>Tu Maung Nyo – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(တင်အေးကော်မရှင်) ဆိုသည်မှာ

>

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(တင်အေးကော်မရှင်)ဆိုသည်မှာ
တူမောင်ညို
ဒီဇင်ဘာ ၂၀၊ ၂၀၁၁
သူတို့နဲ့မီဒီယာတွေ တွေ့တာက အခုနေအခါမှာဖက်ရှင်တစ်ခုလိုဖြစ်လာနေတယ်။ အရင်ကတော့ မီဒီယာဆိုတာ  “သွေးခွဲ၊ ရန်တိုက်ပေးနေသူ/လေလှိုင်းသံလူသတ်သမား နားမယောင်လေနဲ့သတိထား”တဲ့၊ “မီဒီယာကို မီဒီယာနဲ့တိုက်ရမယ်”လို့ ဆိုခဲ့တာပဲ။
 အခုတော့ သူတို့နဲ့ မီဒီယာတွေ ရောင်းသူဝယ်သူချင်းမို့အသံတူတာလား၊ ရင်ကြားစေ့တယ်လို့ပြောရမလား၊ ပြန်ပေါင်းထုပ် နေကြပြီလို့ပြောရမလားမသိဘူး။
 သူတို့ကမီဒီယာတွေကိုအသုံးချနေတာလား၊ မီဒီယာတွေကပဲကျေကျေနပ်နပ်အသုံးတော်ခံနေတာလား။ ဒါမှမဟုတ် သူတို့နဲ့ မီဒီယာတွေ အပြန်အလှန်သူ့အကျိုးကိုယ့်အကျိုး(win – win situation) ဖြစ်နေကြတာလား။
သမ္မတကလည်း မီဒီယာတွေနဲ့တွေတယ်။
ပြည်ထောင်စုလွှတ်တော်နာယကကလည်း မီဒီယာတွေနဲ့တွေ့တယ်၊
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကလည်း မီဒီယာတွေနဲ့တွေ့တယ်။
ပြန်ကြားရေးဝန်ကြီးကလည်းတွေ့တယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကလည်းတွေ့တယ်။
ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်ဆိုသူတွေကလည်းတွေ့တယ်။
          သူတို့ ဘယ်သူနဲ့ပဲတွေ့တွေ့၊ ဘာစကားတွေပဲပြောပြော၊သူတို့အားလုံး“တစ်သွေး၊ တစ်သံ၊ တစ်မိန့်” ယိမ်းကသလို ပြောတဲ့ စကားကတော့ “(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ (၂၀၀၈) ဖွဲ့စည်းအခြေခံဥပဒေနဲ့အညီ၊ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်” ထဲမှာဆိုတဲ့စကားပဲဖြစ်ပါတယ်။
          ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မီဒီယာတွေနဲ့တွေ့ဆုံတဲ့အခါ  “မည်သူ့သြဇာ လွှမ်းမိုးမှုမှမခံဘဲလွတ်လွတ် လပ်လပ်လုပ်ဆောင်နေကြောင်း ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လုပ်ဆောင်သွားမယ်”လို့ပြောသွားသတဲ့။
          ဟုတ်တာပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(တင်အေးကော်မရှင်)ကို ရုံးတစ်ရုံးဓါးတစ်စင်း ဆိုတဲ့ တစ်ချက်လွှတ် အမိန့်အာဏာတွေပေးထားတာပဲ။ ဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းလုပ်ဆောင်သွားမယ်လို့ ပြောတာ ဘာမှ မဆန်းပါဘူး။ “(၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေ”ကို သူတို့စိတ်ကြိုက်ရေးဆွဲ၊ အတည်ပြု၊ပြဋ္ဌာန်းခဲ့ကြတာပဲလေ။
          မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီမှန်သမျှရဲ့ကံကြမ္မာ၊ရွေးကောက်ပွဲရဲ့ကံကြမ္မာ၊ ရွေးချယ်တင်မြှောက်ခံရသူတွေရဲ့ ကံကြမ္မာ ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့လက်ထဲမှာပဲရှိပါတယ်။“တင်အေးကော်မရှင်”ကသေဆိုသေ၊ ရှင်ဆိုရှင်၊ တည်ဆိုတည် ၊ ပျက်ဆိုပျက်ရမှာပါ။
“တင်အေးကော်မရှင်”ရဲ့ ဆုံးဖြတ်ချက်မှန်သမျှအပြီးအပြတ်နဲ့အတည်ဖြစ်စေရမယ်။ ဘယ်တရားရုံးမှာမျှ တရားစွဲလို့မရပါဘူး။
မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီမှန်သမျှရဲ့ကံကြမ္မာ၊ရွေးကောက်ပွဲရဲ့ကံကြမ္မာ၊ ရွေးချယ်တင်မြှောက် ခံရသူတွေရဲ့ကံကြမ္မာနဲ့ ပတ်သက်လာရင် “တင်အေးကော်မရှင်”ဟာတစ်ချက်လွှတ်အမိန့်အာဏာတွေနဲ့ မြွေပွေးမြွေဟောက်လို အဆိပ်ပြင်းသလောက် ကာကွယ်ရေးဦးစီးချုပ်ကစေလွှတ်တဲ့စစ်သားအမတ်ဆိုသူတွေအပေါ်မှာတော့ ရေမြွေလိုမြက်လျှောလို့ အဆိပ်မရှိနိုင်ရှာပါဘူး။
“တင်အေးကော်မရှင်”အနေနဲ့ “ မည်သူ့သြဇာလွှမ်းမိုးမှုမှမခံဘဲလွတ်လွတ် လပ်လပ်လုပ်ဆောင်နေတယ်” လို့ ဘယ်လိုပဲပြော နေပါစေ၊ ကာကွယ်ရေးဦးစီးချုပ်က သူ့စစ်သားအမတ်တွေကိုဘောလုံးပွဲလူလဲသလို စိတ်ကြိုက်လဲလှယ်ခွင့်ပေးထားရပါတယ်။ ငြင်းပယ် ခွင့်မရှိပါဘူး။
 ၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့မှ ဒီဇင်ဘာလ (၁၆)ရက်နေ့အထိ ကာလအတွင်း ကာကွယ်ရေးဦးစီးချုပ်က စစ်သား အမတ်တွေကို သူ့စိတ်ကြိုက်အစားထိုးလဲလှယ်ခဲ့တာ(၅) ကြိမ်ရှိခဲ့ပါပြီ။ စုစုပေါင်း (၆) ဦးဖြစ်ပါတယ်။
ဒီလုပ်ရပ်က အောက်ပါအချက်အလက်များကိုဝန်ခံထားပါတယ်။
“တင်အေးကော်မရှင်” ရဲ့အထက်မှာ ကာကွယ်ရေးဦးစီးချုပ်ရှိနေတယ်ဆိုတဲ့အချက်။
 “တင်အေးကော်မရှင်”ဟာ စစ်သားအမတ်တွေရဲ့ကံကြမ္မာကိုနိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲနဲ့ ရွေးချယ်တင်မြှောက်ခံရသူ တွေရဲ့ ကံကြမ္မာကို စေစားနိုင်သလို“ဘယ်သူ့ သြဇာလွှမ်းမိုးမှုမှမခံဘဲ လွတ်လွတ်လပ်လပ်” စေစားပိုင်ခွင့်/နိုင်ခွင့်မရှိဘူးဆိုတဲ့အချက်နဲ့ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ စစ်တပ်အလိုကျပဲဖြစ်တယ်ဆိုတဲ့ အချက်ကိုအထင်အရှားတွေ့မြင်နိုင်ပါတယ်။
တကယ်တော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေး ဟာ ယခင်က  (နအဖ) စစ်ကောင်စီအဖွဲ့ဝင်၊ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်ပြီး၊ ကြံ့ဖွံ့ပါတီကရွေးချယ်တင်မြှောက်ခံရသူဖြစ်ပါတယ်။ဒါပေမယ့် ကာကွယ်ရေးဦးစီးချုပ်ရဲ့ စစ်သားအမတ်တွေ အပေါ်သြဇာညောင်းနိုင်ခြင်းမရှိပါလား။
ဒီတော့ဗျာ။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(တင်အေးကော်မရှင်)ဆိုတာနိုင်ငံရေးပါတီမှန်သမျှရဲ့ ကံကြမ္မာ၊ ရွေးကောက် ပွဲရဲ့ကံကြမ္မာ၊ ရွေးချယ်တင်မြှောက်ခံရသူတွေရဲ့ကံကြမ္မာကိုစိတ်ကြိုက်ချုပ်ကိုင်စေစားဖို့ တစ်ဖက်သတ်ဖန်တီးထားတဲ့ ဖိနှိပ်ချုပ်ချယ်ရေး ယန္တယားတစ်ခုသာလျှင်ဖြစ်ပါတယ်။
 နိုင်ငံရေးပါတီမှန်သမျှလို့ဆိုပေမယ့် အဲဒီအထဲမှာကြံ့ဖွံ့ပါတီ (USDP) မပါဘူးဆိုတာကိုတော့ အားလုံးက အလိုအလျောက် သဘောပေါက်ကြမယ်ထင်ပါတယ်။
မည်သူမဆို၊ မည်သည့်နိုင်ငံရေးပါတီမဆို“(၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ၊ (၂၀၀၈) ဖွဲ့စည်းအခြေခံဥပဒေနဲ့အညီ၊ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်”ထဲ ဝင်ရောက်သွားပြီဆိုရင် “တင်အေးကော်မရှင်”က ဆုံးဖြတ်တာကို လေးစားလိုက်နာရမှာပေါ့မဟုတ်ဘူးလား။
ညွန်း
      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၄၅/၂၀၁၁) – ၁၇ သြဂုတ် မြန်မာ့အလင်းသတင်းစာ
      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၄၆/၂၀၁၁) – ၁၇ သြဂုတ် မြန်မာ့အလင်းသတင်းစာ
      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၅၆/၂၀၁၁)၂၁ အောက်တိုဘာ၊ မြန်မာ့အလင်းသတင်းစာ
      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၅၇/၂၀၁၁)- ၂၅ အောက်တိုဘာ၊ မြန်မာ့အလင်းသတင်းစာ
      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၆၀/၂၀၁၁) – ၁၇ ဒီဇင်ဘာ၊မြန်မာ့အလင်းသတင်းစာ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts