>Mae Sod – Burmese Literary Talk

>

မဲဆောက်မှာ ပထမဆုံးစာပေဟောပြောပွဲ ကျင်းပမည်
မိုးမခအထောက်တော်၊မဲဆောက်၊ နိုဝင်ဘာ ၂၆၊ ၂၀၁၁
       ပြောင်းရွေ့မြန်မာအလုပ်သမားများ အများအပြားနေထိုင်သည့် ထိုင်နိုင်ငံမဲဆောက်မြို့တွင် ပထမဆုံး မြန်မာ စာပေဟောပြောပွဲကို လာမည့် ဒီဇင်ဘာလ(၄)ရက်(တနင်္ဂနွေနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
       မြန်မာနိုင်ငံမှ ပြည်သူချစ်သော အထင်ကရ စာရေးဆရာများဖြစ်သည့် ဆရာ ချစ်ဦးညို၊ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၊ ဆရာမ နုနုရည် (အင်းဝ) တို့ ကမဲဆောက်မြို့လယ်ရှိကျောင်းကြီးကျောင်းတိုက်ဝင်း မြက်ခင်းပြင်တွင် ညနေ ၄ နာရီမှ ည ၉ နာရီကျော်ထိအားပါးတရ ဟောပြောကြမည်ဖြစ်သည်။
       မဲဆောက်မြို့ရှိ မြန်မာ ၁၀၀၀ နီးပါး အလုပ်လုပ်နေသည့် ရန်မကင်းစက်ရုံမှ အသက် ၂၀၀န်းကျင်ရှိ အမျိုးသမီး (၅)ဦးကို စာပေဟောပြောပွဲနှင့် ပတ်သက်ပြီး မေးမြန်းကြည့်ရာတဦးတယောက်မှ စာပေဟောပြောပွဲကို တက်ရောက် နားဆင်ဖူးခြင်း မရှိကြောင်းပြောသည်။ ၄င်းလူငယ်များသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်များမှ လာရောက် အလုပ်လုပ်နေကြသူများဖြစ်ပြီးမြန်မာပြည်တွင်း နေစဉ်ကလည်း သူတို့နေထိုင်ရာ ဒေသများတွင် စာပေဟောပြောပွဲ ဆိုသည်ကိုကြားပင်မကြားဖူးကြဟု ဆိုသည်။  အခြား လူငယ်တဦးကမူ စာပေဟောပြောပွဲကို မတတ်ရောက်ဖူးသော်လည်းစာရေးဆရာများ၏ အမည်ကိုတော့ ကြားဖူးကြောင်း ပြောပြသည်။
      မဲဆောက်မြို့ရှိ စာပေချစ်သူများက ပွဲဖြစ်မြောက်ရေးအတွက်ဝိုင်းဝန်းကြိုးပမ်းကြခြင်းဖြစ်ပြီး စာပေဟောပြောပွဲကို အောင်အောင်မြင်မြင်စည်စည်ကားကား ဖြစ်ရန် စီစဉ်လျက်ရှိသည်။
     “လူအများလာနိုင်မယ့်ရက်.. အထူးသဖြင့် အလုပ်သမားတွေ လာနိုင်မယ့် အလုပ်ပိတ်ရက်ကိုပွဲဖြစ်အောင် စီစဉ်ရတာ.. လူ ၅၀၀ အထက် လာမယ်လို့တော့ မှန်းထားတယ်”
ဟု စီစဉ်သူ တဦးက အခြေအနေကိုရှင်းပြရင်း … … …
“ ဒီလောက်မြန်မာတွေများတဲ့မြို့မှာ စာပေဟောပြောပွဲကို ပထမဆုံးအကြိမ် ကျင်းပရတယ်ဆိုတော့စဉ်းစားသာ ကြည့်ပေါ့ဗျာ..။ ကိုယ့်လူမျိုးတွေ ဘယ်အခြေအနေ ရောက်နေပြီလဲဆိုတာကို..။ဒါကြောင့် ဒီပွဲကိုဖြစ်အောင် ကြိုးစားကြတာပါ။ အရင်က ဆရာဦးတင်မိုး လာဟောဖူးတယ်။နီးစပ်ရာ အသိုင်းအ၀ိုင်းက လူတွေလောက်ပဲပေါ့။ နောက် ဒေသခံဆရာတချို့ဟောပြောဖူးတာလေးတွေတော့ ရှိတယ်။ ပြည်တွင်းထဲက လာပြီး ဟောပြောတာ ပထမဆုံးပေါ့ဗျာ”
 ဟုလည်း ဆိုသည်။
ဆရာချစ်ဦးညို၊ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ၊ ဆရာမ နုနုရည် (အင်းဝ) တို့သည် မူလကထိုနေ့ရက်များတွင် အမေရိကားသို့ သွားရန်ဖြစ်သော်လည်း မဲဆောက်ပွဲကို အခက်အခဲကြားကစီစဉ်ရမှန်း သိရှိသဖြင့် အမေရိကားခရီးစဉ်ကို ရွေ့ဆိုင်းပြီး ယခုပွဲကိုဦးစားပေးခဲ့ခြင်း  ဖြစ်ကြောင်းလည်း သိရသည်။
“ကိုယ့်နိုင်ငံက အလုပ်သမားတွေရဲ့ဘ၀အခြေအနေကိုလည်း လေ့လာချင်တယ်။ သူတို့(အလုပ်သမားတွေ)ကိုလည်းဟောပြောဆွေးနွေးချင်တယ်။”
 ဟု  ဆရာမ နုနုရည် (အင်းဝ)က ဆိုသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts