>Nyein Wai – Poem


>

ကျနော် သိတယ် တနေ့တာ နှစ်သုံးဆယ် ထောင်ခြောက်
ငြိမ်းဝေ
နိုဝင်ဘာ ၂၉၊ ၂၀၁၁


တနေ့တာမှ တကယ့်ကို တနေ့တာထဲဆိုတာတောင်
နှစ်ပေါင်းသုံးဆယ်ဆိုပါမှ တရောင်ထဲ
ကျနော် အဲဒီတီးလုံးဖတ်ကြည့်လိုက်မိတော့
ကျနော့်နားရွက်တွေတောင် ပျော့ခွေသွားမတတ် ထောင်မတ်လို့သွားရတယ်
တယောက်က နောက်တယောက်ရဲ့ ဖနောင့်ကိုလှီး ဖိနပ်စီးပေးနေတာ
အဲဒီအသံ ကျနော် ကြားနေရသေးတယ်ဗျာ
တကယ်ပါ နှစ်သုံးဆယ်ကျော်
ခင်ဗျား စဉ်းစားကြည့်လေ ကျနော့်ရုပ်ရှင်က အဖြူအမဲလား ရောင်စုံလား
ရှိသေးတယ်လေ အသံမမြင်ရဘူး ရုပ်မကြားရဘူး
ဒီကနေ့ တနေ့ထဲနော်
ကိုသိန်းနိုင်၊ နေနွယ်၊ မောက္ခ၊ လဘက်ရည်တခွက်နဲ့တွေ့တယ်
အမည်မဖေါ်လိုသူတွေနဲ့လည်း တွေ့တယ်
အမည်ဖေါ်လို့မရသူတွေနဲ့လည်း တွေ့တယ်
အမြန်ရိုက်ချက်နဲ့ ပြန်ကြည့်တာတောင် လူတစ်ရာကျော်တယ်
ဘာဖြစ်လို့ ခင်ဗျားက တယောက်ထဲ `တစ်´ ဖဲကိုချည်း ထပ်နေ ဖတ်နေ ပွတ်နေရတာလဲ
ကျနော် သတိမထားမိတာက မဟုတ်ဘူး သတိထားမိပေမယ့် အရာမရောက်ဘူး ထင်လို့
ကားတွေ ဆိုင်ကယ်တွေ
ကျနော့်ခြံ အပြင်ဘက် တောအုပ်ထဲက ဘုတ်အီသံတွေ တကယ် ကြားနေရတယ်ဗျာ
(တကယ်ပါ ကျနော့်အိမ် လာလည်သွားတဲ့
ခင်အောင်အေး သိပါတယ်။ အဲဒီ ဘုတ်တွေ တအီအီ အီနေတာ)
မာယာကော်စကီးက ခင်ဗျား ကိုယ့်ကိုယ်ကို ကဗျာဆရာပါဆိုပြီး ငုံးလို တကြော်ကြော်အော်တာကို မုန်းတယ်
ကျနော်က ဘုတ်လိုအီတာကို အီတယ်
မြို့လယ်ခေါင်ကြီးထဲ
ကျနော် တောမှောက်နေခဲ့တာ ယောင်လည်ယောင်လည်
ကျနော့်ခြံ အပြင်ဘက်က ပြောင်းခင်း မြက်တော
စာကလေးတကောင် မြက်ရိုင်းပင် လေအဝှေ့ကို စီးနေတာ ကြည့်ကောင်း
ဟုတ်မှာပါ
ကျနော်က ကိုယ့်ကိုယ်ကို ဝိုက်ပြီး စည်းတား အကျယ်ကြီးမှ ပင်လယ်
ကျနော်တို့ ရေတစက်ကို ပင်လယ်လိုကြည့်ကြရမယ်
ခင်ဗျားလက်ထဲက ထမင်းလုံးက `ဆိုးရပ်စ်´လက်ထဲက ပေါင်မုန့်နဲ့ ဆက်စပ်နေတယ်လို့ ပြောပါအုန်း
နီရိုးရဲ့ တံယောသံက မော်ဒန်လွန်နေပြီ
အဲဒီ သူရည်သွေးတီးလုံးနဲ့ ကျနော် မိုးသောက်ခဲ့ပြီးပြီ
ခက်တာက မူဆိုလိုနီက တဂိုးလက်ကို ဆုပ်ကိုင်နှုတ်ဆက်ဖူးတာပဲ
အက်စရာပေါင်းက မူဆိုလိုနီကို ပစ်ပြီးထောက်ခံဖူးတာပဲ
ခက်တာက အဲဒီ အငုံ့စိတ် ပုန်းခိုနေတဲ့စိတ်ကို ကျနော်တို့ မြင်တတ်ခဲ့ရမှာဗျ
ကျနော်လည်း နှုတ်တိုက်ချပေးကြည့်တာ
ခုထက်ထိကို ကဗျာဖြစ်ဖို့ နေနေသာသာ ကဗျာတောင် မဆန်တတ်သေးဘူး
`ငြိမ်းဝေ´က ငြိမ်းဝေ မဆန်နိုင်တာ အခံရ အခက်ဆုံးပဲ
မိုးရေစက်တွေ တလုံးနှစ်လုံး ဝုန်းကနဲ အုန်းကနဲ

ဂျိုးကနဲ ဂျွတ်ကနဲ တယောက်တလေ ဖြိုးကနဲ ဖျောက်ကနဲ

ငန် ခဲ့ဖူးပါတယ်
ကျနော်
အဲဒီ ငန်ပြပြ မိုးရေ မချိုးချင်တော့လို့ မိုးရေကို ဆွဲဖြဲပြီး ထွက်ရပ်လိုက်ပြီ
(ခေါရပ်စ်)
ပြန် နားထောင်ကြည့်တယ် နှစ်ပေါင်း သုံးဆယ်နော်
ကျနော်နဲ့ ပေသုံးဆယ် အကွာမှာ ကြားနေရတယ်
ကျနော့်ကို လက်ယပ်ခေါ်နေတယ် ခြိမ်းခြောက်နေတယ် ချောက်ထဲ ပြန်ဆွဲချဖို့ လုပ်နေတယ်
ကျနော့်နားရွက်တွေ ထောင်မတ်
(ကျနော်လည်းပဲ ခေတ်တခုကို ချစ်မှု ပြုချင်တာပေါ့ဗျာ)
ကျနော် နောက်ပြန်ဆုတ်ထားပြီနော်
(မောင်ပြည့်မင်း သင်ပေးလိုက်တဲ့ နောက်ဂျွမ်းနဲ့)
လွတ်အောင် ခုန်တော့မယ် ဇေယျာလင်း။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts