>U Lwin of NLD passes away

>

NLD ထိပ်တန်းခေါင်းဆောင် ဦးလွင် ကွယ်လွန်
မိုးမခ
ဒီဇင်ဘာ ၇၊ ၂ဝ၁၁


NLD ထိပ်တန်းခေါင်းဆောင် ဦးလွင် (အသက် – ၈၈ နှစ်) သည် ယမန်နေ့ညက ရန်ကုန်မြို့နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ကိုကျော်သူနှင့်အဖွဲ့သားများက ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ကမ္ဘောဇရိပ်သာ နေအိမ်သို့ သွားရောက်ပြီး ဦးလွင်၏ ရုပ်ကလာပ်အား ယူဆောင်နေပုံကို Burma VJ Media Network ၏ ရုပ်သံသတင်းတွင် တွေ့ရသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဦးလွင်၏ ဇနီး ဒေါ်တင်တင်မလေး ကွယ်လွန်စဉ်ကလည်း ကိုကျော်သူနှင့်အဖွဲ့သားများက နာရေးကူညီမှုပေးခဲ့သည်ကို တွေ့ရသည်။

ဦးလွင်သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ အသက် ၁၈ နှစ်အရွယ်တွင် ရောက်ရှိခဲ့ကြောင်း ဂျပန်နိုင်ငံထုတ် မာအိနိချိ သတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် မြန်မာပြည်ကလာတဲ့စာ အမှတ် ၁၈ တွင် တွေ့ရသည်။

၁၉၄၃ တွင် ဂျပန်နိုင်ငံသို့ ဗိုလ်သင်တန်းတက်ရန် စေလွှတ်ခံရသည်။ လွတ်လပ်ရေးရပြီးနောက် အင်္ဂလန်၊ အနောက်ဂျာမဏီတို့ရှိ စစ်ကျောင်းများသို့ သွားရောက်ခဲ့သည်။ ၁၉၅၉ တွင် အမေရိကန်သို့ စစ်သံမှူးအဖြစ် သွားရောက်ခဲ့သည်။ ထို့နောက် အရှေ့တောင်ပိုင်းစစ်တိုင်းမှူး ဖြစ်လာသည်။ နောက်ပိုင်းတွင် အရပ်ဘက်သို့ ပြောင်းရပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ ၀န်ကြီး၊ ဒုဝန်ကြီးချုပ် စသည့်တာဝန်များ ထမ်းဆောင်ရသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် ပေါ်ပေါက်လာသော မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့တွင် ပါဝင်ခဲ့သည်။

မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့က NLD ပါတီ တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး ခေါင်းဆောင်များ ၁၉၉၀ ရွေးကောက်ပွဲဝင်ရာ ဦးလွင်သည် ရန်ကုန်တိုင်း၊ သုံးခွမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်တွင် အရွေးခံရသည်။ ၁၉၉၂ တွင် NLD ပါတီ၏ အတွင်းရေးမှူး ဖြစ်လာသည်။

ကျန်းမာရေး ချို့ယွင်းလာသဖြင့် ၂၀၀၈ ခုနှစ်မှ စပြီး NLD ရုံးသို့ သွားရောက်ခြင်း မပြုဘဲ နေအိမ်တွင်သာ အချိန်ပြည့် ရှိနေခဲ့သည်။

ဦးလွင်သည် တပ်မတော်တွင်ရှိစဉ် တရုတ်ဖြူကျူးကျော်မှုကို တိုက်ထုတ်ရာတွင် အားကိုးရသည့် တပ်မှူးကောင်းတဦးဖြစ်သည်ဟု ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ဘီဘီစီ သတင်းဌာနကို ယနေ့ ပြောကြားသည်။

“အဲဒီ တိုက်ပွဲများ အပြီးမှာ ဗိုလ်လွင်ဟာ အလွန် ရင့်ကျက်တဲ့ တပ်မှူးကောင်းတယောက် ဖြစ်သွားပါတော့တယ်။ ကျနော် သူ့ကို သိပ်အားရပါတယ်” ဟု ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts