>Nyein Wai – Essay

>

ဓါတ်ကြိုးတန်းပေါ်က ပျံလွှားငှက်ကလေးတကောင်
ငြိမ်းဝေ
ဒီဇင်ဘာ ၁၂၊ ၂၀၁၁


(က)

ဘဘ … ငါ့မြေးဆီကို စာမရေးဖြစ်တာ နည်းနည်းကြာသွားခဲ့ပြီ။ အလုပ်တွေမအားတဲ့ကြားက တခါတလေမှာ ငါ့မြေးဆီကို စာရေးအုန်းမှလို့ တွေးမိတာတော့အမှန်ပဲ ငါ့မြေး။ ငါ့မြေးကတော့ ဘဘဆီကစာကို မျှော်ကောင်းမျှော်နေမလား။

ဒီတခါ ငါ့မြေးကို သတိရလို့ စာရေးဖို့ စားပွဲမှာထိုင်တော့ ငါ့မြေးဆီက ရေးပို့ ခဲ့ဖူးတဲ့ စာလေးတစောင်ကို သွားတွေးမိတယ်။ အဲဒီ စာထဲမှာ…“ဘဘရယ် ဖြစ်နိုင်ရင် ၀တ္ထုတိုလေးတပုဒ်၊ ကဗျာလေးတပုဒ်အကြောင်းပြောပြစမ်းပါ” …ဆိုတဲ့ ငါ့မြေးရဲ့ လိုလိုချင်ချင်ရေးလိုက်တဲ့ စာကြောင်းလေးကို ဘဘသွားတွေးမိလို့ပါ။ ဒါကြောင့် ဒီတခါတော့ ‘ကဗျာလေးတပုဒ်’ အကြောင်း ငါ့မြေးဆီကို ဘဘ စာရေးပြီး ပြောလိုက် ပါတယ်။

ငါ့မြေးရေ ….
ကဗျာလေးအကြောင်းမပြောခင် ဒီကဗျာလေးကိုဖတ်ပြီး ဘဘတယောက်ထဲ၊ ပြတင်းပေါက်မှာ သွားရပ်လိုက်၊ အိပ်ယာထဲ ၀င်လှဲလိုက်၊ လမ်းလျှောက်လိုက်နဲ့ တော်တော့်ကို “စိတ်” အလုပ်လုပ်ခဲ့ရတာကို ကြိုပြီးပြောချင်သေးတယ်။ ဒီကဗျာလေးဟာ ဘဘရဲ စိတ်ကို ဆွဲဆန့် လိုက်တယ်လေ။ ဘဘတယောက်ထဲ ရက်အတော်များများ အတွေးတွေဖြန့်ကျက်၊ အတွေးတွေ ခုတ်ဖြတ်၊ အတွေးတွေ ဆက်စပ်လုပ်ခဲ့ရသေး တယ်။ ဒီလောက်အလုပ်ရှုပ်အောင်လုပ်ခဲ့တဲ့ ဒီကဗျာလေးအကြောင်းကို တယောက်ထဲခံစား၊ စဉ်းစားလို့ မကျေနပ်နိုင်လို့  ဘဘနဲ့ရင်းနီးတဲ့ စာပေမိတ်ဆွေတချို့နဲ့လည်း တိုင်ပင်ဆွေးနွေး၊ ပြောပြပါသေးတယ်။ ဟော …အခုဆိုရင် ကဗျာအာရုံ ကိုင်းညွှတ်နေတဲ့ ငါ့မြေးကိုတောင်မှ ဒီကဗျာလေးအကြောင်း ပြောပြနေမိပြီ။ ကဲ.. ဘဘ ကဗျာအကြောင်းပြောတော့မယ်။ ငါ့မြေး သေသေချာချာ နားထောင်နော်။ ကဗျာရဲ့ ခေါင်းစဉ်က “ပျံလွှားငှက်များ” ..တဲ့။

ပျံလွှားငှက်များ
မိုးရောက်တော့
ပျံလွှားငှက်ကလေးတွေ ဘယ်ဆီရောက်ကုန်ပြီလဲ
သူတို့တောင်ပံခတ်ပျံပုံ သူတို့တောင်ပံဖြန့်ဝဲပုံ
အားကျမိ အောက်မေ့မိပါရဲ့
တချိန်လုံး ပျံလိုက် ၀ဲလိုက် နားလိုက်နဲ့
သူတို့ ဘာအစာတွေစားကြမလဲ
သူတို့အိပ်တန်းဘယ်မှာလဲ။


ဒါကတော့ “ပျံလွှားငှက်ကလေး” ကဗျာရဲ့ပထမကဗျာပိုဒ်ပေါ့ ငါ့မြေး။ ငါ့မြေးလည်း ပျံလွှားငှက်ကလေးတွေကို တွေ့ ဖူးမှာပါပဲ။ ဘဘအဖို့ တော့ ဒီကဗျာကိုဖတ်ပြီး၊ အမှတ်တမဲ့နေခဲ့မိတဲ့ အချိန်တွေကို နှမျောသွားမိတယ်။ အော်…“သူကတော့ ကဗျာဆရာကိုး ” ဆိုတဲ့ အတွေးနဲ့ ကဗျာပိုင်ရှင် ကဗျာဆရာကို လေးစားမိတယ်။ တကယ်တော့ ဘဘလည်း ငယ်စဉ်တုန်းက အဲဒီပျံလွှားငှက်ကလေးတွေနဲ့ နှံပြည်စုတ်ငှက် ကလေးတွေကို တခြားငှက်တွေထက်ပိုပြီး စိတ်ဝင်စားခဲ့မိဖူးတယ်။ ပြီးတော့ တခြားငှက်တွေထက် ပိုပြီး သနားကြင်နာစိတ် ဖြစ်ခဲ့မိဖူးတယ်။

ငါ့မြေးလည်းသိမှာပါ။ ပျံလွှားငှက်တို့ နှံပြည်စုတ်ငှက်တို့ဆိုတဲ့ငှက်ကလေးတွေဟာ၊ တခြားငှက် အမျိုးအစားထက်ပိုပြီး ခန္ဓာကိုယ်သေး ကွေးကြတယ်မို့လား။ ပြီးတော့ ဘ၀ပေးအသိအရ သူတို့မှာ တနေရာထဲမှာ အကြာကြီးငြိမ်ပြီးနေလေ့ မရှိတာရယ်၊ သနားစရာကောင်း လောက်အောင် ဗျာများနေရတာရယ်ကြောင့် သူတို့ကို ဘဘ ကိုယ်ချင်းစာစိတ်နဲ့ သနားမိတာပေါ့။ ဒီကြားထဲ မိုးတွေလေတွေများ ကျပြီလား ဆိုရင် သူတို့တတွေ ဘယ်လောက်အထိ ထိတ်လန့်တုန်လှုပ်နေကြမလဲ။ ဒါပေမယ့် ဘဘကသာ တခြားငှက်သတ္တ၀ါတွေနဲ့ နှိုင်းယှဉ်ပြီး သနားနေတာပါ။ သူတို့ကတော့ သန်မာဖြတ်လတ်တဲ့နေရာမှာ သြချယူရမယ်။ ၀ီရိယလည်း ရှိတယ်။ သတိလည်း ရှိကြတယ်ကွဲ့ ။

ဒီကဗျာမှာ ပျံလွှားငှက်ကလေးတွေကိုကြည့်ပြီး ကဗျာဆရာက ဘဘလိုပဲ ပူပင်သောကရောက်နေတာတွေ့ရတယ်။ မိုး ရောက်တော့မယ်တဲ့။ ပျံလွှားငှက်ကလေးတွေ ဘယ်ဆီ ရောက်ကုန်ပါလိမ့်တဲ့။ မှန်တာပေါ့။ သူတို့ က အကောင်သေးသေးလေးတွေလေ။ ဒီလို ခန္ဓာကိုယ်မျိုးက မိုးဦးကျအချိန် လေထဲမိုးထဲအချိန်မရွေး လွင့်ပါသွားနိုင်တာပဲ။ တနွေလုံး မနားမနေ ပျံကာလွှားကာ လှုပ်ရှားနေတဲ့ ပျံလွှားငှက်ကလေးတွေ အခုတော့ဘယ်ရောက်ကုန်ပါလိမ့်။ သူတို့ ဘယ်လိုများ အစာရှာစားကြပါလိမ့်။ သူတို့ နေတဲ့ အိပ်တန်းနဲ့အသိုက်အမြုံတွေကရော လုံလုံခြုံခြုံ ခိုင်ခိုင်ခံ့ခံ့မှ ရှိပါရဲ့လား။ ဒုတိယကဗျာပိုဒ်ကို ဆက်ပြီးဖတ်ကြည့်ပါဦးငါ့မြေး ။

တစ်ဆောင်းလုံး တစ်နွေလုံး
တို့ခေါင်းပေါ်မှာ
ဆူပါမင်း ဟန်ပန်ဖမ်း ပျံဝဲနေတဲ့ကောင်လေးတွေ
ဓာတ်ကြိုးတန်းမှာ နားတဲ့အခါ
နေဘက်ကို အားလုံးမျက်နှာမူကြလို့ 
အဲ…မိုးအုံ့တဲ့နေ့ကတော့
လှည့်ချင်ရာလှည့်တော့တာပါပဲဗျာ။ ။


(ခ)

ကဗျာဆရာ ‘မောင်အောင်ပွင့်’ ဟာ ၊ ‘ပျံလွှားငှက်ကလေး’ တွေအကြောင်း ဘယ်လိုရည်ရွယ်ပြီး ဖွဲ့ဆိုခဲ့တာလဲ။ ဘဘလည်း အရမ်းသိချင် တယ်။ ပထမကဗျာပိုဒ်မှာ၊ ကဗျာဆရာ အထူးပြုပြီးပြောချင်တဲ့အကြောင်းအရာ မပါသေးတာကို အသေအချာဖတ်ကြည့်ပြီး သိထားတော့ ဒုတိယကဗျာပိုဒ်လည်းဖြစ်၊ နေက်ဆုံးကဗျာပိုဒ်လည်းဖြစ်တဲ့ ဒီကဗျာပိုဒ်ကြတော့ ဘဘအဖို့မျှော်လင့်တကြီးနဲ့ဆက်ဖတ်ရတာပေါ့။ ဖတ်သာ ဖတ်ရတာပါ ငါ့မြေးရယ်။ ကဗျာဆိုတာက တပုဒ်လုံးခြုံပြီးမှ ကဗျာဆရာပြောချင်ပေးချင်တဲ့ အကြောင်းအရာ (၀ါ) ဒဿနကို စဉ်းစားလို့ ရတာမျိုးလည်း ရှိတတ်တယ်မို့လား။ ဘာပဲဖြစ်ဖြစ် ဒုတိယကဗျာပိုဒ်မှာတော့ ဘဘသိချင်တဲ့အချက် ပါကောင်းပါမှာပဲ ဆိုတဲ့အသိနဲ့ ဆက်ပြီး ဖတ်တယ်။ အမှန်ပဲ ငါ့မြေးရေ။ ဒုတိယကဗျာပိုဒ်မှာတော့ ကဗျာဆရာက သူပြောချင်တဲ့အကြောင်းအရာကို အပြည့်အ၀ပေးလိုက်ပြီ ငါ့မြေး ။

ဒုတိယကဗျာပိုဒ်မှာ တနွေလုံး၊ တဆောင်းတွင်းလုံး၊ မနားမနေ လှုပ်ခတ်ပျံသန်းနေတဲ့ငှက်ကလေးတွေ၊ ဓါတ်ကြိုးတန်းပေါ်မှာ နေဖက်ကို မျက်နှာမူပြီးမှနားကြတဲ့ ပျံလွှားငှက်ကလေးတွေတဲ့…။ မိုးအုံ့တဲ့နေ့မှာကြတော့ လှည့်ချင်ရာ လှည့်ကြတော့တာပဲဗျာ…. ဆိုပြီး နိဂုံးချုပ် တယ်လေ။

ဘဘမှာလေ …. ဒီ ဒုတိယကဗျာပိုဒ်ကို အတွေးနယ်ချဲ့ခဲ့ရတာ တော်တော်ကြာခဲ့တယ် ငါ့မြေး။ ရေးရေးလေး အတွေးပေါက်တာနဲ့တပြိုင်နက် အဲဒီအတွေးကြိုးစကို အဆုံးအထိပါလာအောင် တဖြေးဖြေးဆွဲယူခဲ့ရတာ။ သေသေချာချာစဉ်းစားကြည့်စမ်း ငါ့မြေး။ ဘဘတို့ရဲ့မြန်မာစကား ပုံမှာ “ဥသြတကောင်ကြောင့်နဲ့တော့ နွေမဖြစ်နိုင်ဘူး” ဆိုတဲ့စကား ငါ့မြေးကြားဖူးမှာပါ။ ဒီနေရာမှာလည်း “ပျံလွှားငှက်ကလေး တကောင်နဲ့ တော့ နွေမဖြစ်နိုင်ဘူး ” ဆိုတဲ့ သိုးဆောင်းစကားပုံကို ဘဘသတိပြုမိတယ်။

မှန်တာပေါ့။ လူတွေရဲ့မြင်ကွင်းမှာ၊ ကောင်းကင်မှာ ပျံလွှားငှက်ကလေးတကောင်တလေ ရောက်လာရုံနဲ့တော့ “နွေ” ရောက်မလာနိုင်သေးတာ သေချာတာပေါ့။ ဒါပေမယ့် ပျံလွှားငှက်ကလေးတွေဟာ၊ ဘဘတို့ ဆီက ဥသြငှက်တွေလိုပဲ နွေဦးကြမှ မြင်ရအသံကြားရတဲ့ ငှက်မျိုး။ နွေကြိုတေးဆို၊ နွေဦးပျော် ငှက်မျိုးတွေပါ။ ဒါကြောင့်မို့ပျံလွှားငှက်ကလေးတွေ၊ နေဖက်ကိုမျက်နှာမူပြီး ဓါတ်ကြိုးတန်းမှာ၊ တကောင် တလေ လာနားရာက၊ နောက်ထပ်တကောင်၊ ပြီးတော့နောက်ထပ်တကောင်။ ဒီလိုနဲ့ပျံလွှားငှက်ကလေးတွေ ထောင်သောင်းချီရောက်လာခဲ့ပြီဆို ရင်တော့ နွေဦးဟာ ဘယ်လိုမှပြေးမလွတ်နိုင်ပဲ မုချကိုပဲရောက်လာခဲ့ပြီပေါ့။ ဒါကြောင်မို့ ပျံလွှားငှက်ကလေးတွေဟာ နွေဦးကိုကြိုဖို့ ဓာတ်ကြိုးတန်းမှာ နားနေကြတယ်။ ဒီလိုအချိန်မှာပဲ ကံမကောင်းချင်တော့ မိုးအုံ့တဲ့တနေ့ကို ကြုံကြရပြန်တယ် ဆိုပါတော့ ငါ့မြေး ။

မိုးတွေ မဲမဲအုပ်အုပ်ညို့လာပြီဆိုရင်၊ ပတ်ဝန်းကျင်တခုလုံး မဲမှောင်အုံ့ဆိုင်းပြီး နေထွက်ရာအရပ်ကို မှန်းဆလို့မရ ဖြစ်ကုန်တော့တာပေါ့။ ပျံလွှားငှက်ကလေးတွေဟာ ဓာတ်ကြိုးတန်းပေါ်မှာ အရှေ့ဖက်နေထွက်ရာအရပ်ဟာ ဘယ်ဖက်မှာရှိတယ်ဆိုတာ မသိနိုင်ကြတော့ဘူးပေါ့။ ဒီတော့ ဆူဆူညံညံ လှုပ်လှုပ်ရွရွဖြစ်လာကြပြီး တချို့က အရှေ့၊ တချို့ ကအနောက်၊ တချို့ကတောင်၊ တချို့ကမြောက်၊ ကိုယ်မှန်တယ်ထင်ရာ လှည့်မိကြတော့တာပဲပေါ့။ နေထွက်ရာအရပ်ဟာ ဘယ်မှာလဲ။ နွေဦးအရောက် နောက်ကြတော့မှာပဲ။

ငါ့မြေးရေ။ ဆရာ ‘အောင်ပွင့်’ ရဲ့ ‘ပျံလွှားငှက်များ’ ကဗျာဟာ၊ ဘဘတို့အားလုံးကို ရည်ညွန်းလိုက်တာပါ။ ကြည့်တတ် မြင်တတ်လွန်းတဲ့ ကဗျာဆရာရဲ့  ‘ ဂမ္ဘီရဉာဏ် ’ ကို ဘဘ တကယ်ပဲ အံ့သြတယ်။ မြင်တတ် ပြောတတ်လိုက်တာကွယ်။ ဘဘဖြင့် တုန်လှုပ်သွားရလောက်အောင်ကို ပီတိဖြစ်ရတယ်။ ဟုတ်တာပေါ့။ ဘဘတို့ ဟာ နွေဦးကိုကြိုကြရမှာပေါ့။ ဘဘတို့ ဟာ ပျံလွှားငှက် ကလေးတွေ၊ (ဥသြငှက်ကလေးတွေလည်း ဟုတ်တယ်နော်)။ နေထွက်ရာဖက်ကို မျက်နှာမူကြရမှာပေါ့။ တကောင်မက နှစ်ကောင် သုံးကောင်၊ ပြီးတော့ အထောင်အသောင်း…။ အရှေ့ဖက်ကနေလုံးကြီးကို တူးဆွကြရမှာပေါ့။ နွေဦးကို ဖွင့်လှစ်ကြရမှာပဲပေါ့။ ဒါပေမယ့် …။ မိုးအုံ့တဲ့အခါ၊ မိုးမှောင်ကျတဲ့အခါ၊ (ဒါလည်း မလွဲမသွေကြုံတတ်၊ တွေ့ ရတတ်တဲ့သဘာဝ) ဘဘတို့ဦးတည်ထားတဲ့ဖက်ကို မှန်မှန်ကန်ကန် မျက်နှာမူနိုင်ဖို့၊ မူတက်ဖို့ တကယ်ကို လို အပ်တာပေါ့။ အရေးကြီးတာက မှန်ကန်တဲ့ဖက်၊ မှန်ကန်တဲ့လမ်းကို ကမ်းမမှောက်ဖို့အရေးကြီးတာပေါ့။

ကဲ ဒါပါပဲ …ငါ့မြေး ။ ဘဘကတော့ ငါ့မြေးကို ကဗျာတပုဒ်အကြောင်း စာရေးပြီးပြောခဲ့ပြီးပြီ။ ဘဘလည်း ရင်ထဲမှာ တော်တော့်ကိုကျေနပ်သွားပြီ။ ဒီတခါ ငါ့မြေးဆီ စာရေးရတာ ဘဘဖြင့် တကယ့်ကိုအားရကျေနပ်မိတယ်ငါ့မြေး ။ ငါ့မြေးတယောက် တခြားပျံလွှားငှက်ကလေးတွေနဲ့အတူ နေထွက်ရာအရပ်ကို မှန်မှန်ကန်ကန် မျက်နှာမူပြီး နွေဦးကိုကြိုဆိုနိုင်ပါစေလို့  ဘဘဆုတောင်းပေးလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts