>Kyaw Thu – FFSS Yangon Activity,

>

ငြိမ်းချမ်းသောအရပ်ဆီသို့
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဒီဇင်ဘာ ၂၊ ၂၀၁၁

ရန်ကုန်တိုင်းမ်ဂျာနယ်၏ အကြီးတန်းအယ်ဒီတာတစ်ဦးဖြစ်သူ ကိုဇော်ကိုသက် အသက် ၃၂ နှစ်သည် ၂၈.၁၁.၂၀၁၁ ရက်နေ့တွင် အမှတ် ၂ စက်မှုဝန်ကြီးဋ္ဌာနမှ ကျင်းပပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနာ၌ သတင်းယူနေစဉ် ရုတ်တရက်မူးလဲသွားကာ နေပြည်တော် ခုတင် ၁၀၀ ဆေးရုံ သို့ တင်ဆောင်ကြပြီးနောက် ဆရာဝန်၏ဆေးစစ်ချက်အရ ဦးနှောက်သွေးကြောပေါက်၍ ကွယ်လွန်သွားခဲ့ပါသည်။

ကိုဇော်ကိုသက်၏ရုပ်အလောင်းအား နေပြည်တော်မှ ရန်ကုန်မြို့သို့ ပြန်လည်သယ်ဆောင်ကာ ရေဝေးသုဿန် အအေးခန်းသို့ ထားရှိပြီး နောက် ၃၀.၁၁.၂၀၁၁ ရက်နေ့ နေ့လည် ၂း ၀၀ နာရီအချိန်တွင် မီးသင်္ဂြိုလ်ခြင်းအခမ်းအနားကို ရေဝေးသုဿန်တွင် ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ မှန်ခေါင်းဖြင့် ကွယ်လွန်သူ ကိုဇော်ကိုသက်၏ ရုပ်အလောင်းအား ပြင်ဆင်ထားရှိ ကာ လုပ်ဖော်ကိုင်ဖက် သတင်းထောက်များ၊ လက်တွဲဖော်များ၊ ဧည့်ပရိသတ်များနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသူ/သားများတို့အပြင် မကြာသေးမီက နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ရာသက်ပန်အသင်းဝင်အဖြစ် ခန့်အပ်ဂုဏ်ပြုလိုက်သည့် ဦးရဲလွင် (မဇ္ဈိမလှိုင်း) နှင့် ဆောင်းဦးလှိုင်တို့မှလည်း လိုက်ပါကူညီဖေးမ၍ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပေးခဲ့သည်။


ကိုဇော်ကိုသက်ဆိုသည်မှာ ကလောင်အမည်ဖြစ်ပြီး အမည်ရင်းမှာ ကိုအောင်ဖြိုးဝေ (ခ) ကိုဇော်သက်ကိုဖြစ်သည်။ ကိုဇော်ကိုသက်သည် အလုပ်လုပ်ကိုင်ရာတွင် ကြိုးစားသူတစ်ဦးဖြစ်ပြီး အရည်အချင်းရှိသူဖြစ်ကာ အများ၏ ခင်မင်မှု၊ ချစ်ခင်မှုကို ခံရသူလည်းဖြစ်သည်နှင့်အညီ အလုပ်တာဝန် ကိုဇော်ကိုသက်၏ နောက်ဆုံးခရီးပို့ဆောင်မှုတွင် ကြေကွဲဝမ်းနည်း လွမ်းဆွပ်သူများ များပြားလာသည်။ မည်သို့ပင် ဖြစ်စေ ကာမူ ဇာတ်ခုံပေါ်တွင် အများပြည်သူ ပရိသတ်တို့အား ကပြဖျော်ဖြေရင်း အသက်ပေးသွားသော ဇာတ်မင်းသားကြီး ရွှေမန်းတင်မောင်ကဲ့သို့ ကိုဇော်ကိုသက်သည်လည်း မိမိ၏လုပ်ငန်းတာဝန်ကို ကြေပွန်စွာထမ်းရွက်ရင်း ငြိမ်းချမ်းစွာဘ၀ကူးပြောင်းခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့ သည်လည်း အများပြည်သူတို့အတွက် ပေးဆပ်ရင်း ငြိမ်းချမ်းသောနေရာသို့ ရောက်ရှိရန် အရေးကြီးလှပါပေသည်။





သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts