>Dae Doe – Articles

>

မှန်ရာကို သစ္စာဆိုပါမည်
ဒဲ့ဒိုး
နိုဝင်ဘာ ၂၇၊ ၂၀၁၁


စာရေးသူအဖို့ ကျောင်းပိတ်ထားတော့ မြန်မာမဂ္ဂဇင်းတွေကိုဖတ်ရှုပြီး အတွေးနယ်ချဲ့နေမိတယ်။ စင်္ကာပူမှထုတ်ဝေတဲ့ ရွှေမြန်မာရသစုံ (မဂ္ဂဇင်းအမှတ်၂၇- ဇန္န၀ါရီလ ၂၀၀၉) ဦးတင်ဦး (ကျူရှင်) ရဲ့သစ္စာအဓိဌာန်ဆောင်းပါးကို ဖတ်ရှုပြီး စာရေးသူ တွေ့ကြုံခဲ့တဲ့အတွေ့အကြုံ လေးကို ရှယ်ချင်စိတ်ပေါက်လာတာကြောင့် ဤစာကို ရေးသားလိုက်ရပေ၏။

စာရေးသူ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြိုက အနောက်ပိုင်းရှိ မြန်မာနာမည် ရှစ်လေးလုံးကျောင်းတိုက်လို့ အမည်ပေးထားတဲ့ ကျောင်းမှာနေထိုင် စဉ်က တနေ့သောအခါသမယ မွန်းလွဲပိုင်း ၃ နာရီခန့်အချိန်တွင် အသက် ၃၀ အရွယ် လူရွယ်တယောက်နှင့် အသက် ၁၅ နှစ်ရှိ လုလင်ငယ်နှစ်ဦး စာရေးသူနေထိုင်ရာသို့ရောက်လာပြီး တစုံတဦးကို ရှာဖွေနေသကဲ့သို့ တောင်ကြည့်မြောက်ကြည့် ကြည့်နေ၏။ စာရေးသူက သူတို့ကို ဘာကိစ္စလဲမေးတော့ ဂုရုကြီးနဲ့ တွေ့ချင်ကြောင်း ပြောပြလေ၏။ သူတို့ပြောတဲ့ ဂုရုကြီးဆိုသူကို မိမိမသိ။ ဘယ်က ဂရုကြီးလဲမေးတော့ ဒီကျောင်းက ဂုရုကြီးဟု ပြောလေ၏။

အိန္ဒိယန်းတွေ အများစုက ဘုန်းကြီးကို ဂုရုကြီးလို့ခေါ်သူရှိသလို၊ ဘန္တေကြီးလို့လည်း ခေါ်ကြလေ၏။ တချို့က မဟတ္တမကြီးတဲ့။ တချို့က ဘာဘာကြီးတဲ့။ ဒီစကားအသုံးအနှုန်း ဝေါဟာရတွေက အရိုအသေပေးတဲ့အနေနဲ့ ခေါ်ကြတာ။ မင်းက ဘာကိစ္စ ဂုရုကြီးကို တွေ့ချင်တာလဲ မေးတော့ … ဆေးလိုချင်လို့တဲ့။ ဒီတော့မှ သူတို့တွေ့ချင်တဲ့ ဂုရုကြီးဆိုတာ သဘောပေါက်တော့တယ်။ မကြာသေးမီရက်ပိုင်းလောက်က ဗုဒ္ဓဂါယာ ဘုရားဖူးကြွလာတဲ့ ရန်ကုန် ပုဇွန်တာင်မှ မွန်ဆရာတော်ကြီး ဦးခေမာက ဒေလီကို အလည်လာရင်း ဆေးကုသွားတာကိုး။ သူဆေး ကုတာက ဗိန္ဓောဆေးမဟုတ်။ ဓာတ်လုံးလဲ မဟုတ်။ ပရိတ်ရွတ်ဖတ်ပြီး ရေးမန်းပေးခြင်းပင်။ ဆရာတော်ကြီးက အမေရိကန်မှ သီတင်းသုံး နေထိုင်တာ။ မြန်မာနိုင်ငံပြန်လာပြီး သူရဲ့ ညီနဲ့အကိုတွေကို ဘုရားဖူးလိုက်ပို့တာ။ ညီအငယ်က အသက် ၆၀ ကျော်ရှိပြီ။ အကိုကြီးက ၈၀ ကျော်။ ဆရာတော်က ၇၀ ကျော်။ လူအိုတွေချည်းဘဲ။ ဆရာတော်က စာရေးသူကို ကိုယ်တော်ရဲ့ ဒကာ၊ ဒကာမတွေ နေထိုင်မကောင်းတဲ့ သူရှိလားလို့ မေးတယ်။ ဘာဖြစ်လို့လည်း လျှေက်ြထားတော့ သူဆေးကုပေမယ်တဲ့။ စာရေးသူထင်တာက ဆေးဘိုး ၀ါးခ ငွေကြေး စိုက်ပေး မယ်ထင်တာပေါ။ အမေရိကန်မှ သီတင်းသုံးနေထိုင်တာဆိုတော့ သူဌေးဘုန်းကြီးထင်နေတာကိုး။ ဘယ်လိုကုမှာလဲ လျှောက်တော့ ရေမန်း နဲ့ ကုမတဲ့။ စာရေးသူ မရယ်မိအောင် မနည်းထိန်းချုပ်ထားရတယ်။ စာရေးသူက ရေမန်းတွေ ဆီမန်းတွေ သိပ်ယုံတာမဟုတ်ဘူးလေ။

ဒါပေမယ့် ကျောင်းလာတဲ့ ဧည့်သည်တွေကို ဆေးကုမည့်အကြောင်း နာတာ၊ ကိုက်တာ၊ ခဲတာတွေပျောက်ကင်းအောင် ကုပေးမယ်ပြော တော့ တချို့လာကြတယ်။ ပျောက်သူလဲ ပျောက်တယ်ပြောတယ်။ စာရေးသူ လက်နာတာတော့ မပျောက်ဘူး။ ဒီလိုနဲ့ တနေ့ထက်တနေ့ လူနာတွေ များများလာတယ်။ မနက် ၅ နာရီ ဂိတ်တံခါးမဖွင့်သေးဘူး၊ ကျောင်းဝိုင်းအပြင်ဘက်မှာ လူနာက ရောက်နေပြီ။ တနေ့တော့ မနက် ၁၀ နာရီခွဲလောက် ဆရာတော်ကို မြန်မာပြည်ပြန် အိန္ဒိယအမျိုးသားတယောက်က သူ့အိမ်ဆွမ်းစားပင့်ထားတာကြောင့် ၁၀ နာရီခွဲ ကာနီး ဓမာရုံထဲ လူနာတွေကို မန်းမှုတ်ဆေးကုနေတဲ့ ဆရာတော်ကို ဆွမ်းစားကြွဖို့ အချိန်ရောက်ပြီဖြစ်ကြောင်းလျှောက်ထားတော့ ဆရာတော်က ကားငှားထားလိုက်ပြောတယ်။ ဒါနဲ့ စာရေးသူလည်း ကျောင်းဂိတ်ပေါက်ထွက် သုံးဘီးငှားပြီး ဆရာတော် ကားရပြီလို့လျှောက် တယ်။ ဆရာတော်က လူနာကိုဆေးကုဆဲမို့ ခဏစောင့်ဖို့ ပြောတယ်။ ကားသမား စောင့်ပါတယ်။ ဒါပေမယ့် လူနာကုပြီးခါနီးမှာ ကျောင်းဂိတ် ပေါက်ဝ သုံးဘီးတစီးထိုးရပ်လိုက်ပြီး သုံးဘီးပေါ်မှ အမျိုးသမီး ၃ ယောက် ဆင်းလာတယ်။ တယောက် လူနာ။ သူ့ဘာသာလမ်းမလျှောက်နိုင် ဘူး။ နှစ်ယောက်တွဲပြီး လျှောက်ရတယ်။ သူတို့ပါ ဆက်ကုနေရင် ကားသမားက စောင့်မည်မဟုတ်။ ဒါနဲ့ ဆရာတော်ကို အခုလူနာများကို ခဏထားခဲ့ပြီး ဆွမ်းစားကြွဖို့ လျှောက်ထားရတယ်။ ဆရာတော်ကလည်း အသစ်ရောက်လာတဲ့လူနာကိုမြင်တော့ သနားဟန်တူပါတယ်။ ခဏစောင့်ဆိုင်းပါပြောခိုင်းတယ်။ ကားသမားက မစောင့်တော့ဘူး။ မောင်းထွက်သွားတယ်။ လူနာက အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ဆေးရုံတက်ပြီး တနှစ်လောက်ကုဘူးတယ်။ မပျောက်ဘူးတဲ့။ ဒါနဲ့ ဆရာတော် သတင်းကြားလို့ လာပြီး ကုသမှုခံယူဘို့ လာတာပါဆိုတော့ ဆရာတော်က လူနာကို ထိုင်ခိုင်းတယ်။ လူနာက ကြမ်းပေါ်ထိုင်လို့ မရဘူး။ ခြေထောက်ခွေလို့ကို မရတာ။ ဒါနဲ့ သူ့အတွက်ရော၊ ဆရာတော် အတွက်မရော ကုလားထိုင်တလုံးစီ ယူပေးရတယ်။ ဆရာတော်က နှစ်လက်မ ပတ်လည်လောက်ရှိတဲ့ ကြေားပြားအ၀ိုင်းနဲ့ လူနာခြေထောက် ကို ပုတ်ပေးပြီး ဆွမ်းစားထွက်လာတယ်။

ဆွမ်းစားပြီးနောက် ၂ ရက်၊ ၃ ရက်လောက်ဆို ပြန်မှာမို့ ဈေးပို့ပေးပါဦးဆိုတာနဲ့ ဈေးလိုက်ပို့ပြီး ညနေ ၄ နာရီလောက် ကျောင်းပြန်ရောက်တော့ မနက်ပိုင်းက ဆွမ်းစားသွားခါနီးရောက်လာတဲ့ လူနာအမျိုးသမီးဟာ ကြမ်းပေါ်ထိုင်ဖို့ ခက်ခဲနေပေမယ့် အခုတော့ ကြမ်းပေါ်ထိုင်နေတာ တွေ့ရတယ်။ တိုက်ဆိုင်မှုတော့ မဟုတ်တန်ရာဘူး။ နောက် ၃ – ၄ ရက်လောက်ရှိတော့ အဲဒီအမျိုးသမီး သူ့ဘာသာ လမ်းလျှောက်နိုင်တာ တွေ့လိုက်ရတယ်။ အဲဒီသတင်းက ပြန့်သွားတာမို့ ဟိန္ဒူသတင်းထောက်တယောက် ရောက်လာပြီး ဆေးကုတာ ကိုယ်တိုင်ကိုယ်ကျ ထိုင်ကြည့် အင်တာဗျူးပြီး နောက်တနေ့ သတင်းစာမှာ အမေရိကန်ဒေါ်လာ ဆန်င့်တစ်ဒေါ်လာနဲ့ ကမ္ဘာပတ် ဆေးကုနေတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်ဆိုပြီး ပုံနဲ့အတူတကွ ပါလာတော့ လာလိုက်ကြတဲ့ လူနာတွေ၊ သမတဟောင်းကြီးကတောင် ဆရာတော်ကို ပင့်ဖိတ်ပြီး သူရဲ့ကိုယ် ခန္ဓာကိုက်ခဲတာတွေကို ကုသမှုခံယူခဲ့တယ်။ ဆရာတော်ကို မေးမြန်းလျှောက်ထားကြည့်တော့ ဆရာတော် ဘာတွေကို ဘယ်လို ကုတာလဲ ဘုရား။ ပရိတ်နဲ့ သမ္ဗုဒ္ဓေ ရွတ်တယ်။ အဓိဌာန်ပုတီးစိတ် မေတ္တာပို့ သစ္စာဆိုပြီး ပရိတ်ရေမန်းဘဲကွ။ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး တဲ့။

ဆရာတော်ရဲ့ ကျင့်စဉ်လဲ ပါမယ်ထင်ပါတယ်။ ဇတ်လမ်းပြန်ဆက်ရလျှင် စာရေးသူထံရောက်လာတဲ့ လူငယ်နှစ်ဦးမေးတဲ့ ဂုရုကြီးဆိုတာ မွန် ဆရာတော်ကြီး ဦးခေမာဖြစ်နေတာကိုး။ ဒါနဲ့ သူတို့ကို မင်းမေးတဲ့ ဂုရုကြီး ပြန်သွားပြီ။ ဘာဖြစ်လို့လဲမေးတော့ ဒီကောင်လေးက ကောင်း ကောင်း အိပ်မရဘူး။ လန့်လန့်နိုးနေတာ။ ဒါကြောင့် ဆေးလိုချင်လို့တဲ့။ ဆေးလိုချင်ရင် ဆေးရုံ ဆေးခန်းသွားပေါ့။ ဒီမှာ ဆေးမရှိဘူးပြောတော့ ဆေးရုံဆေးခန်းသွားပါတယ်။ ဆရာဝန်ပေးတဲ့ ဆေးလည်း စားပါတယ်။ မပျောက်ဘူးတဲ့။ ဖြစ်တာ ဘယ်လောက်ကြာပြီလဲဆိုတော့ တလ လောက်ရှိပြီဆိုဘဲ။ ဘယ်အချိန်ဖြစ်တာလဲ။ နေ့ပိုင်းလား ညပိုင်းလားမေးတော့ အချိန်မရေးဖြစ်တာတဲ့။ နေ့ခင်း အိပ် နေ့ခင်း လန့်နိုးတယ်။ ညပိုင်းအိပ်လည်း လန့်နိုးတယ်။ မအိပ်ရဘူးတဲ့။ စဉ်းစားစရာပေဘဲ။ ဘာတွေလန့်တာလဲ၊ အိပ်မက်မက်သလားမေးတော့ အိပ်မက်ထဲ အမေနဲ့တွေ့တယ်ဆိုတာကြောင့်၊ မင်းအမေ ဘယ်မလဲ ရှိလားေးမကြည့်တော့ မရှိတော့ဘူး။ ဆုံးသွားပြီတဲ့။ သူ့အမေ မကျွတ်မလွတ်လို့ သားဖြစ်သူကို အိပ်မက်ပေးခြောက်လှန့်နေတာဟု ဆုံးဖြတ်ပြီး ပရိတ်ရွတ်ဖတ်ပြီး ပရိတ်ရေပေးရန် စဉ်းစားမိတာကြောင့် ဓမ္မာရုံထဲသို့ အဆို ပါလူငယ်နှစ်ဦးစလုံးခေါ်ဆောင်သွားပြီး ဘုရားရှေ့ထိုင်ခိုင်းရ၏။

သူတို့ကိုးကွယ်တဲ့ဘာသာမေးကြည့်တော့ ဟိန္ဒူတဲ့။ ကိစ္စမရှိ။ ဟိန္ဒူက ဘုရားရှိခိုးခိုင်းလို့ရတယ်။ ဒါနဲ့ သူတို့ကို ဘုရားရှိခိုးခိုင်း၍ သရဏဂုံ သုံးပါးတည်ဆောက်စေပြီး ငါးပါးသီလ ယူစေ၏။ ပြီးတော့ ဘုရားဂုဏ်တော် တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်တို့ကို ရွတ်ဆိုစေရန် ဖြည်း ဖြည်းချင်း တိုင်းပေးပြီး လိုက်ဆိုစေ၏။ အဲဒီနောက် ကဲ မင်းရောဂါပျောက်အောင် ငါမန္တာန်ရွတ်ပေးမယ်။ မင်းယုံယုံကြည်နဲ့ နားထောင်း။ မင်းရဲ့ ရောဂါပျောက်မယ်လို့ ပြောဆိုပြီး ပရိတ်ကြီး ဆယ့်တစ်သုတ်နဲ့ ပဌာန်းရွတ်ဖတ်ပြီး နတ်မြတ် နတ်ကောင်းတို့ကို တိုင်တည်၍ ကျွန်ုပ် သည် ဤကလေးကို သရဏဂုံသုံးပါနဲ့ ငါးပါးသီလကို ခံယူဆောက်တည်စေပြီး ဘုရားတရားသံဃာ့ဂုဏ်တော်တို့ကို ရွတ်ဖတ် ပူဇော်စေခဲ့ပါ သည်။ ထို့နောက် မြတ်စွာဘုရားရှင်၏ နှုတ်ကမ္ပတ်တော်ဖြစ်သော ပရိတ်တော်တို့ကိုလဲ ရွတ်ဖတ်ပူဇော် သရဇ္ဈယ်ခဲ့ပါသည်။

ဤကုသိုလ်ကောင်းမှု အဖိုးဘာဂ အ၀၀တို့ကို နတ်မြတ် နတ်ကောင်း နတ်အပေါင်းတို့အား အမျှပေးဝေငှပါ၏။ ကျွန်ုပ်သည် ဤကလေးခံစား နေရသော ရောဂါဝေဒနာကို ပျောက်ကင်းစေလိုသော စိတ်စေတနာမေတ္တာ အရင်းခံဖြင့် ဤပရိတ်တရားတော်တို့ကို ယုံကြည်စွာ ရွတ်ဖတ်ပူဇော်ခဲ့ခြင်းဖြစ်ပါသည်။ ဤမှန်ကန်သော သစ္စာစကားကြောင့် ဤပရိတ်ရေကို သောက်သုံးသောအချိန်မှစ၍ ဤကလေးသန္တာန် တွင် စွဲကပ်နေတသော ရောဂါဝေဒနာတို့သည် ပိန်းကြာဖက်တွင် ရေမတင်ဘိသကဲ့သို့ လျင်မြန်စွာ ပျောက်ကင်းပါစေသားဟု သစ္စာဓိဌာန်ပြု ပြီး လူငယ်ကို ပရိတ်ရေ သောက်စေပါသည်။

ကဲ့ မင်း ဒီရေပုလင်း အိမ်ယူသွား သောက်ကွာ။ အိမ်ရောက်တဲ့အခါ မင်းအမေကို ရည်စူးအောက်မေ့ပြီး အခနဆိုတဲ့ နမောတဿနဲ့ ဗုဒ္ဓံ ဆရဏံ ဂစ်ချာမိ၊ ဓမ္မံ ဆရဏံ ဂစ်ဂျာမိ၊ ဆံဃံ ဆရဏံ ဂစ်ချာမိလို့ဆိုပြီး အမျှဝေလို့ သင်ပေးလိုက်တယ်။ လူငယ်က ငွေ ၂၀ လှူတယ်။ မလှူပါနဲ့။ ကိစ္စမရှိဘူး ရတယ်လို့ပြောတော့ လူငယ်က ထိကဲ ထိကဲ (အိုကေ) ဆိုပြီး ခြေထောက်ကို သူ့လက်နဲပတို့ပြီး ပြန်သွားတယ်။

နောက်နှစ်ရက်လောက်ရှိတော့ သူတို့နှစ်ယောက်ပြန်ရောက်လာတယ်။ သူတို့ကို ဘယ်လိုလဲ အိပ်ပျော်လားလို့မေးတော့ အိပ်လို့ပျော်တယ်။ ကောင်းကောင်းအိပ်ရပါတယ်။ ဟိုနေ့က ရေးမန်းလုပ်ပေးပါဦးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ခန္ဓာကိုယ် နာကျင်နေလို့ပါတဲ့။ ဟ … ဒါတော့ ဆေးခန်းသွားပေါ့လို့ပြောလဲ မရဘူး။ ရေမန်းဘဲ လိုချင်ပါတယ်တဲ့။ ကဲ .. ဒါဆိုလဲ ရတယ်ဆိုပြီး ပရိတ်ရွတ်ဖတ်ပေးလိုက်တယ်။ ဒါက ဟိန္ဒူ လူငယ်ကို ပရိတ်ရွတ်ပြီး အဓိဌာန်ပြုပေးတာ။

ဗုဒ္ဓဘာသာဝင်ကလေးတယောက်ကိုလည်း အလားတူ ပရိတ်ရွတ်ဖတ်ပေးပြီး သစ္စာအဓိဌာန်ပြုပေးဘူးတယ်။ သူလည်း ပျောက်သွားတာဘဲ။ သူ့ဖြစ်ပုံက ဒီလို စနေနေ့ ညနေပိုင်း သူတို့ သားအမိ သုံးယောက် ကျောင်းရောက်လာကြတယ်။ သားအကြီးက ၁၂ နှစ်လောက်ရှိမယ်။ အငယ်က ၁၀ နှစ်။ အကြီးက သူ့အမေရင်ခွင်ထဲမှီပြီး ငေးမှိုင်နေတယ်။ နင့်သား ဘာဖြစ်တာလဲ။ နေမကောင်းဘူးလားမေးတော့၊ နေမကောင်းဘူး ဘန္တေကြီးတဲ့။ ဘာဖြစ်တာလဲမေးတော့ မသိဘူးတဲ့။ ဟဲ့ … ကိုယ့်သားဘာဖြစ်တယ်ဆိုတာ မသိဘူးလားဆိုတော့ မသိဘူးတဲ့။ ဆေးခန်းသွား ဆရာဝန်ပြတော့လည်း ဘာရောဂါရယ်လို့ မပြောဘူး။ ဆေးဘဲ ပေးတယ်။ ပေးတဲ့ဆေးလည်း သောက်တယ်။ မပျောက်ဘူးတဲ့။ ဘယ်လောက်ကြာပြီးလဲ မေးတော့ တလလောက်ရှိပြီတဲ့။ ဒါနဲ့ တိုင်းရင်းဆေးသင်တန်းတက်ထားတဲ့ နလန္ဒာမှာ စာသင်နေတဲ့ ဦးသိလိဋ္ဌ (ယခု လန်ဒန်) က စာရေးသူထံ အလည်ရောက်နေတာမို့ ဒကာလေးကို ကြည့်စမ်းပါဦးလို့ ကြည့်ခိုင်းတယ်။

သူက ကလေးကို ကြည့်ပြီး ဘာဖြစ်တာလဲ သူလည်း မသိဘူးတဲ့။ ကဲ ဒါဆို ကိုယ်တော် တခါတုန်းက ကောင်လေးတယောက်ကို ဒီကလေး လိုဘဲ တွေတွေဝေေ၀ ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ရောက်လာလို့ ပရိတ်ရွတ်ပေးပြီး ပရိတ်ရေတိုက်ဘူးတယ်။ ဒီကလေးကိုလည်း အဲဒီလို ပရိတ် ရွတ်ပေးရအောင်ပြောပြီး ဦးသိလိဋ္ဌနဲ့ စာရေးသူ ပရိတ်ကြီးဆယ့်တစ်သုတ်ရွတ်ဖတ်ပြီး ယခင်အတိုင်း သစ္စာအဓိဌာန်ပြုပြီး ပရိတ်ရေတိုက် လိုက်တယ်။ နောက်တနေ့ တနင်္ဂနွေနေ့မှာ သူတို့မိသားစုကျောင်းကိုလာကြတယ်။ ကလေးအမေတွေ့တော့ နင့်သားဘယ်လိုလဲ မေးတော့ ကောင်းသွားပြီး ဘန္တေကြီးတဲ့။ ဟိုမှာလေတဲ့။ ကြည့်လိုက်တော့ မျောက်ရှုံးအောင် သူ့ သူငယ်ချင်းတွေ့နဲ့ဆော့နေလေ၏။ ဤသည်ကား စာ ရေးသူတွေ့ကြုံခဲ့ရသော ပရိတ်တန်ခိုးနဲ့ သစ္စာအဓိဌာန်ပင်ဖြစ်ပေတော့သတည်း။

များလှဝေနေသတ္တ၀ါတွေ ကျမ္မာကြပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts