>Tu Maung Nyo – ဖိတ်ခေါ်လို့သွားတာမဟုတ်ဘူး၊ မှတ်ပုံတင်ဖို့သွားရတာ

>

ဖိတ်ခေါ်လို့သွားတာမဟုတ်ဘူး၊ မှတ်ပုံတင်ဖို့သွားရတာ
တူမောင်ညို ။ ၂၅၊ ဒီဇင်ဘာ ၂၀၁၁
ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ (NLD) ကို “တည်ထောင်ခွင့်” ပြုခဲ့ပါတယ်။
“ဘက်ကင် ကလီးယားဖြစ်ရင် တည်ထောင်ခွင့်ပြုတယ်”
လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသဗျ။
၂၀၁၀ နိုဝင်ဘာ ၇ ရွေးကောက်ပွဲမှာ “ကြိုတင်မဲ မသမာမှုတွေ”နဲ့ပတ်သက်ပြီး မီဒီယာတွေကမေးတော့ လက်ရှိကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက
“အတိတ်က ဟာတွေ မေ့လိုက်ပါ၊ အတိတ်ကဟာတွေ သင်ခန်းစာယူပြီးလာမယ့် ရွေးကောက်ပွဲတွေမှာ အကောင်းဆုံး ဖြစ်အောင်လုပ်ပေးပါမယ်”
လို့ ပြန်ဖြေပါတယ်။
ဒီဖြေဆိုချက်က “ရွေးကောက်ပွဲ”ဆိုတာ ဒို့လက်ခုပ်ထဲကရေပဲ။ဒို့ဖြစ်စေချင်သလိုဖြစ်လို့ရတယ်လို့ ပြောလိုက်တဲ့ သဘောပဲဖြစ် ပါတယ်။ ရွေးကောက်ပွဲနဲ့နို င်ငံရေးပါတီတွေရဲ့ကံကြမ္မာဟာကော်မရှင်လက်ခုပ်ထဲကရေပဲ။
တကယ့်လက်တွေ့မှာလည်း၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေ၊ရွေးကောက်ပွဲ ခုံအဖွဲ့တွေရဲ့ဆုံးဖြတ်ချက်တွေ၊ အမိန့်တွေ၊ အယူခံ မှုတွေ၊ ပြင်ဆင်မှုတွေနဲ့နိုင်ငံရေးပါတီဆိုင်ရာကိစ္စတွေဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့လက်ခုပ်ထဲမှာ  ဖြစ် ပါတယ်။
ဒါ့အပြင်ဒီကိစ္စတွေကို ဆောင်ရွက်အကောင်အထည်ဖော်တာနဲ့ပတ်သက်ပြီးကော်မရှင်ရဲ့ဆုံးဖြတ်ချက်၊ ဆောင်ရွက်ချက်တွေ ဟာ “အပြီးအပြတ်အတည်” (final &conclusive) ဖြစ်စေရမယ်၊ မည်သည့်တရားရုံးတွင်မျှ တရားစွဲဆိုပိုင်ခွင့်မရှိစေရဆိုတဲ့စေတစ်လုံး အာဏာရရှိထားတဲ့ ကော်မရှင်ဖြစ်ပါတယ်။ “အတိတ်ကဟာတွေမေ့လိုက်ပါ”လို့ ပေါ့ပေါ့လွယ်လွယ် ပြောတာသိပ်တော့မဆန်းပါဘူး။
ကြည့်ရတာ ဒီ “ကြားဖြတ်ရွေးကောက်ပွဲ”ကျင်းပပုံကိုအမေရိကန်ကတောင် နမူနာ ယူရအောင်လုပ်ပြမယ့်သဘောရှိတယ်လို့ ထင်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလည်းဒီကြားဖြတ်ရွေးကောက်ပွဲကျင်းပပုံအပေါ်မူတည်ပြီး အောင်မှတ်ပေးမယ်လို့ ပြော ထားခဲ့တယ်လေ၊လစ်လပ်နေတဲ့ ၄၈ နေရာစလုံးမှာ (NLD) ကနိုင်သွားပါစေ၊ လွှတ်တော်တွင်းမှာရှိတဲ့ ကြံ့ဖွံ့ပါတီ(USDP)ရဲ့အများစု လွှမ်းမိုးထားမှုကို နည်းနည်းကလေးမျှ ထိခိုက်စေမှာမဟုတ်ပါဘူး။
“တည်ထောင်ခွင့်”ရပြီးတဲ့နောက် ဒုတိယလုပ်မယ့်ခြေလှမ်းကနေပြည်တော်သွားပြီး “မှတ်ပုံတင်ခွင့်” လျှောက်ထားရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဦးတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ ၂၃ ဒီဇင်ဘာမှာ၊နေပြည်တော်သွားပြီး (NLD) က မှတ်ပုံတင်လျှောက်ထားပါတယ်။  
 အစိုးရသတင်းစာတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့က “လက်ခံတွေ့ဆုံတယ်”ဆိုတဲ့ သတင်းတိုနဲ့ ဓါတ်ပုံဖေါ်ပြထားပါတယ်။
တွေ့ဆုံတာနဲ့ပတ်သက်ပြီး (ဘီဘီစီ)သတင်းမှာကြားရတာကတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က “အထွေအထူး မရှိပါဘူး၊  ဒေါ်စုကြည် က ကျနော်နဲ့တွေ့ချင်တယ်လို့ စာရေးပြီးပြောပါတယ်၊အဓိကရည်ရွယ်ချက်ကတော့ လွှတ်တော်ရေးရာကိစ္စများနဲ့ ပတ်သက်ပြီးတော့သိချင်လို့ဖြစ်ပါတယ်”လို့ ပြောပါတယ်။ “ဒေါ်စုကြည်” ဆိုပါလား။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ပြောတာကို(ဘီဘီစီ)သတင်းမှာကြားရတာက“ဒီကနေ့ နိုင်ငံတော်မှာ လွှတ်တော် တွေဟာ အဓိကအခန်းကဏ္ဍမှာရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည်ပါလာတော့အားရှိတာပေါ့” လို့ဖြေပါတယ်။
သတင်းထောက်တစ်ယောက်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို မေးခွန်းတစ်ခုမေးတယ်။
“ဒေါ်အောင်ဆန်းစုကြည်ဟာဥပဒေအရ ပြည်သူ့လွှတ်တော်အမတ် ဖြစ်နိုင်တဲ့အရည်အချင်းနဲ့ ကိုက်ညီပါသလား” လို့ မေးတော့
သူရဦးရွှေမန်းက
“လောလောဆယ် မိမိလေ့လာနိုင် သလောက်ကိုက်ညီတယ်လို့ တွေ့ရှိရပါတယ်”လို့ပြန်ဖြေသံကြားလိုက်ရတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲသွားတွေ့တွေ့နေပြည်တော်ရောက်မှတော့
“တည်ထောင်ခွင့်ရရှိပြီးဖြစ်တဲ့ ပါတီမှ”သို့မဟုတ် “မှတ်ပုံတင်ခွင့်လာရောက်လျှောက်ထားတဲ့ပါတီ” တစ်ခုရဲ့အတူတူသွားကြတဲ့ ခေါင်းဆောင်နှစ်ဦးစလုံးတွေ့သင့်တာပေါ့။
သွားရောက်တွေ့ဆုံရာမှာ ဦးတင်ဦး ဘာကြောင့်မပါဝင်ရတာလဲ။
ဦးခွန်သာမြင့်နဲ့ ဒေါက်တာငယ်ငယ်တို့လည်းတက်ရောက်တာပဲ။နောက်တစ်ခုက ဦးခွန်သာမြင့်နဲ့ ဒေါက်တာငယ်ငယ် တို့ကို “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ”ဆိုတဲ့စကားရပ်နောက်မှာ ဖေါ်ပြပေမယ့်ဒေါ်အောင်ဆန်းစုကြည်ကိုတော့“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ”  ဆိုတဲ့စကားရပ်နဲ့ ရည်ညွန်းဖေါ်ပြရေးသားခြင်းမပြုတာလဲ။
 အနိမ့်ဆုံးအားဖြင့် “တည်ထောင်ခွင့်ရရှိပြီးဖြစ်တဲ့ပါတီမှ” သို့မဟုတ်“မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားတဲ့ပါတီမှ ဒုတိယ ခေါင်းဆောင်” ဒေါ်အောင်ဆန်းစုကြည်လို့မဖေါ်ပြသင့်ပေဘူးလား။ “တည်ဆဲဥပဒေ” အရ ဒီလိုသုံးနှုန်းဖေါ်ပြလို့မရတာလား။
မေးပါရစေ၊ နေပြည်တော်ကို မှတ်ပုံတင်လာရောက်လျှောက်ထားတဲ့နိုင်ငံရေးပါတီတွေကခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင် တွေကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးတွေက လက်ခံတွေ့ဆုံလေ့ရှိပါသလား။
 ဦးဇင်အောင်တို့၊ ဦးညွန့်တို့လို နိုင်ငံရေးပါတီမှတ်ပုံတင် လာရောက်လျှောက်ထားကြတဲ့ပုဂ္ဂိုလ်များကိုလည်း လွှတ်တော် ဥက္ကဋ္ဌ ကြီးတွေက အခုလိုပဲ လက်ခံတွေ့ဆုံပါသလား။ တွေ့ချင်ပါတယ်လို့စာရေးတောင်းဆိုရင်ရော လက်ခံတွေ့ဆုံမှာလား။
အခုတစ်ခါ နေပြည်တော်သွားတာနဲ့ ပထမတစ်ခေါက် နေပြည်တော်သွားတာမတူဘူးဗျ။
ပထမတစ်ခေါက်ကတော့ ဒေါက်တာဦးမြင့် ကဖိတ်ကြားလို့ “ဝပ်ရှော့”သွားတက်ပြီးနားထောင်တာပါ။ “သမ္မတကြီး”နဲ့လည်း သမ္မတကြီးနေအိမ်မှာ တွေ့ခွင့်ရခဲ့တယ်။
အခုတစ်ခေါက်တော့ “ဖိတ်ခေါ်” လို့ သွားရတာမဟုတ်ဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ်၊မှတ်ပုံတင်ဖို့ သွားတာဖြစ်ပါတယ်။
စာရေးပြီးတွေ့ချင်တယ်ပြောလို့ လွှတ်တော်ဥက္ကဋ္ဌက“လက်ခံတွေ့ဆုံ”တာလို့လည်းဆိုတယ်။
ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူတစ်ဦးဖြေတဲ့စကားက ပိုပြီးရှင်းလင်း၊တိကျ၊ပေါ်လွင်ပါတယ်။
“ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကျနော်တို့ဆီမှာလာပြီးမှတ်ပုံတင်ခွင့်​လာလျှောက်ထားတာပါ။ ၁၀ နာရီ ၁၀ မိနစ် ပါခင်ဗျာ။ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်ပါ ပါတယ်။ ကော်မရှင်ရှေ့မှောက်မှာ လက်မှတ်ရေးထိုးပါတယ်”  လို့ပြောပါတယ်။
တကယ်တော့ ဒီတစ်ခေါက် နေပြည်တော်သွားတယ်ဆိုတာ “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ”အခန်း(၂) နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း၊ ပုဒ်မ (၅) ၊ ပုဒ်မ (၆)တို့နဲ့အညီ သက်ဆိုင်ရာ ပါတီတည်ထောင်လိုသူများရဲ့ ခေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင်တို့ကကိုယ်တိုင်ကိုယ်ကျ သွားရောက်ဆောင်ရွက်ရတာပဲဖြစ်ပါတယ်။
“ဘောင်”ထဲဝင်သွားမှတော့ “ဘောင်”ထဲက စည်းမျဉ်း၊စည်းကမ်းတွေနဲ့အညီလုပ်ရမှာပေါ့။
ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး စကားနဲ့ပြောရရင် “ဘက်ကင်ကလီးယားဖြစ်ရင်”မကြာခင်မှာ “မှတ်ပုံတင်ခွင့်” ပြုမယ်လို့ ထင်ပါတယ်။
ညွန်း
      ပြည်သူ့ခေတ်ဂျာနယ်၊အတွဲ ၂ ၊ အမှတ် ၇၄၊
      မြန်မာ့အလင်းသတင်းစာ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်
      ဘီဘီစီ သတင်း၊၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်၊ သောကြာနေ့ည
      ဒီဗွီဘီ ဝဘ်ဆိုဒ်သတင်း၊ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်
      နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts