>Media Law workshop in Rangoon

>

မီဒီယာဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပဖွယ်ရှိ
Yangon Press International
ဒီဇင်ဘာ ၁၃၊ ၂၀၁၁


ဝါရင့်သတင်းစာဆရာ မောင်ဝံသ

ပြည်ထောင်စုအစိုးရအဖွဲ့က ရေးဆွဲလျက်ရှိသည့် မီဒီယာဥပဒေနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်သည့် အနေဖြင့် မီဒီယာဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲ တခုကို ပြည်သူ့လွှတ်တော်၏ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီက ဦးစီးပြီး ဒီဇင်ဘာလကုန်ပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပဖွယ်ရှိကြောင်း ကော်မတီဝင်တစ်ဦးဖြစ်သည့် အလုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် မီဒီယာသမားများမှ မိမိတို့ ရေးဆွဲထားသော မီဒီယာဥပဒေဆိုင်ရာ စာတမ်းများကို ဖတ်ကြား တင်သွင်းနိုင်မည်ဖြစ်ပြီး ထိုစာတမ်းများအနက် အတည်ပြုနိုင်သည့် စာတမ်းများကို နေပြည်တော်တွင် ကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲတွင်ထပ်မံ ဆွေးနွေးကာ နောက်ဆုံး ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ၀ိုင်းဝန်းဆွေးနွေးပြီး ဆုံးဖြတ်ချက် ချမှတ်ခဲ့သော စာတမ်းများကို ပြည်သူ့ လွှတ်တော်တွင်း မီဒီယာ ဥပဒေမူကြမ်းဆွေးနွေးရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ဦးခိုင်မောင်ရည်က ဆိုသည်။

“အစိုးရကတော့ သူတို့ဘက်က လုံခြုံမှုရှိအောင် စဉ်းစားပြီး လုပ်မှာပဲ။ ကျွန်တော်တို့ ဘက်ကရော ဘာတွေ ပြင်ဆင်ထားမလဲ။ ဘာတွေဆွေးနွေးမလဲ ကြိုတင်ပြင်ဆင်တဲ့ သဘောပါ။ မီဒီယာသမားတွေ ဆိုတာလည်း ပြည်သူတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ပြည်သူတွေ လိုအပ်တဲ့ ဥပဒေထည့်မယ်၊ ပြည်သူတွေ မလိုတာ၊ အကျိုးမရှိနိုင်မယ့် ဥပဒေတွေ ပြီးတော့ ပြည်သူကို အကျိုးမဲ့စေမယ့် ဥပဒေတွေကို ဖြုတ်မယ်” ဟု ၄င်းက ဆိုသည်။

ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သူ ဆရာမောင်ဝံသကလည်း အစိုးရအဖွဲ့အနေဖြင့် မီဒီယာဥပဒေကြမ်း ရေးဆွဲရာတွင် နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပြုလုပ်မည်ဟု ၄င်းအနေဖြင့် ထင်မြင်ယူဆကြောင်း၊ ထိုသို့ရေးဆွဲရာတွင် မီဒီယာသမားများ၏ အခွင့်အရေးအတွက် ထည့်သွင်း စဉ်းစားသင့်ကြောင်း ပြောကြားသည်။

“မီဒီယာသမားတွေရဲ့ အခွင့်အရေးကို ကာကွယ်မှုပေးမယ့် ဥပဒေ ရှိသင့်တယ်လို့ထင်တယ်။ ဥပမာ ကျွန်တော်တို့ရဲ့ သတင်းမေးခွင့် ရေးသားခွင့်တွေမှာ လုံခြုံမှုရှိမယ့် ဥပဒေမျိုးပေါ့။ ပြီးတော့ အန္တရာယ် ရှိတဲ့နေရာကို သတင်းတာဝန်နဲ့သွားရင် အစောင့်အရှောက် ပေးတာမျိုး ရှိစေချင်တယ်။ ဥပမာ စစ်ပွဲဖြစ်နေတဲ့ နေရာလိုမျိုးမှာ သတင်းသမားကို နိုင်ငံတကာ ကြက်ခြေနီတွေကို ဆက်ဆံသလို ဆက်ဆံစေချင်တယ်။ အခု ဥပဒေဆွဲတဲ့နေရာမှာလည်း မီဒီယာတွေရဲ့သဘောထားနဲ့ ပါသင့် ပါထိုက်တယ် ထင်တဲ့ အချက်ကို ယူသင့်တယ်” ဟု ၄င်းက ဆိုသည်။

လာမည့် ၂၀၁၂ တွင် စာပေစိစစ်ရေးအဖွဲ့ကို ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြည်ပ မီဒီယာ တစ်ခုက မကြာသေးမီက တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့သည်။

စာပေစိစစ်ရေး နှင့် မှတ်ပုံတင်ဋ္ဌာနကို ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက်တွင် ဖွဲ့စည်းခဲ့သည်။ စာပေစိစစ်ရေး ဋ္ဌာနနှင့်အတူ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ အက်ဥပဒေကိုပါ ပြဋ္ဌာန်းခဲ့ပြီး မည်သည့် စာအုပ် စာတမ်းမဆို ပုံနှိပ်ထုတ်ဝေခြင်း မပြုမီ ယင်းဋ္ဌာနသို့ တင်ပြရန် လိုအပ်ကြောင်း ယင်းဥပဒေကို ဖောက်ဖျက်ပါက ဒဏ်ငွေနှင့်ထောင်ဒဏ် ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts