>Nyein Wai – Poem

>

သုညတွေပဲ ကြွင်းတဲ့မြို့ကလေး
ငြိမ်းဝေ
ဒီဇင်ဘာ ၁၀၊ ၂၀၁၁

အစွန်အဖျားကျတဲ့ မြို့ ကလေးတမြို့ ရဲ့
အစွန်အဖျားပေါ်မှာ
ငါ
ထိုင်နေမိတယ်။

ငါ့ခေါင်းပေါ်က
အလျားလိုက် ခုတ်မောင်းသွားတဲ့ ̔ခေါ်သံ̓ တွေထဲမှာ
ငါ့ခေါ်သံ
ငါကိုယ်တိုင်ပြန်ပြီး မကြားနိုင်အောင်
ကြားနေရတယ်။

ငါ့ဘေးက
ဒရွတ်တိုက်ဆွဲသွားတဲ့ ရင်ခုန်သံတွေထဲမှာ
ငါ့ ရင်ခုန်သံ̓
ငါကိုယ်တိုင်ပြန်ပြီး မခံစားနိုင်အောင်
ခံစားနေရတယ်။

ချစ်ခြင်းမေတ္တာက
ငါ့ကို
မီးနဲ့ ဆေးကြော
အမုန်းတရားက
ငါ့ကို
ငယ်ပေါင်းကြီးဖော်လို ပေါင်းဖော်
ဟောဒီမြို့ကလေးလေ
ငုဝါတွေ လှိုင်လှိုင်ပွင့်တာက လွဲရင်ပေါ့။

မြို့ ကလေး
မင်းက ငါ့ဆီက ခွန်အားကို
လက်ကားနှုန်းနဲ့ လုယူနေတဲ့အချိန်
ငါကတော့
မင်းရဲ့အရိပ်ကို လက်လီနှုန်းနဲ့ ဆွတ်ချူခဲ့ရတယ်။

မြို့ ကလေး
မင်းဟာ
ငါ့အတွက် ခြေတု လက်တု။

မြို့ကလေး
မင်းဟာ
ငါ့အတွက်
ဝှက်ဖဲ၊ အံဆွဲ၊ ကဲလား..။

ဒါပေမယ့်လည်း
မင်းရဲ့အမဲလိုက်ခွေးတကောင်ဟာလည်း
ငါပါပဲ။

သေချာပြီ
ငါဟာ
မိုးမရွာတဲ့ဘက်မှာ ထီးဖွင့်ဆောင်းပြီး
နေပူတဲ့ဘက်မှာ စေါင်ထူထူခြုံမိတဲ့အဖြစ်။

တခါတလေတော့လည်း
ငါ့ကိုယ်ငါ
ငါကိုယ်တိုင် ရွာပြန်ပို့ မိတာ
အခါခါ။
တခါတလေတော့လည်း
ငါ့ကိုယ်ငါ
ရွာကနေ ငါကိုယ်တိုင်
ပြန်ခေါ်လာခဲ့ရတာ
အခါခါ။

မြို့ကလေး
မင်းရဲ့နောက်ဖေးလမ်းကြားတွေထဲမှာ
တိတိကျကျ ဖြန်းသန်းပြီး
‘ဆင်’ စမ်းတဲ့ပုဏ္ဍားများနဲ့လည်း
လ္ဘက်ရည်ဆိုင် ထိုင်ခဲ့ဖူးပြီ။

အကျအပေါက်များတဲ့သူတွေထဲမှာ
အကျအရှုံးများတဲ့သူလည်း ဖြစ်ခဲ့ဖူးပြီ။

လရောင်တွေ
နေရောင်တွေ
ရေသောက် ဆင်းလုနိုးနဲ့ 
မျှော်ကိုးရင်း အိမ်မက်တွေ မြိုချခဲ့ဖူးပြီ။

ရေတိမ် မနစ်တနစ်မှာ
တိမ်တွေကိုလည်း
ကြိုးပစ်လို့ ဖမ်းခဲ့ဖူးပြီ။

ဒီလိုနဲ့ ပဲ
ငါက
အနာဂါတ်ကို ကော်ပတ်နဲ့ပါးနေတုန်း
မြို့ကလေးက
ငါ့ကို ကျားလျာနဲ့ စားခဲ့ပြီ။

မြို့ကလေးက
ငါ့အပေါ် အုပ်ချလိုက်တဲ့ ပိုက်ကွန်
ငါ့ပါးစပ်ထဲ ထိုးသွင်းလိုက်တဲ့ ငါးမြှားချိပ်
ဒါ အဆိပ်ဆိုပဲ
အဲဒီအဆိပ်တွေလောက် အမူးခိုင်တာ
ဘယ်အရက်မှ မရှိဘူး။

မြို့ကလေးရေ
တို့အဖြစ်က
မူတည်ကိန်း ဘယ်လောက်ပဲ ရင်းရင်း
သုညတွေပဲ ကြွင်းခဲ့ပြီလား။

မြို့ ကလေး
မင်းရဲ့
ညှော်နံ့ တွေထည့်ပြီးချိပ်ထားတဲ့ ̒ဒရစ်ပိုက်̓ ကို
ငါ့လက်ပေါ်က ဖယ်လိုက်ပါတော့။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts