>Tu Maung Nyo – By-Election of Burma , True or False

>

ကြားဖြတ်ရွေးကောက်ပွဲ အကြောင်းပြောရအုံးမယ်
တူမောင်ညို ။ ဒီဇင်ဘာ ၂၈၊ ၂၀၁၁
   သာမန်အားဖြင့် ဒီကြားဖြတ်ရွေးကောက်ပွဲဟာလစ်လပ်နေရာအချို့ကို ဖြည့်ဖို့လုပ်ရိုးလုပ်စဉ်လုပ်ရတဲ့ အဖြည့်ခံရွေးကောက်ပွဲ မျိုးဖြစ်ပါတယ်။
 ဒါပေမယ့်ဟောဒီလို ထူးခြားချက်တွေလည်းပါရှိနေပါတယ်။
 ပထမတစ်ချက်ကဦးသိန်စိန်စစ်တစ်ပိုင်းအစိုးရ အတွက် ဒီကြားဖြတ်ရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ကို ဒေါ်အောင်ဆန်းစုကြည် နဲ့ (NLD) တို့ လက်ခံ၊ပါဝင်လာပြီဆိုတာ ပြည်တွင်း/ပြည်ပကိုဆွဲဆောင်ပြသနိုင်မယ့် ပွဲတစ်ခုလည်းဖြစ်တယ်။
ဒုတိယတစ်ချက်က ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရအတွက်ဆရာကြီးအိုဘာမားနဲ့ ဆရာမကြီးဒေါ်ကလင်တန် တို့က စစ်ဆေး ပြီးအောင်မှတ်ပေးမယ့် အမေရိကန်အစိုးရနဲ့ပုံမှန်ဆက်ဆံရေးအဆင့် ရရှိရေးအတွက် ဖြေဆိုရမယ့် “ရေးဖြေစာမေးပွဲ” တစ်ခုလည်း ဖြစ် ပြန်ပါတယ်။ဒီထူးခြားချက်တွေက ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရ လိုချင်လွန်းလှတဲ့ အချက်တွေဖြစ်ပါတယ်။
 “နှုတ်ဖြေစာမေးပွဲ”က ဆရာမကြီးဒေါ်ကလင်တန်လာတုန်းဖြေပြီးသွားပြီ။ အခုတစ်ခါဖြေရမှာက “ရေးဖြေစာမေးပွဲ” ဖြစ်တယ်။  အဲဒီ နှုတ်ဖြေစာမေးပွဲ “မြောက်ကိုရီးယားဘာသာရပ်”မှာ သူရဦးရွှေမန်းက အမှတ်အများဆုံးရတယ်လို့ကြားရတယ်။
ပထမအချက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ဒေါ်အောင်ဆန်းစုကြည်နဲ့(NLD) တို့ လက်ခံ၊ ပါဝင်လာပြီဆိုတာက ရရှိ ပြီးသားလို့ပြောလို့ရတယ်။ ဒါပေမယ့် ဒုတိယအချက်ဖြစ်တဲ့“ကြားဖြတ်ရွေးကောက်ပွဲ” ကျင်းပပြီးမှသာ ထူးခြားချက် ၂ ခုစလုံးဟာ ပိုပြီး ခိုင်လုံပြည့်စုံသွားမှာဖြစ်ပါတယ်။
 ဒါမှလည်း“ပဏာမသဘောတူညီချက်” လက်မှတ်ရေးထိုးနေကြသူတွေကို ပြသဖို့အတွက် အကွက်အကွင်း ပိုကောင်းလာမှာလည်း ဖြစ်ပါတယ်။
ကြားဖြတ်ရေးကောက်ပွဲကို “အကောင်းဆုံးဖြစ်အောင်လုပ်ပေးမယ်”လို့ရွေးကောက်ပွဲကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ကလည်း အာမခံချက်ပေးထားပြီးဖြစ်ပါတယ်။
 “ဒေါ်အောင်ဆန်းစုကြည်ဟာဥပဒေအရ ပြည်သူ့လွှတ်တော်အမတ် ဖြစ်နိုင်တဲ့အရည်အချင်းနဲ့ကိုက်ညီပါသလား”
လို့ မေးတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက
“လောလောဆယ် မိမိလေ့လာနိုင်သလောက်ကိုက်ညီတယ်လို့တွေ့ရှိရပါတယ်”
အဖြေပေးခဲ့ ပြီ။
 ဒီတော့ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရအနေနဲ စာမေးပွဲသေချာပေါက်အောင်မှာပါ။ဂုဏ်ထူး တွေတောင်ချိတ်နိုင်ပါလိမ့်မယ်။ ဂုဏ်ထူးဆိုတာ “တရားမျှတဲ့၊ လွတ်လပ်တဲ့၊ပွင့်လင်းမြင်သာတဲ့”ဆိုတဲ့ ဂုဏ်ထူးတွေပေါ့။
ကြားဖြတ်ရွေးကောက်ပွဲရဲ့လက်တွေ့ပိုင်းကိုကြည့်ကြပါစို့။
လစ်လပ်နေရာ (၄၈) နေရာရှိတယ်ဆိုတာ ရွေးကောက်ပွဲကော်မရှင်ကသတင်းထုတ်ပြန်ပြီးပြီ။ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၄၀)နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၆)နေရာ နဲ့ တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၂) နေရာတို့ဖြစ် တယ်။
 ကယားပြည်နယ်၊ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ လစ်လပ်မှုမရှိဘူး။
ဒီတော့ နိုင်ငံရေးပါတီ “တည်ထောင်ခွင့်”၊ “မှတ်ပုံတင်ခွင့်”လျှောက်ထားနေကြတဲ့ပါတီ (၁၀) ပါတီအနက် (ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့မယ်ဆိုရင် ကရင်ဒီမိုကရက်တစ်ပါတီ၊ မြိုတိုင်းရင်းသားပါတီတို့ကဲ့သို့) “ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးဆောင်ရွက်မည့် ပါတီ” များအနေနဲ့ “အနည်းဆုံး၃ နေရာ” ဝင်ရောက်ယှဉ်ပြိုင်စရာလိုမှာ မဟုတ်ပါဘူး။
“နိုင်ငံရေးပါတီမှတ်ပုံတင်လျှောက်ထားဆဲ (NLD)” ကတော့(၄၈) နေရာစလုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ပြင်ဆင်နေပါတယ်။
ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့ရဲ့ (NDF) ကလည်းနေရာ (၂၀) ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောသံကြားရပါတယ်။
(တစည) ပါတီက ဦးဟန်ရွှေက
“NLD ကို ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ခရီးလမ်းအတွက်ခရီးသွားဖော်၊ ပြိုင်ဘက် ပါတီ လို့မြင်ပါတယ်”
လို့ပြောဆိုထားပြီး၊ နေရာ (၂၀) ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီသစ်ပါတီကလည်း ရန်ကုန်တိုင်းဒေသကြီးထဲကလစ်လပ်နေတဲ့ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၆) နေရာ အနက် (၃) နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ပြောထားတယ်။ဦးသိန်းညွန့်ပြောတာကတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုရင်  နေရာ ဖယ်ပေးမှာဖြစ်ပေမယ့်၊ အခြားသူဆိုရင်တော့ နေရာဖယ်ပေးမှာမဟုတ်ဘူး။ယှဉ်ပြိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။
 ကြံ့ဖွံ့ပါတီ(USDP)ကလည်းလစ်လပ်သွားတဲ့နေရာတွေကို ဒီတိုင်းလက်လွှတ်ထားမှာ မဟုတ်ပါဘူး။ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ လစ်လပ်သွားတဲ့နေရာအများစုက ကြံ့ဖွံ့ပါတီ (USDP) ကအနိုင်ရရှိခဲ့တဲ့နေရာတွေလည်းဖြစ်နေပါတယ်။ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ အစရှိတဲ့မြို့နယ်တွေမှာ ဘယ်ပါတီတွေ ကဝင်ပြီးယှဉ်ပြိုင်အရွေးခံဝံ့မှာလဲ။
ဒါ့အပြင် ကြံ့ဖွံ့ပါတီ (USDP) ကနေ ပြည်ထောင်စုဝန်ကြီးဖြစ်လာသူတွေကအပိုင်စားနယ်လိုလုပ်ထားတဲ့ သူ့ရပ်ရွာဇာတိတွေမှာ (ပုလဲ၊ မင်းကင်း၊ တောင်ငူ၊ မိထ္ထီလာစတဲ့နေရာ) ရော ဘယ်သူတွေက ယှဉ်ပြိုင်ဝံ့ ပါ သလဲ။ သူတို့က တခြားပါတီတွေလို ငွေ ၅ သိန်းတင်ဖို့ပူပန်တွေးတော စဉ်းစားနေစရာ၊ စပွန်ဆာရှာနေစရာမလိုတဲ့ ပါတီဖြစ်ပါတယ်။
သုံးနေရာ“စတိ” ဝင်ကြမယ့် “စပွန်ဆာပါတီ” တွေကလည်းရှိသေးတယ်။ 
ဆိုလိုချင်တာက (၄၈) နေရာအတွက် (NLD)ဟာအကြိတ်အနယ်ယှဉ်ပြိုင်ရလိမ့်မယ်။
ဒါ့အပြင် အရင် “နွေ”၊ အရင် “မေ” မဟုတ်တော့ဘူး။ ဒါကြောင့်  “၁၉၉၀ရွေးကောက်ပွဲ”တုန်းကလို “ငုနဲ့ပိတောက်နွေမှာလှိုင်” ဖို့ ခက်ခဲလိမ့်မယ်ဆိုတာကိုပြောချင်တာပါ။ တစ်စုံတရာသော အရေအတွက်ကိုတော့ဖြင့်(NLD) က ရနိုင်ပါလိမ့်မယ်။
 အဲဒီလိုအရေအတွက်တစုံတရာနဲ့ (NLD) အနိုင်ရရှိတာကပဲ ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရအတွက် ဒေါ်ကလင်တန်စာမေးပွဲအောင်မှတ် သို့မဟုတ် ဂုဏ်ထူးဖြစ်ပါလိမ့်မယ်။
(NLD) ရရှိလာမယ့်၊ တစုံတရာအရေအတွက်ဟာ လွှတ်တော်ထဲမှာဘာလုပ်နိုင်မလဲ။လွှတ်တော်ထဲ အကျိတ်အနယ် ဆွေးနွေး ပြီးသွားတဲ့အခါ နောက်ဆုံးပိတ် အဆုံးအဖြတ်ကို မဲခွဲတာနဲ့အပြီးသတ်ရစမြဲဖြစ်ပါတယ်။လွှတ်တော်ထဲမှာ သရေပွဲမရှိနိုင်ပါဘူး။ အနိုင်မဲကို လွှတ်တော်ဥက္ကဋ္ဌကြီးက ပေးမှာပဲ။ လွှတ်တော်ဥက္ကဋ္ဌကြီးတွေဟာကြံ့ဖွံ့ပါတီ(USDP) ကဖြစ်တယ်။
 အဲဒီအခါများတဲ့အရေအတွက်က နည်းတဲ့အရေအတွက်ကို အနိုင်ယူသွားတာပဲမဟုတ်ပါလား။
“ပါတီစွဲမရှိရဘူး”လို့ ဘယ်လိုပဲပြောနေပါစေ၊ နောက်ဆုံးတော့ပါတီစွဲပြီးပေးတဲ့ မဲတွေနဲ့အနိုင်ယူသွားမှာပဲဖြစ်ပါတယ်။ 
(ပထမအကြိမ်၊ဒုတိယအကြိမ်) လွှတ်တော်ပုံမှန်အစည်းအဝေးတွေ၂ ကြိမ်လုပ်ခဲ့ပြီးပါပြီ။ ဦးစတီဗင်သာဗိတ်၊ ဦးဗညားအောင်မိုး၊ ဦးသိန်းညွန့် တို့လွှတ်တော်ထဲမှာမေးခွန်းတွေမေးခဲ့၊ အဆိုတွေတင်ခဲ့၊ မဲတွေခွဲခဲ့ပြီးပါပြီ၊ ပေါ်ထွက်လာတဲ့ရလဒ်တွေလည်းအားလုံး သိရှိ ပြီးဖြစ်ပါတယ်။ ဒါဟာ ပူပူနွေးနွေးအနီးကပ်ဆုံးအတွေ့အကြုံတွေဖြစ်ပါတယ်။
ခပ်ဝေးဝေးအတွေ့အကြုံတွေပြောရမယ်ဆိုရင် ကိုသန်း(ကြည့်မြင်တိုင်)ရဲ့ “တစ်ခါက ရန်ကုန်မြူနီစပယ်ရွေးကောက်ပွဲ” ဆိုတဲ့ ဆောင်းပါး ကို ဖတ်ကြည့်စေချင်ပါတယ်။ချင်းတွင်းဂျာနယ်၊ အမှတ် (၅၉၊ဖေဖေါ်ဝါရီ၊ ၂၀၁၁ ၊ စာမျက်နှာ ၈၈ – ၉၇) မှာ ပါရှိပါတယ်။
၁၉၅၀ ပြည့်လွန်နှစ်များက ဖဆပလခေတ်မြူနီစပယ်ခေတ်ရွေးကောက်ပွဲများအကြောင်းကိုသတိပြုစရာ၊ သင်ခန်းစာယူစရာ အဖြစ်ရေးပြထားတဲ့ အတွေ့အကြုံဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။
တသီးပုဂ္ဂလ ဆရာကြီးဦးရွှေဖြူနဲ့ ဦးအောင်သန်း (ဗိုလ်ချုပ်အစ်ကို/ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘကြီး) တို့ဟာ ရွေးကောက်ပွဲ မှာ အနိုင်ရခဲ့သော်လည်း မဲအများစုအနိုင်ရထားတဲ့(ဖဆပလ) ကို မကျော်နိုင်ခဲ့ပုံကိုရေးပြထားပါတယ်။
“လက်တွေ့မှာတော့ အဆိုတစ်ခုဟာ လူထုကောင်းရာ ကောင်းကြောင်းဆောင်ရွက်ရန်တင်သွင်းသော်လည်း ထောက်ခံမည့်သူ မရှိ၊ ထောက်ခံမည့်သူမရှိ၍ မည်မျှလူထုကောင်းရာကောင်းကြောင်း အကျိုးပြုအဆိုဖြစ်စေကာမူဆွေးနွေးမည့် အနေအထားသို့ပင် မရောက်ခဲ့၊  (central street) ဗဟိုလမ်းကို “ဗိုလ်သူရလမ်း”ဟုအမည်ပြောင်းနိုင်ခဲ့သည်” ။
“လုပ်နိုင်တဲ့အခြားလုပ်ငန်းတစ်ခုရှိသေးသည်၊ (ဖဆပလ)ဘက်မှ မဲအများစုအားကိုးဖြင့် တင်သွင်းလာသည့် အဆိုသည် ပြည်သူလူထုအများစုကို အကျိုးပြုသည့်အဆိုမဟုတ်လျှင် သည်အဆိုကို ကျုပ်ကန့်ကွက်သည်။ “မှတ်တမ်းတင်ထားပါ” ဟုပြောရုံသာရှိ သည်၊ဒီထက်ပိုပြီးဘာမှမတတ်နိုင်” ဟု သူ၏ ခါးသီးစိတ်ပျက်ဖွယ်သမိုင်းအတွေ့အကြုံကိုပြန်ပြောင်းရေးပြထားပါတယ်။
ဒါဟာ ကျနော်တို့နိုင်ငံမှာ “ဒီမိုကရေစီကာလတခု”လို့ပြောဆိုလေ့ရှိကြတဲ့ ပါလီမန်ဒီမိုကရေစီခေတ်ရဲ့ အတွေ့အကြုံဖြစ်ပါ တယ်။ (နဝတ-နအဖ) စစ်အစိုးရဦးဆောင်ရေးဆွဲခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)အောက်မှာကျင်းပမယ့် “စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီခေတ်”ကြားဖြတ်ရွေးကောက်ပွဲတစ်ခုမှာ။ ကျနော်တို့အနေနဲ့ ဘာတွေကို၊ ဘယ်လောက်များမျှော်လင့်နိုင်မှာပါလဲ။
ဘာပဲဖြစ်ဖြစ် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကတော့ ၂၀၁၂ခုနှစ်ရဲ့  ပထမ ၆ လအတွင်းထဲမှာ ကျင်းပဖြစ်လိမ့်မယ်လို့ထင်ရပါတယ်။
(NLD) ပါတီကလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုင်းအတာတစ်ခုအထိရွေးချယ်ခံရပြီး “လွှတ်တော်” ထဲသို့ ရောက်ရှိ သွားပါလိမ့်မယ်။
ကြားဖြတ်ရွေးကောက်ပွဲဟာ ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရအတွက်အောင်မှတ်တွေ၊ ဂုဏ်ထူးတွေရအောင်ဖြေဆိုမယ့် “ရေးဖြေ စာမေးပွဲ” သာဖြစ်ပါလိမ့်မယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts