရသည့်) ဒေါ်နော်အုံးလှ ရဲ့ ဖြတ်သန်းခဲ့တဲ့နိုင်ငံရေးအတွေ့အကြုံအတွေးအမြင်တို့ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်။ မိုးမခစာနယ်ဇင်းအဖွဲ့)
နိုင်ငံရေးဘ၀အစ
ကျမတို့နိုင်ငံမှာ လွတ်လပ်ခြင်း၊ညီမျှခြင်းနဲ့ တရားမျှတခြင်းကိုတမ်းတရသည်မှာ ကျမ သိတတ်သည့်အရွယ်မှစပြီးယခုအချိန်ထိတိုင်အောင်ဖြစ်ပါတယ်။ ဒါပေမယ့်အခုအချိန်ထိ တကြိမ်တခါမှခံစားရဖူးခြင်းမရှိသေးပါဘူး။ လူ့အခွင့်အရေး ဆိုတာ ဘာလဲ။ ဘယ်လိုအခွင့်အရေးမျိုးတွေလဲ။ဘယ်လို ရပိုင်ခွင့်တွေရှိသလဲ။ ဘယ်လို အကာအကွယ်ပေးသလဲဆိုတာ စာအုပ်တွေထဲမှာသာဖတ်ဖူးခဲ့ရပြီး လက်တွေ့ကျကျ ဘာတခုမှ တွေ့ကြုံခံစားရဖူးခြင်း မရှိသေးပါဘူး။ ကျမဟာတောသူတောင်သား တောင်သူလယ်သမား ကရင်မိသားစုကမွေးဖွားပြီး
ကျမတို့ငယ်စဉ်ကာလကစပြီး(၁၉၈၈)ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးအထိ တပါတီအာဏာရှင်စနစ် အောက်မှာကြီးပြင်းလာခဲ့လို့ တပါတီစနစ်ရဲ့ ဒုက္ခ ပေးမှုမျိုးစုံကို တွေ့ကြုံခံစားခဲ့ရပါတယ်။
လယ်ယာလုပ်ကိုင်ရာမှာ ကျွဲ၊နွားတွေနဲ့အတူ ရွံ့တော နုံးတောထဲမှာ ပင်ပင်ပန်းပန်း၊ရုန်းကန်ပြီးစိုက်ပျိုးခဲ့ရတဲ့ ကျမတို့ လယ်သမားတွေဟာ စပါးပေါ်ချိန်ကိုရောက်တာနဲ့ပါတီကောင်စီတွေနဲ့ သူ တို့ရဲ့အဝယ်တော်တွေရဲ့ မတရားမှုဒဏ်ကို ခံကြရပါတယ်။ ပုတ်လှန်၊တောင်းလှန်ပြီး ဝမ်းစာ စပါးက အစ မကျန်အောင် သိမ်းယူခဲ့ကြလို့ကျမတို့တောင်သူလယ်သမားတွေဟာ ကျီးလန့်စာစား သုံးစွဲရတဲ့ အထိဖြစ်ခဲ့ကြရပါတယ်။ ဒီလိုခံစားခဲ့ကြရတာဟာနှစ်စဉ်ကြုံတွေ့ခံစားခဲ့ရတာပါ။ ကျမတို့ တောင်သူလယ်သမားတွေကိုအကာအကွယ်ပေးတဲ့သူလည်းမရှိ၊ အဖွဲ့အစည်းလည်းမရှိ၊ ဥပဒေဆိုတာလည်း သူတို့ရဲ့လက်ဝယ်မှာသာရှိလို့ ကျမတို့ဟာ ခိုင်းတာလုပ်၊ ခေါ်ရင်သွား၊ ခံမပြောနဲ့ဘဝကိုရောက်ခဲ့ရပါတယ်။
နောက်ပြီးတော့လည်း ကျမတို့ဟာကရင်တိုင်းရင်းသားများဖြစ်ကြပါတယ်။ ကျမတို့ ကရင် လူမျိုးအများစုဟာကျေးလက်တောရွာတွေ၊ တောင်ပေါ်ဒေသတွေမှာအနေများကြပြီး လယ်ယာအ လုပ်ကိုသာအဓိကထားလုပ်ကိုင်ကြလို့ ကျမတို့လူမျိုးစုဟာ ဒုက္ခအများဆုံးကို ခံကြရတဲ့တိုင်းရင်းသား လူမျိုးစုတွေထဲမှာ ပါပါတယ်။
နှစ်စဉ် ပြည်ထောင်စုနေ့လိုနေ့မျိုးတွေနဲ့ တခြားအခမ်းအနားတွေမှာ ကရင်လူမျိုးတွေရဲ့ဝတ်စုံတွေဝတ်ပြီးလူမျိုးစုတွေကို အလေးထားကြောင်း ပြသခဲ့ကြပေမယ့် တကယ့်လက်တွေ့မှာတော့ ကျမတို့ဟာအနှိမ်ခံ၊ အဖိနှိပ်ခံတွေပဲဖြစ်ခဲ့ကြရပါတယ်။

၈၈ အရေးတော်ပုံမှသည် အင်န်အယ်ဒီဆီ

(၁၉၈၈)ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးနဲ့ကျမတို့တွေ့ကြုံကြရတဲ့အခါမှာ ကျမဟာ အရေးတော်ပုံကြီးမှာ ခံစားမှုများ၊စိတ်လှုပ်ရှားမှုများနဲ့ အားကြိုးမာန်တက်ပါဝင်ခဲ့ပါတယ်။ ကျမတို့ဟာ နေ့စဉ်မပြတ်နေပူမရှောင်၊ မိုးရွာမရှောင် တပါတီအစိုးရ ဖျက်သိမ်းပေးရေး၊ပါတီစုံဒီမိုကရေစီရရှိရေးကို ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ တပါတီစနစ် ဖျက်သိမ်းပြီးပါတီစုံဒီမိုကရေစီရမှ ကျမတို့ တောင်သူ လယ်သမားတွေလွတ်လွတ်လပ်လပ်လုပ်ကိုင်စားရမယ်ဆိုတာကို မျှော်လင့်ပြီး ဆန္ဒပြခဲ့ခြင်းဖြစ်ပါတယ်။ကျမတို့လိုပဲ တနိုင်ငံလုံးမှာလည်း ပြည်သူလူထုတရပ်လုံးဟာဒီမိုကရေစီအရေးတော်ပုံကြီးမှာ သူတို့ တွေရဲ့ခံစားချက်တွေကို ထုတ်ဖေါ်ပြီးဆန္ဒပြခဲ့ကြတာဟာ ကျမတသက်မမေ့နိုင်တဲ့ မြင်ကွင်းတရပ်ပါ။
ကျမတို့အားလုံးဟာကျမတို့ကိုမတရားဖိနှိပ်နေတဲ့ အစိုးရပြုတ်ကျပြီး ကျမတို့ရဲ့အခွင့်အရေးတွေကိုအပြည့်အဝ အကာအကွယ်ပေးမယ့် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရရှိဖို့ကို မျှော်လင့်ကြီးစွာနဲ့ဆန္ဒပြခဲ့ခြင်းဖြစ်ပါတယ်။ဒီလိုပြည်သူတွေရဲ့ဆန္ဒအစစ်အမှန်ကိုဖေါ်ထုတ်ပြသခဲ့တဲ့ပြည်သူ့အရေးတော်ပုံကြီးကိုမင်းမဲ့စရိုက် ဆူပူအုံကြွမှုလို့ ပြောတဲ့သူတွေဟာ ဒီမိုကရေစီကိုလိုလားတောင့်တနေတဲ့ပြည်သူတွေ ကို စော်ကားလိုက်ခြင်း ဖြစ်ပါတယ်။
အရေးတော်ပုံကြီးဟာ ကျောင်းသားများကစခဲ့တာဖြစ်ပေမယ့်ကျမတို့နိုင်ငံသူနိုင်ငံသားတွေ ရဲ့ရင်ထဲက နှစ်ပေါင်းများစွာခံစားခဲ့ရတဲ့အဖိနှိပ်ခံရမှုတွေ၊ မကျေနပ်မှုတွေနဲ့လွတ်လပ်မှုကိုလိုချင်တဲ့ဆန္ဒတွေကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ဒါပေမယ့်တပါတီအစိုးရဟာ ပြည်သူတွေရဲ့တောင်းဆိုမှု တွေကို လိုက်လျောခြင်းမရှိပဲငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေကြတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ပြည်သူတွေကိုလက်နက်အားကိုးပြီး ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြလို့ ဝမ်းနည်းစရာ ကြေကွဲစရာနဲ့သွေးညှီနံ့များလွှမ်းခဲ့ကြရပါတယ်။ သူတို့တွေ ဘယ်လိုပဲ သတ်ဖြတ်သတ်ဖြတ်ကျမတို့ပြည်သူတွေဟာ သတ္တိရှိရှိနဲ့ရင်ဆိုင်ခဲ့ကြလို့သမတ(၃)ဦးဆက်တိုက်ပြောင်းခဲ့ရပါတယ်။ ပါတီစုံကို ပေးမယ်လို့ ကြေညာခဲ့ရပါတယ်။ ဒီလိုတနိုင်ငံလုံး ကျေးရွာလေးတွေကနေ မြို့ကြီးတွေအထိ ဆန္ဒပြ တောင်းဆိုခဲ့ကြတာဟာမြန်မာနိုင်ငံမှာ သမိုင်းဝင်တော်လှန်မှုကြီးတခုပါပဲ။
ဒါပေမယ့် စစ်တပ်ကိုသုံးပြီး(၁၉၈၈)ခုနှစ် စက်တင်္ဘာ လ(၁၈)ရက်နေ့မှာ ဒီမိုကရေစီအရေးတော်ပုံကြီးကိုလက်နက်နဲ့ဖြိုခွင်းပြီး အာဏာသိမ်းခဲ့ကြလို့ ကျမတို့ ပြည်သူတွေ နောက်ထပ်တဖန်သွေးမြေကြခဲ့ရပြန်ပါတယ်။
အာဏာသိမ်းခဲ့ပြီး မကြာမီမှာပဲနိုင်ငံရေးပါတီတွေထူထောင်ခွင့်ပေးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတာကိုလည်းကြားသိခဲ့ရပါတယ်။ နောက်ပိုင်းမှာ ကျမလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲကိုအဖွဲ့ဝင်တဦးအဖြစ် ဝင်ရောက်ခဲ့ပါတယ်။
ဝင်ခဲ့ရတဲ့အကြောင်းအချက်တွေကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ကျမတို့နိုင်ငံရဲ့လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး၊ ပြည်သူတွေချစ်ခင်လေးစားတဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေတ် အဆက်ဆက်တပ်မတော်သားတွေ လေးစားကြည်ညိုတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးတို့ကို ချစ်ခင်လေးစားယုံကြည် တာကတကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မူဝါဒများကိုနှစ်သက်တာက တကြောင်း၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေးတွေကိုအကောင်အထည်ဖေါ် ဆောင်ရွက်ပေးနိုင်မယ်လို့ယုံကြည်တာကတကြောင်းနဲ့ ယနေ့လက်ရှိကာလမှာဒီမိုကရေစီကို ရယူပေးနိုင်မယ့် အဖွဲ့အစည်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲလို့ယုံကြည်တဲ့အကြောင်းတွေကြောင့် ကျမဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထဲကိုဝင်ရောက်ခဲ့ပါတယ်။

ပါတီဝင်တဦးရဲ့ အကြမ်းမဖက်တဲ့ လှုပ်ရှားမှုများ

ကျမဟာအဖွဲ့ဝင်အဖြစ်ဝင်ခဲ့ပြီးနောက်ပိုင်းမှာ အဖွဲ့ချုပ်မှထုတ်ပြန်တဲ့ ကြေညာချက်တွေ ဖြန့်ဝေပြီးစည်းရုံးရေး လုပ်ငန်းများကို ကျမနေထိုင်ရာဒေသပတ်ဝန်းကျင်မှာ တတ်နိုင်သ၍လုပ်ဆောင်ခဲ့ပါတယ်။အဖွဲ့ချုပ်မှ ရပ်/ကျေးညီလာခံများ ပြုလုပ်လာတဲ့အခါမှာ ကျမက မှော်ဘီမြို့နယ်၊လှည်းငုတ် ချောင်းအုပ်စုရပ်/ကျေး အတွင်းရေးမှူး အဖြစ်အရွေးခံခဲ့ရပါတယ်။ ကျမရပ်/ကျေး အတွင်းရေးမှူးဖြစ်လာတဲ့အခါ မြို့နယ်က ခေါ်ယူတဲ့ အစည်းအဝေးတွေကို တက်ရပါတယ်။အစည်းအဝေးတက်ပြီး ပြန်လာတဲ့ အခါမှာ ကျမတို့ရပ်/ကျေးအဖွဲ့ကိုပြန်လည်ရှင်းပြရပါတယ်။နောက်ပြီးပတ်ဝန်းကျင်က ပြည်သူတွေ သိရှိနားလည်အောင်လည်း ကျမတတ်နိုင်သမျှရှင်းလင်းပြပါတယ်။
အဖွဲ့ချုပ်ကပေးအပ်တဲ့တာဝန်တွေကိုဆောင်ရွက်နေရင်းနဲ့ (၁၉၈၉)ခုနှစ် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ကျမနဲ့မြို့နယ်ကအဖွဲ့ချုပ်ဝင်တွေ လာရောက်ခဲ့ပါတယ်။ ကျမတို့ဟာ ရွှေဂုံတိုင်လမ်းမကြီး ဘေးနှစ်ဘက်မှာသံဃာတွေနဲ့ ပြည်သူအများရောက်ရှိနေတာကို တွေ့ရပါတယ်။ အဲ့ဒီအချိန်မှာကျမတို့စီးလာတဲ့ကားရဲ့ ရှေ့ ဆယ်ကိုက်လောက်မှာ အာဏာပိုင်တွေက ပြည်သူတွေကိုတုတ်တွေနဲ့ရိုက်နေတာကို တွေ့ရပါတယ်။ အဲ့ဒီအချိန်မှာ ကားကဆက်သွားလို့မရတော့တာကြောင့် ကားပေါ်မှ ဆင်းနေတဲ့အချိန်မှာ ရိုက်နှက်သူများကျမတို့နဲ့နီးလာတာနဲ့ လမ်းကြားထဲကိုပြေးဝင်ပြီး အိမ်တွေကို အကူအညီ တောင်းပြီးခေတ္တဝင်နေရပါတယ်။ အိမ်ရှင်တွေကျမတို့ကို နောက်ဖက်လမ်းကပြန်ပို့လို့လမ်းမကြီးပေါ်ရောက်လာရာ နောက်တခေါက် ပြန်လာတော့ \ရွှေဂုံတိုင်မရောက်ခင်မှာ တချို့က ပန်းခွေတွေကိုင်ထားတာကိုတွေ့ရပါတယ်။အဲ့ဒီလိုစုရုံးနေတာကို အာဏာပိုင်တွေက တုတ်များနဲ့ရိုက်နှက်ကြပါတယ်။ ကျမတို့လည်းသူတို့ရိုက်နှက်တာကို ရှောင်လိုက်၊ ပြန်လာလိုက်နဲ့ ညနေအထိကို ရောက် ရှိသွားပြီးညနေစောင်းတော့မှ ကျမတို့ဟာ မှော်ဘီမြို့ကိုပြန်ခဲ့ပါတယ်။
တိုင်းပြည်လွတ်လပ်ရေးအတွက်ကြိုးပမ်းရင်း အသက်စွန့်သွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးအမြတ် ထားပြီးဂါရဝပြု လွမ်းသူ့ပန်းခွေချဖို့ရန်လာတဲ့ ပြည်သူတွေကို တုတ်နဲ့ရိုက် တာ၊ဖမ်းဆီးတာတွေဟာ အင်မတန်မှ အကျည်းတန်အရုပ်ဆိုးတဲ့ အလုပ်တခုပါပဲ။ နိုင်ငံကိုအုပ်ချုပ် နေတဲ့အစိုးရအနေနဲ့ ဒီလိုလုပ်ရပ်တွေဟာ အာဇာနည်ကြီးတွေရဲ့ ကျေးဇူးတရားကိုသိပါရဲ့လား။ တန်ဖိုး ထားပါရဲ့လားလို့ မေးချင်ပါတယ်။
နောက်တနေ့မှာအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥက္ကဋ္ဌဦးတင်ဦးတို့ကို ဖမ်းဆီးလိုက်တယ်ဆိုတာကိုကြားသိရပါတယ်။ တနိုင်ငံလုံးမှာရှိတဲ့ တိုင်းအဖွဲ့ဝင်တွေ၊မြို့နယ်အဖွဲ့ဝင်တွေ ကိုလည်း ဖမ်းဆီးလိုက်တယ် ဆိုတာကိုလည်းသိရပါတယ်။ ကျမတို့မှော်ဘီိမြို့နယ်မှာလည်း မြို့နယ် အဖွဲ့ဝင်(၈)ယောက် အဖမ်းခံကြရပါတယ်။
ကျမတို့လည်းဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးတဲ့အတွက် အလွန်စိတ်မကောင်းဖြစ်ကြရပါတယ်။ ဖမ်းဆီးတဲ့စစ်အစိုးရကိုလည်း ဒေါသထွက်ကြရပါတယ်။ ပြည်သူတွေကလည်း ကျမတို့လိုပဲ မကျေနပ်တာတွေ၊ဝမ်းနည်းတာတွေနဲ့ကို ခံစားရကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုဖမ်းဆီးတာဟာကျမတို့နိုင်ငံ ဒီမိုကရေစီရရှိရေးကို နှောင့်နှေးအောင် လုပ်တယ်လို့ ကျမတို့မြင်မိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖေဗိုလ်ချုပ်အောင်ဆန်းက သူ့ကျွန် ဘဝကနေ ကျမတို့နိုင်ငံလွတ်လပ်ရေးရအောင်ကြိုးပမ်းခဲ့သလို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း အာဏာရှင်စနစ်ကနေ၊ဒီမိုကရေစီစနစ်ကိုပြောင်းလည်းအောင်၊ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေရရှိအောင်ကြိုးပမ်းနေတဲ့ခေါင်းဆောင်ဖြစ်ပါတယ်။
ဒီနေရာမှာရှင်းပြလိုတာကတော့ကျမအပါအဝင် ပြည်သူတွေဟာ ဒီမိုကရေစီလိုချင်တာဟာ အဓိကဖြစ်ပေမယ့်ကျမတို့လိုချင်တဲ့ဒီမိုကရေစီကို အရယူပေးမယ့် ခေါင်းဆောင်ရှိဖို့ လိုအပ်တယ်ဆိုတာကိုကျမတို့အားလုံး နားလည်သဘောပေါက်ကြပါတယ်။ အဲ့ဒီခေါင်းဆောင်ဟာလည်းဒေါ်အောင်ဆန်းစုကြည်ပဲလို့ ကျမတို့အားလုံးက ခံယူကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှုအောက်မှာ တသဝေမတိမ်းလိုက်ပါဆောင်ရွက်ဖို့လည်း ဆုံးဖြတ်ထားပါတယ်။အဲ့ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံနေရတဲ့အချိန်မှာ ကျမဟာအဖွဲ့ချုပ်ရဲ့ လုပ်ငန်းတွေကို အားသွန်ခွန်စိုက်လုပ်ကိုင်ခဲ့ပါတယ်။ မြို့နယ်စည်းရုံးရေးအဖွဲ့ဝင်များနဲ့လည်း ပူးတွဲဆောင်ရွက်ခဲ့ပါတယ်။
၉၀ ရွေးကောက်ပွဲကာလ အတွေ့အကြုံများ
(၁၉၉ဝ)ပြည့်နှစ်မေလ(၂၇)ရက်နေ့မှာ ရွေးကောက်ပွဲလုပ်ပေးမယ်လို့ကြေညာတဲ့အခါမှာ ကျမတို့ဟာရွေးကောက်ပွဲ အနိုင်ရရှိရေးဖက် ဦးတည်ကြပါတယ်။ ရွေးကောက်ပွဲလုပ်ပေးပေမယ့်တရားမျှတမှုရှိပါ့မလားဆိုတာ သံသယတွေ ဖြစ်ကြရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ဟာလွတ်လပ်စွာနဲ့ စည်းရုံးပြောဆိုလို့လည်းမရ၊ ပြိုင်ဖက်ပါတီနဲ့ ကျမတို့အပေါ်ထားရှိတဲ့သဘောထားတွေကလည်း မညီမျှတော့ ကျမတို့ဟာ တရားမျှတပြီး လွတ်လပ်တယ်ဆိုတာ ဘာလဲလို့မေးရမလိုဖြစ်နေပါတယ်။ဒါပေမယ့်လည်း အဖွဲ့ချုပ် ခေါင်းဆောင်တွေက ရွေးကောက်ပွဲဝင်မယ်လို့ဆုံးဖြတ်ခဲ့ကြတာကြောင့် ရွေးကောက်ပွဲအောင်နိုင်ရေးကိုလုပ်ဆောင်ဖို့အောင်နိုင်ရေးအဖွဲ့တွေဖွဲ့ကြပါတယ်။ မြို့နယ် စည်းရုံးရေး အဖွဲ့ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စီစစ်ရေးအဖွဲ့တွေဖွဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုရွေးချယ်ကြပါတယ်။
 ဒီနေရာမှာ အဖြစ်အပျက်ကလေးတခုကတော့ ကျမတို့ မှော်ဘီမြို့နယ်မှာမဲဆန္ဒနယ်မြေ(၂)ခုရှိပါတယ်။ မဲဆန္ဒနယ်မြေ(၁)အတွက် ရွေးချယ်ထားတဲ့သူကဒေါက်တာမျိုးဝင်း ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ဒီမိုကရေစီအရေးတော်ပုံကာလကမြို့နယ်မှာ ဦးဆောင် ဦးရွက်ပြုခဲ့တဲ့ ဦးစိုးကို ဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဦးစိုး လွတ်လာတော့ မြို့နယ်က လူအများစုကနေပြီး ဦိးစိုးကိုသာရွေးချယ်ဖို့ဆန္ဒတွေပေးကြပြန်တယ်။ ဦးစိုးဟာ အရေးတော်ပုံကာလမှာဦးစီးဦးရွက်ပြုခဲ့တဲ့အပြင် ဖမ်းဆီး အထိန်းသိမ်းခံရပြီး အနစ်နာခံရသူ တဦးလည်းဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ဒေါက်တာမျိုးဝင်းဟာ သဘောထားကြီးစွာနဲ့နောက်ဆုတ်ပေးလိုက်ပြီး မြို့နယ်အောင်နိုင်ရေးကော်မတီမှာ ဒု-ဥက္ကဋ္ဌတာဝန်နဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အနိုင်ရရှိရေးကိုဆောင်ရွက်ပါတယ်။ ဒေါက်တာမျိုးဝင်းရဲ့သဘောထားကြီးမှု၊ ဒီမိုကရေစီ ရရှိရေးအတွက် ကျရာ တာဝန်ကို မညည်းမညူဘဲထမ်းဆောင်နိုင်မှု၊ နေရာလိုချင်မှုများမရှိမှုကိုတွေ့ရတော့ ကျမတို့ဟာဒေါက်တာမျိုးဝင်းကို လေးစားမိပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်းတွေစီစစ်ရွေးချယ်တော့မှ ထိန်းသိမ်းထားတဲ့လူတွေ ပြန်လွှတ်ပေးလိုက်တာကိုလည်း သံသယများစွာဖြစ်ရပါတယ်။ရှေ့လူနဲ့နောက်လူဆိုတဲ့ ပြဿနာတွေပေါ်လာပြီး မြို့နယ် စည်းရုံးရေးအဖွဲ့အတွင်းသဘောထားတွေ ကွဲနိုင်ပါတယ်။ ဒါပေမယ့် ကျမတို့ဟာ ဒီမိုကရေစီအရေးကိုသာ အဓိကထားတာမို့ဘယ်လိုပုံစံမျိုးတွေနဲ့ပဲ လုပ်လုပ် ကျမတို့ရဲ့ညီညွတ်မှူကိုဖြိုခွဲလို့မရနိုင်ပါဘူး။
ကျမဟာရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလမှာ မှော်ဘီမြို့နယ်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီမှာ အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ကျမတို့ဟာမဲဆန္ဒနယ်မြေအတွင်းမှာရှိတဲ့ ပြည်သူတွေဆီကို ခမောက်ကိုဆောင်း၊ ကရင်အင်္ကျီကိုဝတ်ပြီးအဖွဲ့ချုပ်အောင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊အောင်နိုင်ရေးအဖွဲ့ဝင်များနဲ့အတူစည်းရုံးရေးထွက်ခဲ့ပါတယ်။
 ကျမတို့အဖွဲ့ကို ရောက်တဲ့ကျေးရွာမှာရှိတဲ့ပြည်သူတွေကဝမ်းပန်းတသာကြိုဆိုကြပါတယ်။ သူတို့မှာရှိတဲ့ အစားအသောက် ကလေးတွေနဲ့ဧည့်ခံကျွေးမွေးပြီး ကျမတို့တတွေကို ဆွေမျိုးသားချင်းညီအကို မောင်နှစ်မများပမာရင်းနှီးပျူငှာစွာဆက်ဆံကြပါတယ်။ ကျမတို့ရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့မြို့နယ် အောင်နိုင်ရေးအဖွဲ့က တာဝန်ရှိသူများရဲ့ဟောပြောမှုတွေကိုလည်း စိတ်ပါဝင်စားစွာနဲ့ နားထောင်ကြပြီး သူတို့ရဲ့ခံစားခဲ့ရတာတွေနဲ့ သူတို့ရဲ့မျှော်မှန်းချက်တွေကို မေးကြပြောကြပါတယ်။ ကျမတို့ကလည်းပြည်သူတွေ သဘောပေါက်အောင် ရှင်းပြကြပါတယ်။
တိုင်းရင်းသားပြည်သူနဲ့ တသားတည်းပါတီအင်န်အယ်ဒီ
အဲဒီမှာ ကျမတို့ကြုံရတာကတော့ကျမတို့ တောသူ တောင်သားတွေဟာ တပါတီစနစ်အောက်မှာကြီးပြင်းခဲ့ကြရလို့ဒီတပါတီစနစ်ဆိုးကြီးကြောင့် ခံစားခဲ့ရတာတွေကို ပြောဆိုတာတွေကိုနေရာတိုင်းလိုလိုမှာ တွေ့ရပါတယ်။ သူတို့ရဲ့ဆန္ဒတွေမှာလည်း သူတို့ကိုမတရားလုပ်ခဲ့တဲ့စနစ်မျိုး ပြန်မပေါ်ဖို့ သူတို့ကို နှိပ်စက်ခဲ့တဲ့သူတွေပြန်မအုပ်ချုပ်စေဖို့နဲ့ လွတ်လွတ် လပ်လပ်လုပ်ကိုင်စားသောက်ဖို့ကို အဓိကထားပြီးမျှော်လင့်တာကို တွေ့ကြရပါတယ်။ ကျမတို့ကလည်း နောင်ပြည်သူတွေကိုနှိပ်စက်တဲ့စနစ်မျိုးမပေါ်အောင်ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုတာရှိမှဖြစ်မယ်။ ဒီလိုရရှိဖို့အတွက် အားလုံးကညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းဆောင်ရွက်မှသာ ရမယ်ဆိုတာကို ရှင်းပြကြပါတယ်။အဖွဲ့ချုပ်က ထုတ်ပြန်တဲ့မူတွေကို လည်းရှင်းပြကြပါတယ်။
ကျမတို့ဟာတရွာဝင်တရွာထွက်တမြို့နယ်လုံး မြို့ပေါ်ရပ်ကွက်တွေပါမကျန် စည်းရုံးရေးခရီး သွားကြပါတယ်။ ကျမတို့ကိုရွာသူရွာသားတွေက ဒေါ်အောင်ဆန်းစုကြည်အဖွဲ့၊ ခမောက်အဖွဲ့၊ဒီမိုကရေစီအဖွဲ့လို့ခေါ်ကြပါတယ်။ ကျမတို့ စည်းရုံးရေး ဆင်းခဲ့စဉ်အတွင်းမှာအတွေ့အကြုံတခုကို ပြောပြချင်ပါတယ်။ အသက်အရွယ်အိုမင်းလှတဲ့ ကရင် ဘကြီးတဦးကသူ့ရဲ့စိတ်မှာ ရှိတာတွေကို ပြောပါတယ်။ ဒီမိုကရေစီရရှိတဲ့အခါသူမရှိတော့လို့သူမခံစားရရင်လည်း နောင်လာနောက်သားတွေအတွက် ဒီမိုကရေစီ ရရှိရေးကိုတော့တာဝန်ကျေအောင် မဲထည့်ပေးရမယ်လို့ ပြောပါတယ်။
 ဒီလိုစိတ်ဓါတ်မျိုးတွေဟာ တနိုင်ငံလုံးမှာရှိတဲ့ပြည်သူအများစုမှာရှိရင် ကျမတို့ဒီမိုကရေစီကို မုချရမှာပဲဆိုတာကို ကျမ တွေးမိပါတယ်။ဒီလိုစိတ်ဓါတ်ရှိတဲ့ လူမျိုးတွေကို လေးစားမိပါတယ်။
ကျမတို့တွေစည်းရုံးရေးဆင်းတဲ့အခါမှာ တချို့နေရာလေးတွေမှာ ပြိုင်ဖက်ပါတီဝင်တချို့ရဲ့ ရမ်းကားစော်ကားတာကိုတွေ့ကြုံရပါတယ်။ ကျမတို့က သည်းခံကြပါတယ်။ ရောက်ရာအရပ်တိုင်းမှာအစည်းအဝေးဖြစ်အောင်လုပ်ပြီး လူထုကို ဟောပြော ကြပါတယ်။
ကျမတို့ရဲ့နယ်မြေမှာစစ်တပ်များရှိပါတယ်။ စည်းရုံးရေးဆင်းရတဲ့အခါမှာ တပ်မတော်သားများနဲ့တွေ့ရတဲ့အခါရှိပါတယ်။ တချို့က ပါတီရဲ့မူဝါဒတွေကိုမေးကြပါတယ်။ ကျမတို့က သူတို့မေးတာကိုနားလည်အောင်ရှင်းပြကြပါတယ်။ သူတို့ကလည်း လိုလိုလားလားနားထောင်ကြပါတယ်။ ကျမတို့ဟာရွေးကောက်ပွဲမကျင်းပမီအချိန်ကာလတခုလုံး အောင်နိုင်ရေးကိစ္စကိုသာ တမြို့နယ်လုံးမှာစည်းရုံးလှုပ် ရှားကြပါတယ်။
အသည်းကြားက မဲတပြားနဲ့ ၁၉၉၀ပါတီစုံရွေးကောက်ပွဲကာလ
ရွေးကောက်ပွဲကျင်းပတဲ့(၁၉၉ဝ)မေလ(၂၇) ရက်ကိုရောက်လာပါပြီ။ ပြည်သူတွေက မဲပေးဖို့ မနက်စောစောကတည်းကမဲရုံရှေ့ကို ရောက်နေကြပါတယ်။ မဲရုံရှေ့မှာလူတွေပြည့်နေကြပါတယ်။ မဲပေးဖို့တန်းစီတဲ့သူတွေ၊ မဲစားရင်းရှာတဲ့သူတွေ၊ မဲပေးပြီး ပြန်ထွက်လာတဲ့သူတွေနဲ့အုံးအုံးကြွက်ကြွက်ပါပဲ။
ဒီနေရာမှာ ကျမတို့အဖွဲ့ချုပ်အနေနဲ့အခြားယှဉ်ပြိုင်ဖက်ပါတီတွေထက်သာတဲ့ အချက်ကလေး တခုကတော့ ကျမတို့ဟာရွေးကောက်ပွဲမတိုင်ခင်ကတည်းက မဲစာရင်းတွေကူးထားကြပါတယ်။ အဲဒီ မဲစာရင်းကမဲစာရင်းအမှတ်တွေကိုလည်း မဲထည့်မည့်သူတွေကိုကြိုတင်ပြီး တအိမ်တက်ဆင်း လိုက်လံပြောထားကြပါတယ်။ မဲပေးပုံမဲပေးနည်းစနစ်ကိုလည်း ရှင်းပြထားပါတယ်။
 အဲဒီလို ရှင်းပြထားတာကြောင့် မဲပေးတဲ့နေ့မှာမဲပေးမယ့်ပြည်သူတွေဟာ မဲရုံရှေ့မှာ မဲစာရင်းအမှတ်လိုက်ရှာဖို့ အခက်အခဲက အတော်လေးပြေလည်ကြပါတယ်။ မမှတ်မိတဲ့လူတွေလောက်သာ ထပ်ပြီးရှာကြရပါတယ်။ မဲပေးတဲ့အခါမှာလည်းအမှားအယွင်းနည်းအောင် မဲပေးနိုင်တာကိုလည်းတွေ့ရပါတယ်။ ပြည်သူတွေဟာ တနေကုန်မဲပေးကြပါတယ်။ ဒီရွေးကောက်ပွဲမှာမဲပေးဖို့ဟာ သူတို့အတွက် အလွန်အရေးကြီးတယ်ဆိုတာကိုလည်း သိနေကြပါတယ်။ တချို့ဆိုရင် အဝေးမှလာရလို့ မဲရုံပိတ်မှရောက်လာကြပါတယ်။ဒါပေမယ့် မဲရုံက မဲပေးမယ့်သူမရှိတော့ဘူးအထင်နဲ့ (၄)နာရီမထိုးခင် ပိတ်လိုက်လို့နောက်ထပ်ရောက်လာတဲ့ မဲပေးပိုင်ခွင့်ရှိသူတွေအတွက် ကျမတို့က မဲရုံမှူးကိုမဲပေးခွင့်ပြုဖို့ပြောပါတယ်။ မဲရုံမှူးကလည်း မဲပေးခွင့် ပေးပါတယ်။
ညနေ(၄)နာရီထိုးတဲ့အခါမဲတွေကိုရေတွက်ပါတယ်။ မဲရေတွက်တာကို လူအများ လာကြည့်ခွင့်ပေးထားပါတယ်။ မဲတွေကိုဇလုံကြီးထဲကို သွန်ထည့်လိုက်ပါတယ်။ ဇလုံထဲကမဲတွေကို တရွက်ခြင်း ကြည့်ရှု စစ်ဆေးပြီးမဲပေးတဲ့ပါတီအလိုက် ခမောက်၊ စပါးနှံ စသည် အမည်များသုံး၍ အော်ပါတယ်။ အော်ပြီးခမောက်ရတဲ့မဲပုံး၊ စပါးနှံရတဲ့မဲပုံး- စသည်ဖြင့်ရရှိတဲ့မဲတွေ မဲပုံးအလိုက်ကိုထည့်ပါတယ်။ ပယ်မဲတွေလည်း ရှိပါတယ်။
 မဲတွေခွဲလာကာ ကျမတို့အဖွဲ့ချုပ်ရဲ့ ခမောက်မဲပုံးထဲမှာမဲတွေပြည့်နေပြီး၊ ပြုင်ဘက်ပါတီရဲ့ မဲပုံးထဲမှာတော့ မဲရွက်နည်းနည်းလေးသာရှိပါတယ်။ကျမတို့က မဲတွေမရေတွက်ခင် ကတည်းက နိုင်ပြီဆိုတာကို သိနေပါတယ်။ ကျမတို့က မဲပြားတွေစစ်ဆေးတာကိုကြည့်ပြီး ကျမတို့ ခမောက်မဲပုံး မဲရွက်တွေပြည့်လာတာကိုအလွန်ပဲဝမ်းသာနေပါတယ်။ မဲရွက်တွေစစ်ဆေးပြီးလို့ ပါတီ အလိုက် ရတဲ့မဲတွေကိုရေကြပါတယ်။
 ကျမတို့အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။
ကျမ တို့ဟာ တမြို့နယ်လုံးရဲ့အနိုင်အရှုံးကို မဲပေးတဲ့ညတွင်းပဲ သိရပါတယ်။ သက်ဆိုင်ရာမဲရုံတွေမှာ တာဝန်ကျတဲ့မဲရုံကိုယ်စားလှယ်တွေဟာ အောင်နိုင်ရေးရုံးကို စုရပ်ထားပြီး ညတွင်းလာရောက်ကြလို့ရတဲ့မဲတွေကို ပေါင်းလိုက်တဲ့အခါမှာ အဖွဲ့ချုပ်က မဲဘယ်လောက်နဲ့ အပြတ်အသတ်အနိုင်ရရှိတာကို သိနေကြပါတယ်။
မဲအနိုင်ရရှိတဲ့အခါကျမတို့အလွန်ပျော်ကြပါတယ်။ ကျမဆိုရင်- ကျမတို့ ကရင်လူမျိုးတွေအတွက်ပိုလို့ပီတိဖြစ်ရပါတယ်။ ကျမတို့ မှော်ဘီမြို့နယ်မှာ နေထိုင်ကြတဲ့သူတွေထဲမှာကရင်လူမျိုး အများအပြားပါပါတယ်။ တချို့ရွာတွေမှာဆိုရင် ရွာလုံးကျွတ်ကရင်တွေချည်းပါပဲ။ ကျမတို့ ကရင် တိုင်းရင်းသားများဟာ ရွေးကောက်ပွဲမှာဒီမိုကရေစီကို ဖေါ်ဆောင်ပေးမယ့် အဖွဲ့အစည်းကို ရွေးချယ်တာဟာကျမတို့ကရင်လူမျိုးတွေရဲ့ မှန်ကန်တဲ့စိတ်ဓါတ်နဲ့ ဒီမိုကရေစီကိုဘယ်လောက်လိုချင်တယ်ဆိုတာကို ပြသလိုက်တာဖြစ်ပါတယ်။ ကျမတို့ပျော်သလို၊ပီတိတွေဖြစ်ရသလို၊ ပြည်သူတွေကလည်း အိမ်မှာစုပြီး အနိုင်ရတာကိုဝမ်းသာအားရနဲ့အိမ်မှာစုပြီး အနိုင်ရတာကို ဝမ်းသာအားရနဲ့ ပြောတဲ့သူကပြော၊စားသောက်ဆိုင်တွေ သွားတဲ့သူကသွား၊ စားတဲ့သူကစား၊ သောက်တဲ့သူက သောက်နဲ့ အလွန်ပျော်နေကြပါတယ်။
ရွေးကောက်ပွဲအလွန် ရုန်းကန်လှုပ်ရှားရမှုများ
ရွေးကောက်ပွဲလည်းအနိုင်ရရှိခဲ့သွားတော့မဲပေးခဲ့ကြတဲ့ပြည်သူတွေက ဘယ်တော့အာဏာ လွှဲမှာလဲ၊ ဘယ်တော့ လွှတ်တော် ခေါ်မှာလဲဆိုတာကိုအရေးတခုလိုမေးကြပြောကြတာကိုကြားရတွေ့ရ ဖြစ်လာပါတယ်။ စစ်အစိုးရကလည်းအာဏာလွှဲပေးတာလည်း မတွေ့ရ၊ လွှတ်တော်ခေါ်တာလည်း မတွေ့ရပဲ နောက်ပိုင်းမှာကိုယ်စားလှယ်တွေ အဖမ်းခံရတာကို သိလာရပါတယ်။ ရွေးကောက်ပွဲပြီးလို့ အချိန်ကလည်းကြာ၊လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ဖမ်းတာဆီးတာလုပ်လာတော့ ပြည်သူတွေကစိုးရိမ်စိတ်တွေဝင်လာကြပါတယ်။
ကျမတို့ကလည်း အာဏာပိုင်လူကြီးတွေက ရွေးကောက်ပွဲ ပြီးရင် အနိုင်ရတဲ့ပါတီကို အာဏာလွှဲပြီးစစ်တန်းလျားပြန်မယ်ပြောထားတာဆိုတော့ ရွေးကောက်ပွဲ ပြီးရင် တကယ်ပဲအာဏာလွှဲပေးပြီးဘယ်နေ့များ စစ်တန်းလျား ပြန်မယ်ဆိုတာကို စောင့်ကြည့်ရတာ အမောပါပဲ။ ဒါပေမယ့်အာဏာလည်းမလွှဲ၊ စစ်တန်းလျားလည်းမပြန်ပဲ စစ်တန်းလျားပြန်မယ် ပြောတဲ့လူသာအငြိမ်းစားရသွားတာကို ကြားရတော့တာပဲ။ အစိုးရအဖွဲ့လည်း နဝတကနေ နအဖကို ပြောင်းလဲသွားတာကို တွေ့ရပါတယ်။
ဘယ်လိုပဲအစိုးရတွေပြောင်းပြောင်း ရွေးကောက်ပွဲမှာ ကျမတို့အဖွဲ့ချုပ် အနိုင်ရခဲ့တာကိုတော့ပြောင်းလို့မရဘူးဆိုတာကို ကျမယုံကြည်မိပါတယ်။ ရွေးကောက်ပွဲမှာ ကျမတို့အဖွဲ့ချုပ်ကကရင်တိုင်းရင်းသား ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တွေလည်း အနိုင်ရရှိကြပါတယ်။ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ဧရာဝတီတိုင်းတို့မှာ ရွေးချယ်ခံခဲ့ရပါတယ်။
ကရင်ပြည်နယ်အဖွဲ့ချုပ်ခေါင်းဆောင်ဟာ အမျိုးသမီးပါ။ နန်းခင်ထွေးမြင့်ဖြစ်ပါတယ်။ သူကကရင်ပြည်နယ်၊ ဖားအံမြို့နယ် မဲဆန္ဒနယ်အမှတ်(၃)နယ်မြေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ ကရင်တိုင်းရင်းသား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာအမျိုးသမီးတဦး ပါရှိနေလို့ ကျမတို့ ကရင်လူမျိုးတွေ အတွက်ရော၊ ကျမတို့အမျိုးသမီးထုကြီးအတွက် အလွန်ပဲ ဂုဏ်ယူမိပါတယ်။ကျမတို့ကရင်အမျိုးသမီးရေးရာကိစ္စတွေကို ဦးဆောင်ဦးရွက်ပြုပြီးဆောင်ရွက်ပေးနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။
 နန်းခင်ထွေးမြင့်ဟာ အမျိုးသမီးညီလာခံ အကြိုညှိနှိုင်းပွဲမှာ အဖွဲ့ချုပ်ရဲ့တဦးတည်းသော အမျိုးသမီးကိုယ်စားလှယ်အဖြစ် တက်ရောက်ရပါတယ်။ အကြို ညှိနှိုင်းဆွေးနွေးပွဲမှာ နန်းခင်ထွေးမြင့်ဆွေးနွေးခဲ့တာတွေကိုလည်း ကြားရပါတယ်။ ဒါပေမယ့်နန်းခင်ထွေးမြင့်ဟာ ညီလာခံ အကြိုညှိနှိုင်းပွဲကပြန်လာပြီးတဲ့အခါမှာငွေစာရင်းနဲ့ငြိစွန်းတယ်ဆိုပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှပယ်ဖျက်တာကိုခံလိုက်ရပါတယ်။ ဒါတင်မကသေးပါဘူး။ အဖွဲ့ချုပ်ရဲ့(၅ဝ)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားမှာ ရောင်းချဖို့ ကရင်တိုင်းရင်းသားဝတ်စုံတွေကိုကားနဲ့သယ်လာရာကနေ အာဏာပိုင်တွေကရှာဖွေဖမ်းဆီးပြီး ပြဿနာလုပ်ကာ ထောင်(၂)နှစ်ချခံလိုက်ရပါတယ်။
 ကျမတို့လည်း ကရင်လူမျိုးတွေအတွက်ရော၊ အမျိုးသမီိးတွေအတွက်ရောအခုလိုလုပ်တာ မကျေမနပ်ဖြစ်ရပါတယ်။ ပြည်ထောင်စုနေ့မှာ ကရင်ရိုးရာထည်ဝတ်စုံရောင်းချဖို့လာတဲ့ ကရင်အမျိုးသမီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထောင်ချခံရတယ်ဆိုတာ ကျမတို့ကရင်လူမျိုးတွေအတွက် မမေ့နိုင်တဲ့ ဖြစ်ရပ်တခုပါ။နောက်ပိုင်းမှာ နန်းခင်ထွေးမြင့်တင် မကတော့ပါဘူး။ တခြားကိုယ်စားလှယ်တွေကိုလည်းပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်တာ၊ နှုတ်ထွက်ခိုင်းတာ၊ ဖမ်းဆီးတာ၊ထောင်ချတာတွေကို ကြားရမြင်ရ ဖြစ်လာတော့ အုပ်ချုပ်တဲ့အာဏာပိုင်တွေဟာကတိမတည်တဲ့အပြင် မလုပ်သင့်မလုပ်ထိုက်တာတွေကို လုပ်လာတာကို တွေ့ကြုံရပါတော့တယ်။
တရားမ၀င်တော့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ်သို့ရောက်ခဲ့ပုံများ
(၁၉၉၈)ခုနှစ်နောက်ပိုင်းမြို့နယ်တွေမှာ ပြည်သူလူထုက လွှတ်တော်ကိုယ်စားလှယ်များကို ‘အယုံအကြည်မရှိ၊မထောက်ခံ’ဆိုတဲ့ အစည်းအဝေးတွေလုပ်လာတာကို သတင်းစာထဲမှာရော ရုပ် မြင်သံကြားမှာရောတွေ့လာရပါတယ်။ ကျမတော့ ဒါကိုကြည့်ပြီး စိတ်လည်းပျက်ရပါတယ်။ ရယ်လည်း ရယ်ရပါတယ်။
 ‘နေပူကျဲကျဲမှာ ပြည်သူတွေကို ခေါ်ထိုင်ခိုင်းပြီးသူတို့ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ် စားလှယ်တွေကို မထောက်ခံကြောင်းအော်ခိုင်တာတွေ၊ ဆိုင်းဘုတ်ထောင်တာတွေ၊ စုဝေးရောက်လာ တဲ့သူတွေရဲ့စိတ်ပျက်လက်ပျက်ထိုင်နေတဲ့ပုံတွေကိုကြည့်ရတာ စီးပွားရေး အဆင်မပြေကြလို့ စိတ်မချမ်းမသာဖြစ်နေရတဲ့ပြည်သူတွေကို တခဏစိတ်ညစ်တာလေးတွေ ပျယ်သွားအောင် ရယ်မောဖွယ်ရာများလုပ်ပြနေသလား’လို့တောင်တွေးရမလိုဖြစ်နေရပါတယ်။
ဘယ်လိုလုပ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးကို ဒီလိုလုပ်လိုက်တာနဲ့ တရားမဝင်တော့ဘူးလို့ပြောရမှာလဲ။စဉ်းစာတတ်တဲ့ ကလေးတယောက်ကို ပြောပြရင်တောင် လက်ခံမှာမဟုတ်ဘူး။ “တောမှာသွားပြော”လို့ပြောမှာ။ ဒါပေမယ့် တောမှာ သွားပြောလည်း မရပါဘူး။ဒီကိုယ်စားလှယ်တွေကို တောကလူတွေက မဲပေးထားကြတာ။ အဲ့ဒီတော့ ဒီလိုရယ်မောဖွယ်ရာပြဇာတ်ကလေးတွေကို ဘယ်နှစ်ပွဲလောက်များကြည့်ရဦးမလဲ ဆိုတာ ကိုတော့ဟာသဇာတ်ပွဲဒါရိုက်တာတွေရဲ့ ညွှန်ကြားမှုပဲပေါ့။ ကျမတို့ကတော့ ရယ်စရာလေးတွေ အတွက်ရယ်မောရဦးမှာပဲ။
(၁၉၉၅)ခုနှစ် ဇူလိုင်လထဲမှာကျမတို့ရဲ့အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာ ပါတယ်။ကျမတို့လည်း အလွန်ပျော်ကြပါတယ်။ လွှတ်ပေးလိုက်တဲ့အာဏာ ပိုင်တွေကိုလည်းအကောင်းဖက်ကို ရောက်လာပြီလားလို့ တွေးမိပါတယ်။ တွေးမိရုံလေးပဲရှိပါသေးတယ်မန္တလေးမှာသက်သေခံဖို့အသွား ရထားတွဲကို ဖြုတ်ထားတာကို သိရတော့ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာကို အကောင်းလေးတွေတွေးနေရာကနေအဆိုးတွေဖက်ကိုရောက်လာပါတော့တယ်။ နောက်ပိုင်းဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ခြံရှေ့လမ်းမကြီး ပိတ်ထားတာ၊ ဒေါ်အောင်ဆန်းစုကြည် ကားတန်း အရိုက်ခံရတာ၊ဒေါ်အောင်ဆန်းစုကြည် သွားလာတာတွေကို အကန့်အသတ် လုပ်တာတွေ တွေ့ရတော့ အာဏာပိုင်တွေကိုအယုံအကြည် ပျက်ရပါတယ်။
နောက်ပိုင်း အဖွဲ့ချုပ်ရဲ့အထိမ်းအမှတ်အခမ်းအနားတွေကိုပိတ်ပင်ပြီး အခမ်းအနားတက် မယ့် ကိုယ်စားလှယ်တွေကိုဖမ်းဆီးတာတွေလုပ်တာတွေကိုလည်း တွေ့လာရပါတယ်။ ကျမကိုယ်တိုင်ကြုံတွေ့ရတဲ့အဖြစ်အပျက်ကလေးကတော့ (၁၉၉၆)ခုနှစ် ပြည်ထောင်စုနေ့အခမ်းအနားမှာကရင်ဒုံး ယိမ်း က,ဖို့ ကျမတာဝန်ယူရပါတယ်။ ကျမလည်း ကျမတို့ရွာနဲ့ အနီးအနားရွာတွေကဒုံးယိမ်း ကမယ့် ကရင်လူငယ်တွေကို ဒုံးယိမ်းအကတိုက်ပြီး ပြည်ထောင်စုနေ့သွားဖို့စုထားပါတယ်။ ပြည်ထောင်စုနေ့ မတိုင်ခင်တရက် ည(၁၁)နာရီမှာ ဒုံးယိမ်းကမယ့်ကလေးတွေရဲ့ဖခင်တဦးက အိမ်ပြန်လိုက်ခဲ့ဖို့ လာခေါ်ပါတယ်။
ကျမက“ဘာဖြစ်လို့လာခေါ်တာလဲ”ဆိုတော့ “သူတို့အိမ်ရှေ့ကို ကားဖင်ထိုးပြီး ဖမ်းခေါ်သွားတာကိုမြင်ချင်လို့လား” လို့ အာဏာပိုင်တွေကပြောလို့ ကြောက်ပြီးလာခေါ်ရတာပါလို့ ပြောပါတယ်။
ကျမက “အစ်ကိုကကရင်မဟုတ်ဘူးလား”လို့ မေးတော့။
“ဟုတ်တယ်။ကရင်”လို့ပြန်ပြောပါတယ်။
“ကရင်ဆိုရင် ကရင်သွေးတော့ရှိရမှာပေါ့။ ကိုယ့်ရိုးရာအကကို ကတာ၊ ဘယ်လိုဖြစ်ဖြစ် ကရမှာပဲ။ ဒါ ကိုယ့်ယဉ်ကျေးမှုပဲ”လို့ ပြောတော့ ဟုတ်တယ်လို့ပြောပြီး ကလေးများကို မခေါ်တော့ပဲ ထားခဲ့ပြီးပြန်သွားပါတယ်။
ဒါပေမယ့် ည(၁)နာရီမှာပြန်ရောက်လာပြီး မဖြစ်ဖူး ခေါ်သွားရမယ်ဆိုပြီး ကလေးတချို့ကို ပြန်ခေါ်သွားပါတယ်။ကျမလည်း ဒုံးယိမ်းက,တာတောင် လိုက်ပြီး ပိတ်ပင်နေတဲ့ အာဏာ ပိုင်တွေကိုစိတ်အလွန်ဆိုးမိပါတယ်။ ကျမလည်း ဒုံးယိမ်းကို ရှိတဲ့လူနဲ့ က,ဖြစ်အောင်ကို က,ပါတယ်။ကျမကိုယ်တိုင်လည်း ပါဝင် က,လိုက်ပါတယ်။
ကျမစဉ်းစားမိပါတယ်။အာဏာပိုင်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်လူမျိုးစုတွေနဲ့ အပစ်အခတ်ရပ်စဲရေး၊ငြိမ်းချမ်းရေးတွေ ရယူထားနိုင်ပါရဲ့နဲ့ ဘာလက်နက်မှမရှိတဲ့ ကျမတို့နဲ့ မတွေ့ဆုံမဆွေးနွေးပဲ ဖမ်းလိုက်၊ ဆီးလိုက်၊ ထောင်ချလိုက်လုပ်နေတာဟာ တိုင်းပြည်အတွက် တကယ်စေတနာ ရှိရဲ့လား။ တကယ်သာ စေတနာရှိရင် ပြဿနာတွေ အားလုံးကို တွေ့ဆုံဆွေးနွေးလိုက်ရင်အခုလို ကြုံတွေ့နေရတဲ့ အခက်အခဲတွေက ပြေလည်သွားမှာပဲလို့ ယုံကြည်မိပါတယ်။ အခုတော့ပြဿနာကို ပိုပိုပြီး ကြီးထွားလာအောင် လုပ်နေတာနဲ့ အတူတူပဲဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ခေါ်ယူရေး လှုပ်ရှားခဲ့မှုနေ့ရက်များ
ကျမတို့ဟာအဖွဲ့ချုပ်လုပ်ငန်းတွေကိုလုပ်ရင်းနဲ့ အခမ်းအနားတွေမှာ ကျရာနေရာကနေဆောင်ရွက်လုပ်ကိုင်ခဲ့ပါတယ်။ ကျမတို့ အဖွဲ့ချုပ်ရဲ့ လုပ်ငန်းဆောင်တာအဝဝကို ဆောင်ရွက်နိုင်ဖို့အဖွဲ့ ချုပ်ရဲ့ အဆင့်ဆင့်သော စည်းရုံးရေးအဖွဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးတို့ကို လုပ်ပိုင်ခွင့်များပေးထားပြီးဖြစ်ပါတယ်။
(၁၉၉၈)ခုနှစ် ရွေးကောက်ပွဲ(၈)နှစ်မြောက်မှာ ပြည်သူ့လွှတ်တော်ခေါ်ယူပေးဖို့ နောက်ဆုံးရက် သတ်မှတ်ပြီးအာဏာပိုင်တွေဆီကို တောင်းဆိုဖို့ဆုံးဖြတ်တော့ ကျမတို့လည်း ဒီဆုံးဖြတ်ချက်မျိုးကိုအလွန်ပဲ ထောက်ခံမိပါတယ်။ ပြည်သူ့ လွှတ်တော် ပေါ်ပေါက်ရေးကိုလည်းမျှော်လင့်နေမိပါတယ်။ အဖွဲ့ချုပ်က သြဂုတ်လ(၂၁)ရက် နောက်ဆုံးထားပြီးပြည်သူ့လွှတ်တော် ခေါ်ပေးဖို့ တောင်းဆိုလိုက်တာကိုလည်း သိရပါတယ်။
အဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ခေါ်ပေးရန် တောင်းဆိုလိုက်တာနဲ့ တနိုင်ငံလုံးမှာရှိတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းပါတော့တယ်။ နောက်ပိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေတင် မကတော့ပါဘူး။ ဗဟို၊ တိုင်း၊ မြို့နယ်၊ လူငယ်၊လူကြီး မကျန်အောင်ကို လိုက်လံဖမ်းပါတော့တယ်။ ယခုအချိန်ထိလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးထားပါတယ်။
ဒီကြားထဲမှာကိုယ့်အကျိုးတခုတည်းကိုကြည့်ပြီး ရွေးကောက်ပွဲတုန်းက ပြည်သူတွေကို လူ့အခွင့်အရေး၊ဒီမိုကရေစီအခွင့်အရေး တရားဟောပြီး ကျနော်/ကျမတို့ကိုထောက်ခံပါ။ စစ်မှန်တဲ့ဒီမိုကရေစီကိုရအောင် လုပ်ပေးပါ့မယ်၊ ပြည်သူတွေအတွက်ပါ၊ ပြည်သူတွေချမ်းသာဖို့လို့ပြောပြီးအခုတော့- ပြောင်းပြန်လှန် တမျိုးပြော၊ တမျိုးလုပ်တဲ့ ကိုယ်စားလှယ်တစုကတော့အလွန်ပဲစက်ဆုပ်ဖွယ်ရာကောင်းလှပါတယ်။
အာဏာပိုင်တွေက ဖိအား ပေးတာမခံနိုင်လွန်းလို့ ထွက်ရင်ထွက်သွားပေါ့။ အခုတော့ ကိုယ်မခံနိုင်တာကိုယ်လိုချင်တာတွေကို အကြောင်းအမျိုးမျိုးပြ၊ အယူအဆအမျိုးမျိုးတွေပြပြီးဖုံးကွယ်ဖို့လုပ်နေတာကတော့ မဲဆန္ဒပေးလိုက်တဲ့ မဲဆန္ဒရှင်တွေကို စော်ကားရာရောက်ပါတယ်။ပြည်သူတွေကိုလည်း စော်ကားရာရောက်ပါတယ်။ ပြည်သူတွေဆိုတော့ ကိုယ့်အိမ်နားက လူတွေလည်းပါတယ်။ကိုယ့်မိသားစုဆွေမျိုး အသိုင်းအဝိုင်း လူတွေလည်းပါတယ်။လူ့ဘောင်လူ့အသိုင်းအဝိုင်းအလယ်မှာ သစ္စာမဲ့စွာနဲ့ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ကျောခိုင်းကြတဲ့ သူတွေအတွက်ကတော့ တနေ့တခြားနေစရာမရှိအောင်ကိုဝိုင်ပယ်ခြင်းခံရမှာကတော့ အမှန်ပါပဲ။ ဒါဟာ သစ္စာမဲ့သူတွေရဲ့ သွားရာလမ်းပါပဲ။
အာဏာပိုင်တွေကအဖွဲ့ချုပ်တောင်းဆိုတဲ့ သြဂုတ်လ(၂၁)ရက်မှာ ပြည်သူ့လွှတ်တော်ကို ခေါ်ပေးခြင်းမရှိပါဘူး။ ဒါကြောင့်အဖွဲ့ချုပ်က လွှတ်တော်ခေါ်ယူမယ်လို့ ကြေညာလိုက်ပါတယ်။နောက်ပိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီိကို ဖွဲ့စည်းခဲ့ပါတယ်။ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီမှာ တိုင်းရင်းသားပါတီတွေပါတာကိုကျမတို့အလွန်ပဲ အားတက်မိပါတယ်။ တိုင်းရင်းသား တွေဟာ ဒီမိုကရေစီအရေးမှာ မှန်ကန်တဲ့လုပ်ဆောင်ချက်တွေဖက်က ရပ်တည်တာ၊ ထောက်ခံတာ၊ အတူပူးပေါင်းဆောင်ရွက်တာဟာကျမတို့နိုင်ငံအနာဂတ်အတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာကို ယုံကြည်ပါတယ်။ကျမကိုယ်တိုင်က တိုင်းရင်းသား ကရင်လူမျိုးဖြစ်လို့ ဒီလိုဆောင်ရွက်တာကို အမြဲပဲထောက်ခံသွားမယ်ဆိုတာကို လေးလေးနက်နက် ကတိပြုပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီပေါ်ထွန်းခဲ့ခြင်းနဲ့နေ့ရက်များ
ကျမဟာပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ကြေညာချက်တွေကိုလည်း နှစ်သက်ပါတယ်။ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီကို ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရတွေ၊ဒီမိုကရေစီ အင်အားစုတွေ၊ တခြားအဖွဲ့စည်းတွေက ထောက်ခံကြတာကိုလည်း သိရှိရပါတယ်။ကျမသိသလောက်တော့ ဒီလိုထောက်ခံမှုမျိုးကို ကျမတို့နိုင်ငံမှာဘယ်ခေတ်အခါကမှမရရှိခဲ့ပါဘူး။ ကျမတို့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဟာပြည်သူ့လွှတ်တော် ပေါ်ပေါက်လာအောင် စွမ်းဆောင်နိုင်မယ်လို့လည်း ကျမယုံကြည်ပါတယ်။
ကျမတို့ကရင်လူမျိုးတွေဟာခေတ်အဆက်ဆက် မငြိမ်းချမ်းတဲ့ဘဝမှာ ဖိနှိပ်မှုနဲ့ အနှိမ်ခံဘဝမှာနေခဲ့ရပါတယ်။ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ လူမျိုးစုအခွင့်အရေးဆိုတာ ဘာမှန်းမသိ အောင်ကိုဖြစ်ခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေက ကျော်ဖြတ်သွားနိုင်ဖို့က ကျမတို့နိုင်ငံဟာဒီမိုကရေစီနိုင်ငံဖြစ်မှသာ ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီကို ခံစားရမှာပါ။ဒီမိုကရေစီဆိုတာကလည်း မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီကို ပြောတာမဟုတ်ပါဘူး။
မြန်မာ့နည်းမြန်မာ့ဟန်ဆိုတာကိုတော့ကျမတို့ နှစ် ပေါင်း(၂၆)နှစ်လုံးလုံးခံခဲ့ရလို့ကြောက်နေပါပြီ။ ကျမတို့လိုချင်တာစစ်မှန်တဲ့ ဒီမိုကရေစီကို လိုချင်တာပါ။ ဒီမိုကရေစီမှန်သမျှစည်းကမ်းရှိတာချည်းပါပဲ။ စည်းမဲ့ကမ်းမဲ့ဒီမိုကရေစီဆိုတာကို မကြားဖူးပေမယ့်စည်းကမ်းရှိတဲ့ ဒီမိုကရေစီဆိုတာကတော့ ကြားဖူးနေပါပြီ။ စည်းကမ်းရှိတဲ့ဒီမိုကရေစီကို ဖေါ်ဆောင် မယ်ဆိုရင် ကိုယ်ကိုယ်တိုင်က ထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊အမိန့်တွေ၊ ကတိတွေကို စည်းကမ်းရှိရှိနဲ့ လိုက်နာဖို့ လိုတယ်လို့မြင်ပါတယ်။မိမိတို့ကိုယ်တိုင် စည်းကမ်းရှိမှ မိမိတို့ပြောနေတဲ့ စည်းကမ်းရှိတဲ့ဒီမိုကရေစီဆိုတာ ဖြစ်ပေါ်လာပါလိမ့်မယ်။
 ကျမတို့နိုင်ငံဟာ တိုင်းရင်းသားလူမျိုးများနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်လို့ အုပ်ချုပ်တဲ့ အစိုးရများအနေနဲ့တိုင်းရင်းသားလူမျိုးစုတွေ ယုံကြည်လေးစားမှုကို ရရှိအောင် လုပ်ပြရပါမယ်။
တိုင်းရင်းသားအခွင့်အရေးတွေကိုလေးစားရပါမယ်။ အခုတမျိုး၊ တော်ကြာတမျိုး၊ ပြောစကားမတည်၊ လုပ်နေရင် ကျမတို့ တိုင်းရင်းသားတွေကဘယ်လိုယုံကြည်နိုင်မှာလဲ။ တိုင်းရင်းသား လူမျိုးစုတွေအပါအဝင် ပြည်သူတရပ်လုံးဆန္ဒတွေပေးခဲ့ကြတဲ့ ရွေးကောက်ပွဲကို အလေးထားသင့်ပါတယ်။ ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ တိုင်းရင်းသား ပါတီတွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေကိုလည်း အလေးထားသင့်ပါတယ်။ ရွေးကောက်ပွဲရလဒ်ဖြစ်တဲ့ပြည်သူ့လွှတ်တော်ကိုလည်း ခေါ်ယူပေးရမှာ ဖြစ်ပါတယ်။
အခုတော့ လွှတ်တော်မခေါ်ပဲအကြောင်းအမျိုးမျိုးပြနေတာဟာ အလွန်မသင့်တော်ပါဘူး။ ဒါထက်ဆိုးတာကတော့ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးနေတာဖြစ်ပါတယ်။ ဒီလိုလုပ်နေတာတွေကို ရပ်တန်းကရပ်သင့်ပါပြီ။ ဒီနေ့ဒီအချိန်မှာ ကျမတို့နိုင်ငံမှာကြုံတွေ့နေရတဲ့ အခက်အခဲတွေဟာအများကြီးပါပဲ။ ဒါတွေကို ပြေလည်အောင်ဖြေရှင်းဖို့ဟာ အစိုးရတခုတည်းနဲ့ဖြေရှင်းလို့မရနိုင်ပါဘူး။ ပါတီအဖွဲ့အစည်းတွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊တိုင်းရင်းသား လူမျိုးစုတွေနဲ့အတူ ဆွေးနွေး ညှိနှိုင်းပြီး ဆောင်ရွက်မှသာ အားလုံးဟာငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီရေးကို ခံစားရမယ်လို့ယုံကြည်ပါတယ်။ တိုင်းပြည်လည်းဖွံ့ဖြိုးတိုးတက်လာမယ်လို့လည်း ယုံကြည်ပါတယ်။
တွေ့ဆုံဆွေးနွေးရေးကိုရှောင်လွှဲပြီး ဖမ်းလိုက်ဆီးလိုက် ဆက်လုပ်နေရင်တော့ ကျမတို့နိုင်ငံရဲ့အခက်ခဲပြဿနာတွေဟာ ပြေလည်နိုင်စရာအကြောင်းမရှိပါဘူး။ရှိနေတဲ့ပြေလည်နိုင်မယ့်လမ်းတွေကို မေတ္တာ၊ စေတနာ အရင်းခံထားပြီးတော့လျှောက်စေခြင်ပါတယ်။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts