>Burmese Poets Association

>

မြန်မာနိုင်ငံကဗျာဆရာများအသင်း မှတ်ပုံတင်မည်
ထွန်းနေအောင်(မြစ်မခ)
ဒီဇင်ဘာ ၁၀၊ ၂၀၁၁


မြန်မာနိုင်ငံကဗျာဆရာများအသင်းမှ ကဗျာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီဖွဲစည်းပြီး နေပြည်တော်တွင် သွားရောက် မှတ်ပုံတင်မည်ဖြစ်ကြောင်း သိရှိရသည်။

ကဗျာဆရာအချင်းချင်း ညီညွှတ်စေရန်နှင့် သာရေးနာရေး ကိစ္စရပ်များတွင် ပါဝင် ကူညီနိုင်ရန် အတွက် မြန်မာနိုင်ငံ ကဗျာဆရာများအသင်းအား ဖွဲစည်း၍ မှတ်ပုံတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ဗမာကဗျာ ဖွံ့ဖြိုး တိုးတက်ရေး၊ ချို့တဲ့ နာမကျန်း ကိစ္စတွေနဲ့ ကဗျာဆရာတွေရဲ့ သာရေးနာရေး လူမူရေး လုပ်ငန်းတွေ ပြုလုပ်ပြီး ကဗျာဆရာတွေကို စောင့်ရှောက်ရန် ဒီအသင်းကို ဖွဲ့ခဲ့တာပါ”ဟု ကဗျာဆရာ သစ္စာနီက ပြောသည်။

မြန်မာနိုင်ငံ ကဗျာဆရာများ အသင်း၏ လုပ်ငန်းစဉ်များတွင် ကဗျာဖတ်ပွဲများ၊ မြို့နယ်အလိုက် ကဗျာနှင့် ပတ်သက်သည့် ဟောပြောပွဲများ အလုပ်ရုံ ဆွေးနွေးပွဲများ ကဗျာဆုပေးခြင်း အစီစဉ်များ ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။

ကဗျာဆရာများ အသင်းအား ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ နာယက၊ အတွင်းရေးမှုးနှင့် အမှုဆောင်(၁၀) ဦးရွေးချယ်ကာ အသင်း ပုံစံဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ ကဗျာဆရာများအသင်းမှ (၃)လတစ်ကြိမ် ကဗျာမဂ္ဂဇင်း ထုတ်ဝေသွားမည့်အစီစဉ်နှင့် တစ်ပြည်လုံး အတိုင်းအတာအနေဖြင့် ရာချီသော ကဗျာဆရာများနှင့် သင်းလုံးကျွတ် ညီလာခံ ခေါ်သွားမည် ဖြစ်ကြောင်း သိရှိ ရသည်။

“ကဗျာဆုနဲ့ ပတ်သက်လို့ ဒီနိုင်ငံမှာ ပေးနေတာက အမျိုးသားစာပေဆု ဆိုတာ ရှိပါတယ်။ ဆုရွေးချယ်ရေးအဖွဲ့က ကာရန် မပါရင် မဖတ်တော့ဘူး။ အများစုက မော်ဒန်ကဗျာတွေ ဖြစ်တော့ ကာရန်မဲ့ ကဗျာတွေ များတယ်။ အဲဒီလူ တွေက တော်တော်လေးကို နစ်နာ ဆုံးရှုံးမှုတွေရှိတယ်” ဟု ကဗျာဆရာ သစ္စာနီက ဆက်လက် ပြောဆိုသည်။

အဆိုပါ အခမ်းအနားတွင် ပေါ်ပြူလာဂျာနယ်တွင် ရေးသားသော ဇာဂနာ၊ မိုက်တီး နှင့် မြေမှုန်လွင်တို့၏ စာမူခများကို နာမကျန်း ကဗျာဆရာတစ်ဦးထံသို့ မြန်မာနိုင်ငံကဗျာဆရာများအသင်း၏ အကူအညီဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts