>SF Burmese Book Drive donating books to FFSS – Community Library

>

ဆန်ဖရန်မြန်မာမိသားစုများ၏ကလေးစာအုပ်ဒါနလှုပ်ရှားမှုက
နာရေးကူညီမှုအသင်း -သုခအလင်းစာကြည့်တိုက်သို့ လှူဒါန်း
မိုးမခ၊ ဒီဇင်ဘာ၁၄၊ ၂၀၁၁
“San Francisco BurmeseCommunity Book Drive”  အမည်ဖြင့်မြန်မာပြည်တွင်းရှိ ကလေးသူငယ်များအတွက် စာအုပ်များစုဆောင်းကောက်ခံလှူဒါန်းသည့်ကလေးစာအုပ်ဒါနလှုပ်ရှားမှုကို ဆန်ဖရန်ဘေးဧရိယာမြန်မာမိသားစုများ၏အားပေးကူညီမှုဖြင့် ဆောင်ရွက်လျက်ရှိရာ ပထမဦးဆုံးအသုတ်အဖြစ် ကလေးစာအုပ် ၇၀ကျော်ကို နာရေးကူညီမှုအသင်းမှ သုခအလင်းစာကြည့်တိုက်သို့ နိုဝင်ဘာ ၁၉ ရက်နေ့ကသွားရောက်လှူဒါန်းခဲ့သည်ဟု သိရသည်။
ဒုတိယအသုတ်အဖြစ်တောင်ကြီးမြို့ ဘုန်းတော်ကြီးသင်စာသင်ကျောင်း စာကြည့်တိုက်သို့ဆက်လက်လှူဒါန်းရန် စီစဉ်ထားပြီး တတိယအသုတ်အဖြစ် အလှူရှင်များ၊ စေတနာရှင်များ၏သဘောထားများ တောင်းခံပြီး အကူအညီလိုအပ်နေသည့် စာကြည့်ခန်းများ၊စာကြည့်တိုက်များသို့ လှူဒါန်းရန် ပြင်ဆင်လျက်ရှိသည်။
“စာအုပ် တပုံးကို စာအုပ် ၃၀ကနေ ၄၀ နီးပါးပါတယ်။ တနေရာကို စာအုပ် ၂ ပုံး လှူနိုင်အောင် မှန်းထားတယ်။အားလုံးက ကလေးသူငယ်တွေအတွက် ရောင်စုံပုံပြင်နဲ့ ရုပ်ပြစာအုပ်တွေ၊ ကလေးစာပေတွေဖြစ်တယ်။ သင်ခန်းစာစာအုပ်တွေလည်း ပါတယ်။ ၀ိုင်းလှူတဲ့သူတွေရဲ့စာအုပ်အမျိုးအစားပေါ် မူတည်တယ်။ လူကြုံတို့၊ သဘောင်္တို့နဲ့ ပို့ရတော့အချိန်ယူရတယ်၊ ကရိကထများတယ်၊ စာရိတ်သက်သာအောင်လည်း လုပ်ရတယ်”
ဟု book drive ၏စီစဉ်သူတဦးဖြစ်သူ ကိုဂျေစင်က မိုးမခကို ရှင်းပြသည်။
“လွန်ခဲ့တဲ့ နွေရာသီ (ဇွန်၊ဇူလိုင်၊ သြဂုတ်) ကျောင်းပိတ်ရက်မှာ ကျောင်းသားမိဘတွေဆီက၊ သူငယ်ချင်းတွေဆီကအသုံးမလိုတော့တဲ့ ကလေးစာအုပ်တွေ ကျောင်းစာအုပ်တွေ လိုက်ကောက်တယ်။ လူကြီးတွေအလှူရှင်တွေဆီက ပို့ခအတွက် အလှူခံတယ်။ နဲနဲချင်း စုပြီး မြန်မာပြည်ကိုလှမ်းပို့တယ်။ ဟိုက သူငယ်ချင်းတွေက စာကြည့်တိုက်တွေဆီ လိုက်ပို့ပြီး လှူတဲ့လုပ်အားပေးတာပေါ့။ အများက ၀ိုင်းတဲ့အလှူ၊ အားလုံးလည်း ကိုယ့်ဖာသာကိုယ်လုပ်နိုင်ကြအောင်လို့ လှူတဲ့နေရာမှာ ဆန်ဖရန်စစ္စကိုမြန်မာကွန်မြူနီတီရဲ့အလှူလို့ပဲ နံမယ်တပ်တယ်။ အားလုံးအလှူပေါ့။ အားလုံး ၀မ်းသာရတာပေါ့”
ဟု book driveဆော်သြလှုံဆော်သူတဦးဖြစ်သည့် ကိုကျော်သူရက ဆက်လက်ရှင်းပြသည်။
မြန်မာမိသားစုတို့၏တပိုင်တနိုင် ကိုယ်ထူကိုယ် စာအုပ်ဒါနလှုပ်ရှားမှုကို အားပေးသည့်အနေဖြင့်ဖရီးမောင့်မြို့နယ်စာကြည်တိုက်ကလည်း ကလေးစာအုပ်အများအပြားပေးအပ်လှူဒါန်းပေးခဲ့သည်ဟု ဆိုသည်။
book drive အတွက်လုပ်အားပေးကြသည့် အထက်တန်းကျောင်းသူကလေးများဖြစ်သည့် ပွင့်ဖြူနန္ဒာနှင့်သဇင်မေနိုင်တို့က အဆိုပါ San Francisco Book Drive အတွက် Google ပေါ်တွင် Blogတခု တည်ဆောက်ပေးခဲ့ကြသည်ကို တွေ့ရသည်။ (http://sfbcbookdrive.blogspot.com)
မြန်မာပြည်၏ သာရေး၊ နာရေး၊လူမှုရေးနှင့် အမျိုးသားရေးလှုပ်ရှားမှုများတွင် အစဉ်အမြဲ တက်ကြွစွာပါဝင်လှုပ်ရှားလေ့ရှိသော ဆန်ဖရန်စစ္စကိုမြန်မာမိသားစုများ တိုင်းရင်းသားများ၏စေတနာဝန်ထမ်း လူမှုရေးလုပ်ငန်းများစွာအနက် တခုသော ပညာဒါနစာအုပ်ဖြန့်ချိလှူဒါန်းမှုအဖြစ်တင်ပြလိုက်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts