>Cho Tu Zaw – Bogyoke Aung San … 8888

>

ဗိုလ်ချုပ်အောင်ဆန်း… လွမ်းစိမ့် …
ချိုတူးဇော်၊ဒီဇင်ဘာ ၁၃၊ ၂၀၁၁
ဒီနေ့ဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းအထုပ္ပတ္တိကို မြန်မာဗီဒီယို ရုပ်ရှင်သမားတွေအနေနဲ့ လူလိုသူလို အဆင့်အတန်းမီအောင် ရိုက်ဖို့ဆိုတာမလွယ်လှပါဘူး။ ပြောရရင် အသံကို ပတ်လည်ပြေးစနစ်သုံးဖို့တောင် ပိုက်ဆံက နည်းလှတာမဟုတ်ဘူး။မဖြစ်မနေ မရှိရှိတာနဲ့ မရရအောင် ဖန်တီးကြမယ်ပဲ ထားပါတော့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို ဘယ်လောက်ထိ ဖေါ်ပြခွင့်ရမလဲဆိုတာ အရေးကြီးပါတယ်။
အထူးသဖြင့်သင်ရိုးညွှန်းတမ်းထဲက လုပ်ကြံဖန်တီးထားတဲ့ သမိုင်းတွေထက်၊ တကယ်ဖြတ်သန်းခဲ့တဲ့ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကို ထိန်ချန်ကျော်လွှားပြီး ရိုက်မယ်ဆိုရင် အဲဒီ ဗိုလ်ချုပ်အောင်ဆန်း အထုပ္ပတ္တိဟာတန်ဖိုးမဲ့၊ အနှစ်သာရကင်းမဲ့တဲ့ ရုပ်ရှင်ပဲဖြစ်သွားလိမ့်မယ်။
အထူးသဖြင့်ဗိုလ်ချုပ်အောင်ဆန်းကို “အောင်ဆန်း” ရယ်လို့ ရဲရဲတောက်မွေးဖွားပေးခဲ့တဲ့ ၁၉၃၆ ကျောင်းသားသမဂ္ဂသမိုင်းကို ဘယ်လောက်ထိ ဖေါ်ပြခွင့်ရမှာလဲ။ ဗကသ ရဲ့သမိုင်း ဟာ ချန်လှန်ထားလို့မရအောင်ပေါ်လာမယ်။ကဒေါင်းကို ကိုလိုနီအစိုးရက လွှင့်ခွင့်မပေးခဲ့လို့ ခွပ်ဒေါင်းပြောင်းခဲ့တာ၊ ခွပ်ဒေါင်းကိုအစောပိုင်းမှာ ပန်းချီ နဲ့ ဆွဲခဲ့ရာက ခုခေတ်မြင်ရတဲ့ ခွပ်ဒေါင်းကို ပြောင်းခဲ့ကြတာတွေဟာချန်လှပ်ထားလို့မရတဲ့ အရေးပါတဲ့ သမိုင်းရဲ့ ဖြတ်သန်းမှုတွေ။ ဗကသ ရဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့တာ။ပထမဆုံး ဗမာပြည်ကွန်မြူနစ်ပါတီမှာ အတွင်းရေးမှူးတာဝန်ယူခဲ့တာ၊ ဒို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူးအနေနဲ့အင်္ဂလိပ်ကို လက်နက်ကိုင်တိုက်ဖို့ ညီလာခံမှာ အဆိုတင်သွင်းခဲ့၊ အဲဒီ အဆိုအတိုင်းကိုယ်တိုင်အကောင်အထည်ဖေါ်ခဲ့၊ ကိုယ်တိုင် အဆက်အသွယ်ရှာ၊ ကိုယ်တိုင် ဖွဲ့စည်းထူထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ကနဦးဖခင် ဂျပန်တွေနဲ့ပါတ်သက်လို့ သခင်ကိုယ်တော်မှိုင်းကြီးက ဆဲ တာ၊ ဖဆပလထဲက ဗမာပြည်ကွန်မြူနစ်ပါတီကိုထွက်လိုက်လို့.. သခင်ဗဟိန်းသေတဲ့အထိ စကားမပြော အတွေ့မခံတော့တာတွေလည်း ပါစေချင်တယ်။
ဖတ်စာအုပ်ထဲကလိုဖေဖေါ်ဝါရီ ၁၃ မှာ . . ဗိုလ်ချုပ်မွေးနေ့ပါ ဆိုတဲ့ အထုပ္ပတ္တိမျိုးမဖြစ်စေချင်ဘူး။ ဒီကားရိုက်ဖို့တပ်မတော်ရဲ့ အကူအညီတွေအများကြီးလိုတယ်။ လေ့ကျင့်ရေးတပ်က ပါဝင်ဖို့လိုတယ်။ နောက် ဗိုလ်ချုပ်စီးတဲ့မြင်းကအစ။ ၀ါရင့်တပ်မတော်ဘိုးဘေးကြီးတွေက ပြန်ပြောနိုင်ပါလိမ့်မယ်။ ပုတ်သင်ညိုဥတူးရင်း ညောင်မြစ်ပေါ်လာမှာကိုစိုးရိမ်တတ်၊ ထမင်းလုံးတစ္ဆေခြောက်ခံရမှာကြောက်တတ်ကြ၊ အသည်းငယ်တတ်ကြတဲ့ ဒီစစ်ဗိုလ်ချုပ်ကြီးတွေကဘယ်လိုများ ခွင့်ပြုကြမလဲ လို့ တွေးရင်း ရင်လေးမိပါရဲ့။
၈၈ အငွေ့အသက်ကလေးပါနေတဲ့ “လွမ်းစိမ့်” ကိုတောင် ကားလုံး ပိတ်ခဲ့တာ ၃ နှစ်ကျော်ပေါ့ဗျာ။ လွမ်းစိမ့် ရေချိန်နဲ့ပဲကြည့်ရပါလိမ့်မယ်။ ခု ပရိုဂျူဆာတွေ ပြန်တင်နေတယ် ဆိုပါတယ်။ ၈၇ – ၇၅ ကျပ်တန် တရားမ၀င်ကြေညာတာကိုလုံးဝ ပြခွင့်မပြုနိုင်ဘူး ဆိုတဲ့ ဒီဆင်ဆာဟာ ဗကသသမိုင်းနဲ့ ဗကသ အလံတော်ကို ရုပ်ရှင်ပိတ်ကားပေါ်မှာလွှင့်ခွင့်ပြုမပြု စောင့်ကြည့်ပါ့မယ်။
ကျနော်ကတော့အမေရိကားမှာ တမြို့ဝင် တမြို့ထွက်သွားလာရင် နှစ် ၂၀ ကျော်ကွဲကွာခဲ့တဲ့ သူငယ်ချင်းဟောင်းတွေနဲ့တွေ့၊တောထဲက ဖြတ်သန်းလာခဲ့တဲ့ သူတို့ရဲ့ ခါးသီးတဲ့ဘ၀တွေကို နားထောင်၊ ဟိုသူငယ်ချင်းက ဘယ်လိုငှက်ဖျားနဲ့သေခဲ့၊ ဟိုတယောက်ကတော့ သံလွင်မြစ်ထဲ နစ်မြုပ်ခဲ့ရ၊ နောက်တယောက်ကတော့ ဘယ်နေရာမှာဘယ်လိုမှန်ပြီးကျခဲ့တယ် ဆိုတာတွေကို မျက်ရည်တွေနဲ့ ပြော၊ မျက်ရည်တွေနဲ့ နားထောင်ရင်း. . လွမ်းစိမ့်ကို ပြဖို့၊ ဖြန့်ဖို့ စီစဉ်နေတယ်။
တက္ကသိုလ်ပရ၀ုဏ်ထဲမှာကဗျာတွေရေးခဲ့၊ ရည်းစားနဲ့ချိန်းတွေ့ခဲ့၊ မိဘဆီမှာ ဆိုးနွဲ့၊ ဆရာဆရာမတွေဆီမှာ ဆိုးနွဲ့နေခဲ့ရတဲ့ဘ၀တွေကနေ…
 လမ်းပေါ်မှာ သေဆုံးခဲ့ရ၊
ထောက်လှန်းရေးစခန်းတွေမှာ စာရင်းပျောက် အသတ်ခံခဲ့ရ
သောင်ရင်းမြစ်ကမ်းဘေးမှာအတုန်းအရုန်းကျဆုံးခဲ့ရတဲ့ ကျနော်တို့ သူငယ်ချင်းတွေရဲ့ အကြောင်း …
 ဒီနေ့ထက်ထိ ထောင်ထဲမှာ အသက်အစိတ်ကျော်ကတည်းက အသက်၅၀ တိုင်အောင် မလွတ်မြောက်နိုင်သေးတဲ့ မင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်တွေရဲ့အကြောင်း …
ဂျင်မီတို့နီလာသိန်းတို့နဲ့ သူတို့သမီးလေးအကြောင်း …
(အဲဒါတွေကို)ခုလိုသင်ပုန်းချေ ကျေနပ်ကြလို့ သမိုင်းစာမျက်နှာအသစ်ဖွင့်ကြမယ့် မြန်မာနိုင်ငံတော်သစ်ကြီးမှာနောင် ဘယ်တော့မှ . . .ဘယ်သောအခါတော့မှ.. ထပ်မပေါ်လာရတော့အောင် သင်ခန်းစာ ယူနိုင်ကြဖို့ဒီနင့်သီးတဲ့ ဖြစ်ရပ်တွေကို ပိုလို့ ရိုက်ချင်နေပါတယ်။
လွမ်းစိမ့်- ၂ ပေါ့ဗျာ။
ချစ်ခင်စွာ
ချိုတူးဇော်
(သူ့ဖေ့စ်ဘွတ်ကယူပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts