>talk with Myit Ma Kha

>

“မိုးမခနဲ့ မြစ်မခ မတူဘူး”
အင်တာဗျူး
နိုဝင်ဘာ ၂၃၊ ၂၀၁၁

မေသင်္ကြန်ဟိန် (မြစ်မခ)


မြစ်မခ သတင်းအေဂျင်စီသည် မြန်မာပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အားကစား သတင်းတို့အား အချိန်နှင့်တပြေးညီ ရေးသားလျက်ရှိပြီး
ထိုသတင်းများကို အပတ်စဉ်ထုတ် ဂျာနယ် ၃ စောင်တွင် ဖော်ပြနေသည်။

မကြာသေးမီက မြစ်မခ၏ တာဝန်ခံ အယ်ဒီတာ မေသင်္ကြန်ဟိန်နှင့် ဆက်သွယ်မေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။

မေး – မြစ်မခ အေဂျင်စီက ဘယ်တုန်းက စပြီး ထူထောင်တာလဲ။
ဖြေ – မြစ်မခ သတင်း ဆိုပြီးတော့ စပြီး ထူထောင်ဖြစ်တာက ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ မှာစပြီး လုပ်ဖြစ်ခဲ့တာပါ။ အဲဒီတုန်းက ကျမရယ်၊ ကိုသစ်အောင် (ကိုမြင့်ကျော်)ရယ် စပြီး ထူထောင်ပါတယ်။ အလွတ်တန်းသတင်းထောက် လင်းရောင်နဲ့ မောပြေတို့လည်း ပါဝင်ခဲ့ပါတယ်။

အဲဒီတုန်းကလည်း မြန်မာနေရှင်းနဲ့ မြန်မာထရီးဗြွန်း ဆိုတဲ့ သတင်း ဂျာနယ် ၂ စောင်ကို သတင်းတွေ စပြီး ရောင်းပေးခဲ့ပါတယ်။ အဲဒီတုန်းကတော့ ကျမတို့ မြစ်မခသတင်းထောက်တွေရဲ့ ကလောင်နာမည် နောက်က (မြစ်မခ) ဆိုပြီး ထည့်ဖို့ စာပေစိစစ်ရေးက ခွင့်မပြုခဲ့ပါဘူး။ ဥပမာ ကျမရဲ့ ကလောင်အမည် ငြိမ်းဆက်လင်း(မြစ်မခ) ဆိုတာကို ခွင့်မပြုခဲ့ဘူး၊ ငြိမ်းဆက်လင်း ဆိုတာပဲ ခွင့်ပြုခဲ့ပါတယ်။

၂၀၀၉ မှာ ကိုမြင့်ကျော်က ပြည်ပ ခရီးသွား (ဘာကလေတက္ကသိုလ် တနှစ်) သွားတော့ မြစ်မခမှာ ဆက်မရေးဖြစ်တော့ပါဘူး။ ဒါပေမဲ့ ခရီးက ပြန်လာပြီး ဆက်ရေးပါသေးတယ်။ နောက်ပိုင်းမှာ မြစ်မခ အနေနဲ့ မရေးဖြစ်တော့တာပါ၊ ဒါပေမဲ့ ကိုမြင့်ကျော်က မြစ်မခအဖွဲ့တွေကို သတင်းစာပညာနဲ့ ပတ်သက်တဲ့ တိုက်တွင်း သင်တန်းတွေကိုတော့ လာရောက် ကူညီ သင်ကြားပေးခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်မှာတော့ မြစ်မခမှာ သတင်းထောက် အင်အားလည်း တော်တော် များလာပါပြီ၊ ၇ ဦးလောက် ဖြစ်လာခဲ့ပြီ။ စာပေစိစစ်ရေးကလည်း ကျမတို့တွေရဲ့ သတင်းနောက်တွေမှာ (မြစ်မခ)ဆိုပြီး ထည့်ခွင့်ပြုနေပြီ။ အဲဒါနဲ့ပဲ အေဂျင်စီ ကုမ္ပဏီထူထောင်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ၂၀၁၁ ဇွန်မှာ ၀န်ဆောင်မှု ကုမ္ပဏီ အေဂျင်စီအမျိုးအစား ရွှေမြစ်မခမီဒီယာဂရု ကုမ္ပဏီလီမီတက်(ခ်)ကို ထူထောင်ဖြစ်ခဲ့တာပါ။ မြစ်မခများ ကုမ္ပဏီ ဆိုတာ မြန်မာပြည်မှာ ရှိနေတဲ့အတွက် ကျမတို့က မြစ်မခရဲ့ရှေ့မှာ `ရွှေ` ထည့်ပေးလိုက်ရတာပါ။

မေး – သတင်းအေဂျင်စီထောင်ဖို့ ဘယ်လို စိတ်ကူးရခဲ့တာလဲ။ နှစ်ရှည် မက်ခဲ့တဲ့ အိပ်မက်လား။ ရုတ်တရက် အကြံရတာလား။
ဖြေ – ကျမ ငယ်ငယ်တုန်းကတည်းက စိတ်ဆန္ဒ ရှိခဲ့တာက ပုဂ္ဂလိက သတင်းစာ တစောင်ကို ထုတ်ဝေနိုင်ဖို့ပါ။ ဒါပေမဲ့ သတင်းစာ ထုတ်ဝေဖို့ မတတ်နိုင်ဘူး ငွေကြေးအရရော၊ အခြေအနေအရရော မဖြစ်နိုင်တဲ့ အနေအထားမှာ ကျမ ဘေးမှာ ကျမနဲ့ ဘ၀တူ သတင်းထောက်တွေ ရှိနေတယ်။

ဘ၀တူလို့ ဆိုလိုချင်တာက ပြည်တွင်းက ဂျာနယ်တိုက်အချို့ကနေ ကြောက်ပြီး အလုပ်မခန့်ရဲ့တဲ့ သတင်းထောက်တွေပါ။ ပြောရရင် အဖမ်းခံခဲ့ရဖူးတဲ့ သတင်းထောက်တွေနဲ့ ရဲရဲ့ စစ်ဆေး မေးမြန်းခြင်း ခံခဲ့ရဖူးတဲ့ သတင်းထောက်တွေ၊ ပြီးတော့ အဖမ်းခံခဲ့ရတဲ့ သတင်းထောက်တွေနဲ့ သူငယ်ချင်း ဖြစ်ခဲ့တဲ့ သတင်းထောက်တွေ ဆိုရင် ပြည်တွင်း ဂျာနယ်တိုက်တွေက တိုက်ပိုင် သတင်းထောက်အဖြစ် လက်မခံရဲကြဘူး။

အဲဒီလို သတင်းထောက်တွေ အချင်းချင်း တွေ့ဖြစ်ကြရင် ရင်ဖွင့် ပြောဆိုကြတိုင်း ကျမရင်ထဲမှာလည်း သူတို့အတွက် မီဒီယာတခုခု လုပ်ပေးနိုင်ရင် ကောင်းမှာပဲ ဆိုတဲ့စိတ်ဖြစ်ရပါတယ်။ ဂျာနယ်တစောင် ထုတ်ဝေနိုင်ဖို့ ငွေအင်အား မရှိတဲ့အတွက် ကိုယ်တတ်နိုင်တာလေးနဲ့ သူတို့လေးတွေလည်း အလုပ် ဆက်လုပ်ဖြစ်အောင် ဘောင်ဝင်အောင် လုပ်ပေးချင်တဲ့ စိတ်နဲ့ မြစ်မခကို ထူထောင်ဖြစ်ခဲ့တာပါ။

အဲဒီစိတ်ကူးနဲ့ စခဲ့တာက ၂၀၀၈ ခုနှစ် ကတည်းကပါ။ ဒါကြောင့် သတင်းအေဂျင်စီအနေနဲ့ကတော့ ခုမှ ပေါ်တဲ့ စိတ်ကူးလို့တော့ ပြောလို့မရပါဘူး။ www.myitmakhamediagroup.com မြစ်မခ၀က်ဆိုက်ကတော့ အေဂျင်စီ တည်ထောင်ပြီးနောက်မှ ပေါ်လာတဲ့ စိတ်ကူးလို့တော့ ပြောလို့ရပါတယ်။

မေး – မြစ်မခမှာ သတင်းသမား အင်အား ဘယ်လောက် ရှိသလဲ။
ဖြေ – စတုန်းကတော့ကျမ အပါအ၀င် သတင်းသမား ၅ ဦးနဲ့ စခဲ့ပါတယ်။ ခု ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှာတော့ သတင်းသမား ၁၂ ဦးနဲ့ အတူ အလုပ် လုပ်နေပါတယ်။

မေး – မြစ်မခရဲ့ သတင်းတွေ အသုံးပြုမယ် ဆိုရင် အခကြေးငွေ ဘယ်လို သတ်မှတ်ထားသလဲ။ ဥပမာ – ဓာတ်ပုံ၊ သတင်း တစိတ်တဒေသ၊ သတင်းတပုဒ်လုံး အတွက် ဘယ်လို သတ်မှတ်ထားသလဲ။
ဖြေ – ၂၀၀၈ ခုနှစ် မြစ်မခ သတင်း အစမှာပဲ သတင်းတပုဒ်ကို ငွေကျပ် ၃၀၀၀ သတ်မှတ်ထားပါတယ်။ ခု ၂၀၁၁ ခုနှစ်မှာလည်း သတင်း တပုဒ် ငွေကျပ် ၃၀၀၀ ပဲ ဂျာနယ်တွေက ပေးပါတယ်။

အရင်ရေးပေးခဲ့ဖူးတဲ့ Hot News ဂျာနယ်ကဆိုရင် သတင်းတပုဒ် ငွေကျပ် ၁၀၀၀ ပဲ ပေးလို့ ဆက်မရေးခဲ့ပါဘူး။ Envoy ဂျာနယ် ဆိုရင်လည်း တပုဒ်ကို ၂၅၀၀ ပဲ ပေးတယ်။ မြန်မာပို့စ်ဂျာနယ်လည်း အဲလိုပဲ တပုဒ်ကို ငွေကျပ် ၂၅၀၀၊ အများဆုံး ၃၀၀၀ ကျပ် ပဲ ပေးပါတယ်။ မြန်မာပြည်မှာတော့ သတင်းတပုဒ်ဟာ ငွေကျပ် တန်ဖိုးအနေနဲ့ ၃၀၀၀ နဲ့ပဲ ရောင်းလို့ရပါတယ်။

သတင်းဆောင်းပါးကလည်း တပုဒ်ကို ငွေကျပ် ၁၀၀၀၀ ကနေ ၂၀၀၀၀ ထိ ဆောင်းပါး အမျိုးအစားပေါ် မူတည်ပြီး ဈေး သတ်မှတ်ထားပါတယ်။

အင်တာဗျူးကတော့ အနည်းဆုံး ကျပ် ၇၀၀၀ ကနေ ကျပ် ၁၀၀၀၀ ထိ ရှိပါတယ်။

သတင်းဓာတ်ပုံကိုတော့ ကိုယ့်ဆီက သတင်းယူတဲ့ ဂျာနယ်တွေကိုတော့ အလကားပဲ ပေးပါတယ်။ ဓာတ်ပုံဖိုးတောင်းရင်လည်း မရတော့ အလကားပဲ ပေးလိုက်ရတာ ပိုစိတ်ချမ်းသာလို့ပါ။

တန်ဖိုးအနေနဲ့ကတော့ အတွင်းမှာ သုံးရင် အရွယ်အစားနဲ့ ဓာတ်ပုံအမျိုးအစားပေါ်ကို မူတည်ပြီး ၁ ပုံကို အနိမ့်ဆုံး ငွေကျပ် ၃၀၀၀ သတ်မှတ်ထားပါတယ်။
ကာဗာ အနေနဲ့ ဆိုရင်တော့ အရွယ်အစားနဲ့ ပုံအမျိုးအစားပေါ် မူတည်ပြီး ငွေကျပ် ၁သောင်းကနေ ၃ သောင်းထိ သတ်မှတ်ထားပါတယ်။
သတ်မှတ်ထားပေမဲ့ တခါမှ ဓာတ်ပုံဖိုး ဆိုပြီး ရဖူးတာ မရှိပါဘူး၊ ဓာတ်ပုံအောက်မှာ မြစ်မခဆိုတဲ့ အမည်ကိုတောင် မသုံးပေးဘဲ ယူသုံးသွားကြတာပဲ များပါတယ်။

မေး – ဒါဆိုရင် မြစ်မခ သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံ စတာတွေကို မိုးမခ သို့မဟုတ် တခြား မီဒီယာ တခုခုက ယူသုံးမယ်၊ အခကြေးငွေ ပေးဖို့ မတတ်နိုင်ဘူး သို့မဟုတ် မပေးဘူး ဆိုရင် ဘယ်လို လုပ်မလဲ။ မြစ်မခ ဆိုပြီး ခရက်ဒစ်ပေးရုံနဲ့ လုံလောက်သလား။
ဖြေ – မြစ်မခလို့တောင် အမည်တပ်မပေးဘဲ ယူသုံးသွားကြတဲ့ မီဒီယာတွေ ရှိပါတယ်။ ဘယ့်နှယ်မှလည်း မလုပ်ခဲ့ပါဘူး။ သတင်းပဲ ဖြစ်ဖြစ်၊ သတင်းဓာတ်ပုံပဲ ဖြစ်ဖြစ် ပိုက်ဆံ မပေးနိုင်ဘူး၊ ဒါမှ မဟုတ် ပိုက်ဆံပေးဖို့ မလွယ်ဘူး ယူသုံးမယ်လို့ လေးလေးစားစား ပြောရင် ကျမက မြစ်မခအဖွဲ့သားတွေနဲ့ တိုင်ပင်ပြီး ခွင့်ပြုခဲ့တာ များပါတယ်။ မြစ်မခလို့ အမည်တပ်ပေးရုံနဲ့တင် ကျမတို့ ကျေနပ်ပေးပါတယ်။

ဒီလိုမှ ကျေနပ်မပေးရင်လည်း ဘယ့်နှယ် လုပ်ရမလဲ။ လုံးဝ ခွင့်မတောင်းဘဲနဲ့တောင် ယူသုံးနေတာတွေ ရှိတော့ တရားစွဲမယ် ဆိုရင်လည်း တရားစွဲဖို့ ရုံးစရိတ်ကို ကျမတို့မြစ်မခအဖွဲ့က မတတ်နိုင်ပါဘူး။

ခွင့်တောင်းတဲ့ မီဒီယာကိုတော့ လေးလေးစားစားနဲ့ မှတ်မှတ်သားသား ထားရှိလိုက်သလို။ ခွင့်မတောင်းဘဲ ယူသုံးတာနဲ့၊ ဓာတ်ပုံအောက်မှာ နာမည်လေးတောင် တပ်မပေးရင်လည်း သြော်… ဖုန်းတချက် ကောက်ဆက်လိုက်ရုံနဲ့ ရရဲ့သားနဲ့ ဒီလောက်လေးတောင် အားမထုတ်ပါလား လို့ နားလည်ပေးလိုက်ပါတယ်။

မေး – မြစ်မခ သတင်းတွေကို တည်းဖြတ်ဖို့၊ စစ်ဆေးဖို့၊ အရည်အသွေး ကောင်းမွန်ဖို့အတွက် စာတည်း၊ စာစစ်သူ (proof reader)၊ အယ်ဒီတာ ဆိုပြီး တာဝန်ယူနေတာ ရှိသလား။ မရှိဘူး ဆိုရင် အဲဒီလို ခန့်ထားဖို့ တာဝန်ပေးဖို့ အစီအစဉ် ရှိသလား။

ဖြေ – မြစ်မခမှာ သတင်းအယ်ဒီတာ ဆိုပြီး သီးသန့်ခန့်ထားတာ ၁ ဦး ရှိပါတယ်။ သတင်းထောက် ဦးရေနဲ့ တွက်ရင် မလုံလောက်ပါဘူး။ ကျမလည်း မြစ်မခရဲ့ သတင်းတိုင်းကို မဟုတ်တောင် တော်တော်များများကို ၀င်ဖတ်ပေးရ၊ တည်းဖြတ်ပေးရပါတယ်။

ကျမ ဖြစ်စေချင်တာက သတင်းသမား ၄ ဦးကို အယ်ဒီတာ ၁ ဦးနှုန်းနဲ့ ထားချင်ပါတယ်။ အဲဒါကြောင့် လောလောဆယ် မှာ ကျမ အယ်ဒီတာ ၃ ဦး ထားဖို့အတွက် စီစဉ်နေပါတယ်။ မြန်မာနိုင်ငံမှာ တကယ် ရှားပါးနေတာက သတင်းအယ်ဒီတာပါ။ သတင်းထောက်ဘ၀ကို အခြေခံကျကျ ဖြတ်သန်းခဲ့ဖူးတဲ့ သတင်းတွေကို စနစ်တကျ တည်းဖြတ်နိုင်တဲ့ သတင်းအယ်ဒီတာနဲ့ လက်ရှိ သတင်းထောက်ဦးရေ အချိုး ကွာဟချက် ရှိပါတယ်။

မေး – မြန်မာသတင်းသမားတွေ မြန်မာပြည်မှာ ပထမဆုံး ထူထောင်တဲ့ သတင်းအေဂျင်စီလို့ ပြောနိုင်မလား။ အေဂျင်စီထူထောင်ရာမှာ ကြုံတွေ့ရတဲ့ ထူးခြားမှုတချို့ အခက်အခဲ တချို့ကို ပြောပြပါအုံး။

ဖြေ – သတင်းအေဂျင်စီလုပ်ငန်းအနေနဲ့ကတော့ မြန်မာပြည်ရဲ့ ပထမဆုံးအနေနဲ့ ပြောလို့ရပါတယ်။ သတင်းအဖွဲ့တွေအနေနဲ့ ဂျာနယ်တွေမှာ လိုက်ရေးတဲ့ အဖွဲ့တွေကတော့ အများကြီး ရှိခဲ့ပါတယ်။ ၂၀၀၅ လောက်ကတည်းက သတင်းအဖွဲ့လေးတွေ ရှိနေတာ တွေ့ရပါတယ်။ ခုလည်း ရှိနေတုန်းပါပဲ။ အစိုးရဆီမှာ မှတ်ပုံတင်ပြီး လုပ်တဲ့ သတင်းအေဂျင်စီ လုပ်ငန်း အနေနဲ့ကတော့ ပထမဆုံးပါ။

အခက်အခဲအနေနဲ့ကတော့ အများကြီးပါ။ အဓိက အခက်အခဲကတော့ သတင်းရောင်းရုံနဲ့ ရပ်တည်လို့ မရသေးတာပါပဲ။ သတင်း လုပ်ငန်းတွေရဲ့ကျယ်ပြန့်မှုက အားနည်းသေးတယ် လို့ မြင်ပါတယ်။ နောက်တချက်က အသစ်ကို လက်ခံရမှာကို မရဲကြသေးတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။

မေး – မြစ်မခမီဒီယာရဲ့ လက်ရှိ ရှင်သန် ရပ်တည်ရေး အခြေအနေက ဘယ်လိုလဲ။
ဖြေ – မြစ်မခမီဒီယာအနေနဲ့ ပြည်တွင်းက ဂျာနယ်တွေကို သတင်းရောင်းပေးပေမဲ့ ရတဲ့ သတင်းခက နည်းပါတယ်။ ဒီလောက်နှုန်းကိုတောင် ပေးမ၀ယ်နိုင်တဲ့ သတင်းဂျာနယ်တိုက်တွေက အများကြီး ရှိနေတယ်။

ကျမတို့မြစ်မခမှာ နေ့တိုင်း သတင်းတွေက ရှိနေတယ်။ တလကို မြစ်မခကနေ သတင်းပုဒ်ရေ ၂၀၀ လောက် ပုံမှန် ထွက်ပါတယ်။ ကျမတို့ရဲ့ သတင်း အချို့ကို www.myitmakhamediagroup.com ဆိုပြီး ၀က်ဆိုက်ပေါ်မှာ သတင်းတွေ ပုံမှန် တင်ပေးပါတယ်။ facebook မှာလည်း တင်ပေးပါတယ်။

အဲဒီဝက်ဆိုက်ပေါ်မှာလည်း ကြော်ငြာလက်ခံတဲ့တွက် အဲဒီက ရတဲ့ ကြော်ငြာခ ၀င်ငွေနဲ့လည်း ရပ်တည်ပါတယ်။

ကျမတို့ မြစ်မခ မီဒီယာဟာ ပြည်တွင်းကသတင်းအေဂျင်စီ တခုအနေနဲ့ ခက်ခက်ခဲခဲ ရပ်တည် ကြိုးစားနေကြရပါတယ်။ ရှင်သန်အောင်လည်း မနည်း အားထုတ်နေရပါတယ်။

မြစ်မခမှာ လူငယ်သတင်းထောက်နဲ့ သတင်း ထုတ်လုပ်မှုပိုင်းမှာ အားကောင်းပေမဲ့ လစဉ် လည်ပတ်ရတဲ့ ငွေကြေးအခက်အခဲကစ ကင်မရာ အသံဖမ်းစက် စတာတွေမှာလည်း လုံလောက်အောင် မရှိသေးပါဘူး။

မေး – တခြား ပြောချင်တာ ရှိရင် ပြောပါဦး။
ဖြေ – မိုးမခနဲ့ မြစ်မခ မတူဘူး ဆိုတာကိုတော့ ပြောချင်ပါတယ်။ ပြည်တွင်းမှာ အင်တာဗျူးတောင်းရင် မိုးမခက ထင်တယ် ဆိုပြီး အင်တာဗျူး မပေးရဲတဲ့သူတွေ ရှိနေလို့ပါ။

ဓာတ်ပုံများ – မေသင်္ကြန်ဟိန် ဖေ့စ်ဘုတ် နှင့် http://www.myitmakhamediagroup.com/about_us.php


ပြင်ဆင် ဖြည့်စွက်ချက် –

ပထမမေးခွန်းအတွက် အဖြေမှာ မြစ်မခ အေဂျင်စီ တည်ထောင်စဉ်
အငယ်တန်းသတင်းထောက် အိမွန်ကျော်နဲ့ မောပြေတို့လည်း ပါဝင်ခဲ့ပါတယ် လို့ ပါဝင်သွားပါတယ်။

အဲဒီနေရာမှာ အလွတ်တန်းသတင်းထောက် လင်းရောင်နဲ့ မောပြေတို့
ပါဝင်ခဲ့တယ် ဆိုပြီး ပြင်ဆင်ပေးဖို့ မေသင်္ကြန်ဟိန်က မေတ္တာရပ်ခံခဲ့ပါတယ်။

“ကျနော့်အနေနဲ့ အင်တာဗျူးဖြေရာမှာ မထင်မှတ်ဘဲနဲ့ မှားသွားခဲ့တာပါ။
အဲဒါကြောင့် မိုးမခ အယ်ဒီတာကိုလည်း တောင်းပန်ပါတယ်။
ပြင်ဆင်ပေးပါလို့လည်း တောင်းဆိုပါရစေ” လို့ စာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ပြင်ဆင်ပေးလိုက်ပါပြီ။ ပြင်ဆင်ချက်ကို ဒီနေ့ (ဒီဇင်ဘာ ၁ ရက်နေ့) မှ ပြုလုပ်ဖြစ်တဲ့အထိ နောက်ကျသွားတာကတော့ မိုးမခရဲ့ အားနည်းချက်ဖြစ်ပါတယ်။
နောက်ကျတဲ့အတွက် တောင်းပန်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts