>Bo Aung Kyaw Day in Mandalay

>

မန္တလေးတိုင်းဒေသကြီးတွင် (၇၃)နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ အခမ်းအနားကျင်းပ
မင်းမင်းလတ်(မြစ်မခ)
ဒီဇင်ဘာ ၂၁၊ ၂၀၁၁


၂၀၁၁ခုနှစ် ဒီဇင်ဘာ ၂၀ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ မြ၀တီမင်းကြီးကျောင်းတိုက်၌ (၇၃)နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ အခမ်းအနားကို နေ့လည်၁နာရီအချိန်ခန့်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပွဲ ကျင်းပရခြင်းမှာ မြန်မာနိုင်ငံရေးခေတ်အဆက်ဆက်တွင် ဖိနှိပ်ချုပ်ချယ်မှုများအတွက် အသက်ပေးခဲ့ကြသော ဗိုလ်အောင်ကျော်မှ ယနေ့ခေတ်ကျောင်းသားများအား ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

“မြန်မာ့နိုင်ငံရေး ခေတ်အဆက်ဆက်မှာ မတရားမှုများ ဖိနှိပ်ချုပ်ချယ်မှုများအတွက် အသက်ပေး စွန့်လွှတ်သော ဗိုလ်အောင်ကျော်ကနေပြီးတော့ ဒီနေ့ခေတ် ကျောင်းသားများကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတာဖြစ်တယ် ကျောင်းသား သမိုင်းဆိုတာ မေ့ပျောက်လို့ရတဲ့ အရာမဟုတ်ဘူး၊ ဒါကြောင့်မို့လို့ ခုလိုမျိုးနေ့မှာ ငြိမ်းချမ်းရေးတရားပွဲနဲ့အတူကျင်းပတာပါ” ဟု ပွဲဖြစ်မြောက်ရေး တာဝန်ခံသူတစ်ဦးဖြစ်သူ မေတ္တာ Campaign မှ ညီညီကျော်က ပြောသည်။

အဆိုပါ အခမ်းအနားကို စိတ်ဝင်စားသူ ကျောင်းသား၊ ကျောင်းသူများ ၊မန္တလေးတိုင်းဒေသကြီှး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသိန်းသန်းဦး ၊ ဦးစိုးမိုးနိုင် ၊ ဆရာဦးသက်တင်နှင့် ဒေါက်တာဇော်မြင့်မောင်တို့တက်ရောက်ခဲ့ပြီး ကံတက်ကုန်းဆရာတော် ဘဒ္ဒန္တတေဇောဘာသမှ မိတ်ဆက်စကားပြောကြားပေးခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံကျောင်းသားများလှုပ်ရှားမှုနှင့်ပတ်သက်သော အကြောင်းအရာများနှင့် နိုင်ငံရေးအကျဉ်းသားများ မိသားစု အကျိုးဆောင်ကွန်ယက်မှ ပေးပို့သော သ၀ဏ်လွှာကိုလည်း ဖတ်ကြားခဲ့ကြောင်း သိရသည်။

“ဒီနေ့ပွဲမှာ ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားမိသားစု အကျိုးဆောင် ကွန်ယက်က ပေးပို့ထားတဲ့ သ၀ဏ်လွှာဖတ်ပြတယ်၊ ပြီးတော့ မြန်မာ့ကျောင်းသားလှုပ်ရှားမှု အကြောင်းလေးတွေကိုလည်း ဖတ်ပြခဲ့တယ်”ဟု အဆိုပါသ၀ဏ်လွှာကို ဖတ်ကြားခဲ့သူ ကိုဟန်ဝင်းအောင်က ပြောသည်။

မြ၀တီမင်းကြီးကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တအရိယ၀ံသဘိဝံသမှလည်း ငြိမ်းချမ်းရေးတရားဟောကြားခဲ့ပြီး ညနေ (၅)နာရီတွင် အခမ်းနားပြီးဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

သတင်း နှင့် ဓာတ်ပုံ – မြစ်မခ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts