>Ashin Pyinnyar Nanda – Unfamous prisoner monks (9)

>

အညတရအကျဉ်းသားရဟန်းတော်များ (၉) မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသ
အရှင်ပညာနန္ဒ
နိုဝင်ဘာ၊ ၁၆ ၊၂၀၁၁



(၁)
၂၀၀၇ ရွှေဝါရောင်အရေးအခင်းကာလ“ဆရာတော်ဘုရား ပခုက္ကူနဲ့ရန်ကုန်မှာတော့ နအဖစစ်အစိုးရက လမ်းလျှောက်မေတ္တာပို့တဲ့ဘုန်းကြီးတွေကို ရိုက်နှက်ဖမ်းဆီးတဲ့အပြင် ဘုန်းကြီးကျောင်းတွေကိုလည်း ၀င်ရောက်ဖျက်ဆီးကုန်ပြီဘုရား။ အဲဒီကိစ္စနဲ့ပက်သက်လို့ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူစတဲ့မြို့တွေမှာ စစ်အာဏာရှင်တွေကို ပတ္တနိကုဇ္ဖနကံဆောင်ဘို့ ပြင်နေကြပြီဘုရား တပည့်တော်လည်း ….

(စကားမဆုံးလိုက်)

“ဟေ့ ပညာနန္ဒ ငါ့ကို အဲဒါတွေပြောမနေနဲ့ကွာ။ ငါအသက်ကြီးပြီကွ၊ အသက်ကြီးမှ ထောင်ထဲကို မင်းကပို့မလို့လားကွ … ဟင်”

“မဟုတ်ပါဘူးဆရာတော်ဘုရား။ တပည့်တော် ဆရာတော်ဆီက အကူအညီတခုလိုလို့ပါဘုရား။ သပိတ်မှောက်ကံဆောင်တဲ့ ကမ္မ၀ါစာလို ချင်လို့ပါဘုရား”

“အေး အေး … ဒါဆိုလည်းပြီးရော မနက်ဖြန်မှဖုန်းပြန်ဆက်… ငါရှာထားလိုက်မယ်”

အထက်ပါစကားများကို အချီအချပြောနေတာကတော့ စာရေးသူနဲ့ မစိုးရိမ်ဆရာတော်ကြီးတို့ ဖြစ်ပါတယ်။ ၂၀၀၇ စက်တင်ဘာအရေး အခင်းကာလမှာ မြန်မာပြည်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ ဂဃနဏမသိသေးလို့ ဆရာတော်ကြီး ဒီလိုပြောနေတယ်ဆိုတာ သဘော ပေါက်လိုက်ပါတယ်။ စက်တင်ဘာ ၂၆ ရက်၊ ညအချိန်ငွေကြာရံကျောင်းတိုက်ကို စစ်သားတွေက အတင်းအဓမ္မ၀င်ရောက်စီးနင်းပြီး ရဟန်း တော်တွေကိုရိုက်နှက်ဖမ်းဆီးနေပုံတွေ၊ သွေးထွက်သံယိုဖြစ်နေတဲ့ပုံတွေကိုမြင်မှ သူထင်သလိုမဟုတ်ဘဲ အခြေအနေအတော်ဆိုးနေပြီ ဆိုတာ ဆရာတော်ကြီး သဘောပေါက်သွားပါတယ်။

“ငါ့တသက်မှာ သံဃာတွေကို ဒီလိုသတ်ဖြတ်နှိပ်စက်တာ တခါမှရှိခဲ့ဘူး။ ဒါဟာ သာသနာတော်အတွက် စိုးရိမ်စရာဖြစ်တယ်။ သာသ နာ့အန္တရာယ်ကာကွယ်ဘို့၊ သံဃာတော်တွေသာသနာပြုနိုင်ဘို့  ဒို့တွေအဖွဲ့ အစည်းတခုဖွဲ့စည်းမှ သင့်တော်မယ်” လို့ မိန့်တော်မူခဲ့ပါတယ်။

ဆရာတော်ကြီးအနေနဲ့ အခြေအနေမှန်ကိုသိသွားပြီးတဲ့နောက်မှာတော့ အမေရိကားပြည်နယ်အသီးသီးမှာရှိတဲ့ လက်လှမ်းမှီရာတပည့်တွေ ကို အကြောင်းကြားပြီး နယူးယောက်ကိုလာခဲ့ကြဘို့ ဖိတ်ခေါ်ပါတော့တယ်။၂၀၀၇ အောက်တိုဘာ ၁၁ ရက်နေ့မှာ Long Island မှာရှိတဲ့ ဆရာတော်ကြီးရဲ့ တပည့်ဒကာမတယောက်အိမ်မှာ သံဃာ (၁၆) ပါးစုဝေးပြီး အခြေအနေတွေကိုဆွေးနွေးကြပါတယ်။ ဤစာရေးသူနဲ့  အရှင်ခေမာစာရ (ရဟန်းပျိုဥက္ကဌ) တို့ကတော့ နေရာမှားလို့ အစည်းအဝေးကို အချိန်မှီမတက်ရောက်နိုင်ခဲ့ပါ။ ဒီအစည်းအဝေးကသာသနာ့အန္တရာယ်ကာကွယ်ဘို့နဲ့ သံဃအဖွဲ့အစည်းတခုဖွဲ့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

၂၀၀ရ ခုနှစ်၊ အောက်တိုဘာ၂၇ ရက်နေ့မှာတော့ အမေရိကားပြည်နယ်အသီးသီးက သံဃာတော်တွေနဲ့ ပြင်သစ်၊ အင်္ဂလန် စတဲ့နိုင်ငံ အသီးသီးက ဆရာတော်တွေစုဝေးပြီး ကာလီဖိုးနီးယားပြည်နယ်၊ La Puente မြို့ မြန်မာဘုန်းကြီးကျောင်းမှာ ပီနန်ဆရာတော်ကြီးနဲ့ မစိုးရိမ် ဆရာတော်ကြီးနှစ်ပါးဦးဆောင်ပြီး သာသနာ့ဥသျှောင်အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့ကြပါတယ်။ အစည်းအဝေးကို သံဃာအပါး (၅၀) ကျော် တက်ရောက်ခဲ့ပါတယ်။ အဖွဲ့ အစည်းဖွဲ့ ပြီးတဲ့နောက်မှာတော့ မစိုးရိမ်ဆရာတော်ကြီးဟာ သက်တော်ရွယ်တော်နဲ့မမျှ တက်တက်ကြွကြွ သာသနာရေးကိစ္စတွေကို ဆောင်ရွက်တော်မူပါတယ်။ အဖွဲ့ဖွဲ့စည်းတာနဲ့ပတ်သက်လို့ ဆရာတော်ကြီးရဲ့သဘောထားကတော့ အင်မတန်ရှင်းပါတယ်။

ငါက ဘယ်အဖွဲ့အစည်းထဲမှာမှ မပါဘူးကွ။ သံဃနာယကစဖွဲ့တော့လည်း ငါမပါဘူးကွ။ သံဃာဆိုတာ အဖွဲ့အစည်းဘဲကွ။ သံဃာတွေ လိုက်နာကျင့်သုံးဘို့ ဝိနည်းဆိုတာရှိပြီးသား။ ဒါကြောင့် ထပ်ဖွဲ့ စရာမလိုဘူး။ နေ၀င်းက သံဃနာယကကိုဖွဲ့တာ သံဃာတွေကိုချုပ်ကိုင်ဘို့ ဆိုတာ ငါတို့ကသိပြီးသား။ ဒါကြောင့် မပါဘူး။ ကင်းကင်းနေတယ်။ ငါတို့က ၈၈ အရေးအခင်းတုန်းကလည်း ကျောင်းသားနဲ့ သံဃာ တွေဘက်က ရပ်တည်ခဲ့တယ်။ ဟော ခု ၉၀ ခုနှစ်ကြတော့ သံဃာတွေ ပတ္တနိကုဇ္ဖန (ကံဆောင်ပွဲ) မှာ ငါက ညွှန်ကြားခဲ့တယ်ဆိုပြီး ထောင် (၃) နှစ်ချတာခံခဲ့ရတယ်။ ခုလဲ ငါက အဖွဲ့တွေ ဘာတွေလုပ်ချင်တာ မဟုတ်ဘူး။ အများသဘောပါဘဲ။ ငါ့အနေနဲ့က ဒီအချိန်မှာ သံဃာ တွေဘက်က ထွက်မရပ်ဘူးဆိုရင် မြန်မာပြည်က ငါတို့ရဲ့ စာသင်သားသံဃာတော်တွေ၊ အနာဂတ်သာသနာကို စောင့်စောင့်ရှောက်ကြမဲ့ဘုရားသားတော်ရဟန်းတော်တွေအတွက် ငါအလကားဖြစ်သွားတော့မှာပေါ့လို့ ဒီအဖွဲ့ ထဲ ဘာကြောင့်ပါဝင်ခဲ့ရတယ်ဆိုတာကို ရှင်းပြတော်မူပါတယ်။

သာသနာ့ဥသျှောင်အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်မှာ ပဓာနာစေရ ဆရာတော်ကြီးအဖြစ် တာဝန်ယူတော်မူပါတယ်။သာသနာ့ဥသျှောင်အဖွဲ့ ဖွဲ့ စည်းပြီး မကြာခင်မှာဘဲ မြန်မာ့အလင်းသတင်းစာကနေ ဆရာတော်ကြီးကို ထောင်ထွက်ဘုန်းကြီးဆိုပြီး ရိုင်းရိုင်း ပြပြသုံးနှုန်းပြီး အပုပ်ချခဲ့ပေမဲ့ အာဏာပိုင်တွေထင်သလိုဖြစ်မလာဘဲ လူထုကဆရာတော်ကြီးကို ပိုမိုလေးစားကြည်ညိုခဲ့ကြတာတွေ့ရပါတယ်။ ဒါ့ကြောင့် ဆရာတော်ကြီးက တရားပွဲတပွဲမှာ “နအဖစစ်အစိုးရက ငါ့ကို ထောင်ထွက်ဘုန်းကြီးတဲ့ကွာ။ သူတို့သတင်းစာကလည်း ဒီတခုဘဲမှန်တာပါ” လို့ ရယ်စရာ မိန့်ကြားတတ်ပါတယ်။

(၂)
ဆရာတော်ကြီး ထောင်ကျခဲ့တယ်ဆိုတာ မှန်ပါတယ်။ ထောင်ထဲမှာ ၂၂ လကြာ နေထိုင်သီတင်းသုံးခဲ့ရတာပါ။ အများသိကြတဲ့အတိုင်း ၁၉၉၀ ခုနှစ် ရှစ်လေးလုံးနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် မန္တလေးလူထုတိုက်ရှေ့မှာ ထောင်ဂဏန်းချီတဲ့ သံဃာတော်တွေကို ဆွမ်း လောင်းနေတုန်း စစ်လုံထိန်းတွေက ဆွမ်းမလောင်းရန် ၀င်ရောက်တားဆီးခဲ့ရာမှ လုံထိန်းတွေရဲ့ပစ်ခတ်မှုကြောင့် သံဃာတွေ သွေးမြေ ကျခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကိုအခြေခံပြီး စစ်တပ်ကို သပိတ်မှောက်ကံဆောင်ခဲ့ကြတာပါ။ ဒီသပိတ်ကံဆောင်မှုကြောင့် စစ်တပ်အတွင်း မညီ ညွတ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

သံဃာတော်တွေက ဗိုလ်ချုပ်မှူးကြီးစောမောင်အနေနဲ့ ရေဒီယို၊ ရုပ်မြင်သံကြားကတဆင့် တောင်းပန်ဘို့တောင်းဆိုခဲ့တာပါ။ တာဝန်ရှိသူ တွေက နိုင်ငံတော်အဆင့်အနေနဲ့ မတောင်းပန်နိုင်၊ တိုင်မှူးအဆင့်က တောင်းပန်မယ်လို့ ပြန်ကြားခဲ့ကြောင်းသိရပါတယ်။ သပိတ်မှောက်ကံဆောင်မှုရဲ့အရေးပါပုံကို သာသနာရေးဦးစီးဌာနက ဘုန်းကြီးလူထွက် အံ့မောင်ကတဆင့် ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုရှင်းပြခဲ့ပြီးတဲ့ နောက်မှာတော့ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် မန္တလေးကိုဆင်းလာပြီး (၃) ရက်အတွင်း သပိတ်လှန်ဘို့ သံဃာတွေကို ရာဇသံပေးခဲ့ပါတယ်။

အဲဒီ ပတ္တနိက္ကဇ္ဇကံကို ပြန်လှန်ဖို့ ဆရာတော် ဦးကောဝိဒါဘိဝံသ အပါအ၀င် လက်ရှိ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးရာဇဓမ္မာ ဘိဝံသ၊ တိပိဋကဓရ ဆရာတော် ဦးသုမင်္ဂလာလင်္ကာရ (ပျံလွန်)၊ အင်းစိန်ရွာမ ဆရာတော် ဦးတိလောကာဘိဝံသ၊ သီတဂူဆရာတော် ဦးဥာဏိဿရ၊ ရန်ကုန် မဟာဗောဓိဆရာတော် ဦးပဏ္ဍိတာဘိဝံသ၊ ရွှေဘုန်းပွင့် ပညာလင်္ကာရ ဆရာတော် ဦးဗြဟ္မသိရီ စတဲ့ ထင်ရှားတဲ့ ဆရာတော်ကြီး တွေထံချဉ်းကပ်ပြီး အတင်းအဓမ္မလက်မှတ်ထိုးဖို့ လျှောက်ထားခဲ့ကြပါတယ်။ ဒါပေမယ့် ဆရာတော်တွေအားလုံးက အဲဒီကိစ္စကို လုံးဝ လက်မခံခဲ့ကြပါ။ သပိတ်လှန်ဘို့ လက်မှတ်မထိုးတာကြောင့် မစိုးရိမ်ဆရာတော်ကြီ်း ဦးကောဝိဒါဘိဝံသအပါအ၀င် အထက်ပါဆရာတော် အားလုံးကို ထောင်ချနှိပ်စက်ခဲ့ပါတယ်။ သီတဂူဆရာတော် ဦးဥာဏိဿရတပါးပဲ ပြည်ပကိုရောက်နေလို့ အဖမ်းမခံခဲ့တာပါ။ တပြိုင်နက်ထဲ ဘဲမန္တလေးမြို့ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်ပေါင်း (၃၅၀) လောက်ကို ဖြတ်လေးဖြတ်လုပ်ပြီး ၀ိုင်းဝန်းပိတ်ဆို့ဖမ်းဆီးတာတွေကြောင့် သံဃာတော်တွေ ရာနဲ့ချီပြီး အဖမ်းခံခဲ့ရပါတယ်။ အာဏာပလ္လင်မှာ အာဏာယစ်မူးနေကြတဲ့ စစ်အာဏာရှင်တွေဟာ မှားတယ် မှန်တယ်ဆိုတာတောင်မစဉ်းစားနိုင်တော့ဘဲ သံဃာတွေကို ရန်သူတွေလိုသဘောထားပြီး ဖမ်းဆီးနှိပ်စက်ခဲ့တာတွေဟာ သာသနာ့သမိုင်းမှာ အထင် အရှား မှတ်တမ်းတင်ကျန်ရစ်ခဲ့မှာပါ။

“တပည့်တော်လည်း အများယုံကြည်တဲ့အတိုင်း ကံ ကံရဲ့အကျိုးကို ယုံကြည်ပါတယ်ဘုရား” လို့ သံဃမဟာနာယက ဆရာတော်တွေကို လျောက်ထားခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးလည်း ဘ၀မကူးသေးခင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ နိဂုံးချုပ်သွားရတာ စစ်ဗိုလ်တွေသင်ခန်းစာယူစရာပါ။

(၃)
စစ်ကြောရေးမှာ ဆရာတော်ကြီး နှိပ်စက်တာတွေ ဘာတွေခံခဲ့ရသေးလားဘုရားလို့ လျှောက်ထားဘူးပါတယ်။ “မေးတာတော့ စုံနေတာ ပါဘဲကွာ။ ငါလည်း အမှန်အတိုင်းဘဲပြောခဲ့တယ်။ အေးကွာ မင်းတို့ကျေးဇူးကြောင့် ဘုန်းကြီးလည်း အခုမှအနားရတော့တယ်။ ကျောင်းမှာ ဆို မအားဘူးကွ။ မနက်လင်းတာနဲ့ စာသင်စာချ ကျမ်းပြုတရားဟောရတာတွေနဲ့ အချိန်ကုန်နေတာ။ ခုမှဘဲ အေးအေးဆေးဆေး တရားထိုင် လိုက်၊ ပဋ္ဌာန်းလေးရွတ်လိုက်နဲ့ နားရတော့တယ်လို့၊ မင်းတို့ဖမ်းထားပေမဲ့ စိတ်ဓာတ်မကျဘူးဆိုတာ သိအောင်ပြောရတာပေါ့ကွာ။ ခြိမ်း ခြောက်တာတွေတော့ ရှိတာပေါ့ကွ။ ရှင်မောဂ္ဂလာန်တောင် ခိုးသားငါးရာရိုက်လို့ သေရသေးတာ။ မင်းတို့လဲ ငါ့ကိုသတ်ချင်သတ်ပေါ့ကွာလို့ ပြန်ပြောလိုက်တယ်။ ဒီကောင်တွေက သူတို့ကို ခိုးသားငါးရာလို့ပြောတော့မခံချင်ဘူးကွ” လို့ ရယ်ရယ်မောမောမောနဲ့ ပြောခဲ့ဘူးပါတယ်။ ထောင်ထဲမှာ ဘယ်လိုနေထိုင်ခဲ့တယ်ဆိုတာကိုလည်း ပြောပြပါတယ်။

ကံကြီးထိုက်မဲ့သူတွေကို ပူးပေါင်းသူ၊ ထောက်ခံအားပေးသူ အားလုံးဟာလည်း သူတို့နဲ့အတူ ကံကြီးထိုက်တတ်တယ်။ ဒါကြောင့် သူတို့ကိုမထောက်ခံနဲ့။ မဲမပေးနဲ့။ ဗမာပြည်ကိုပြန်ချင်တယ်ဆိုပြီး နန့်နန့်တက်မနေကြနဲ့။ ဘုန်းကြီးတို့လည်း ပြန်ချင်တယ်။ ခဏလောက် စောင့်ပါ။ ကံကြီးမထိုက်စေနဲ့


မနက်မိုးလင်းတာနဲ့ ကိုယ်လက်သုတ်သင်ပြီး ဘုရားရှိခိုး မေတ္တာပို့တယ်ကွာ။ ပဌာန်းရွတ်တယ်ကွာ။ ရှေ့နေတယောက်က အဘိဓမ္မာ သိချင်ပါတယ်ပြောလို့ အဘိဓမ္မာသင်ပေးတယ်ကွာ။ ငါက ထောင်ထဲရောက်အထိစာချနေရတုန်းကွ လို့ ပြောပြပါတယ်။

(၄)
တကယ်တော့ မစိုးရိမ်ဆရာတော်ကြီးဆိုတာ နှယ်နှယ်ရရမဟုတ်၊ သံဃလောကမှာ တကယ့်ကို ထင်ရှားကျော်ဇောတဲ့ ကျမ်းပြုဆရာတော်၊စာချဆရာတော်ကြီးပါ။ အနီးကပ်နေကြည့်မှ ဆရာတော်ကြီးအကြောင်းကို ပိုသိလာရလေ တိုးပြီးကြည်ညိုရလေဖြစ်ရပါတယ်။ တကယ့်ကို ရိုးရိုးဖြောင့်ဖြောင့် ပွင့်ပွင့်လင်းပြောဆိုတတ်ပြီး အင်မတန် သနားကြင်နာတတ်တဲ့ စိတ်နှလုံးသားပိုင်ရှင်ကြီးပါ။ ဘာသာရေး သာသနာရေး စိတ်ဓာတ်ကလည်း အရွယ်တော်နဲ့မမျှအောင် ပြင်းထန်တော်မူပါတယ်။

“ငါက မြန်မာပြည်ကြီး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ရင် သာသနာ့အလံတော်ကြီးကို ငါ့လက်နဲ့ မြဲမြဲကိုင်ပြီး သာသနာ့အလံတော်ကြီးလွှင့်လို့  တပ်ဦး ကနေချီတက်ပြီး မြန်မာပြည်ကြီးထဲကိုပြန်ချင်တာကွ” လို့ စိတ်အားတက်သန်စွာတပည့်တွေကို ပြောလေ့ရှိပါတယ်။

ဒကာတယောက်က ၂၀၀၈ အခြေခံဥပဒေနဲ့ပတ်သက်ပြီး ဆရာတော်ကြီးရဲ့သဘောထားအမြင်ကို လျှောက်ထားဘူးပါတယ်။

“သံဃာတွေကိုသတ်တဲ့ စစ်အစိုးရရေးဆွဲတဲ့၂၀၀၈ အခြေခံဥပဒေဖြစ်ဖြစ်၊ ဘာဥပဒေဖြစ်ဖြစ်ကွာ၊ လေ့လာဝရာမလိုဘူး။ သူတို့က သံဃာ သင်းခွဲပြီး သံဃာသတ်တဲ့မိစ္ဆာကောင်တွေအဖြစ် သူတို့စတက်ကတည်းက ပတ္တနိက္ကုဇ္ဖနကံဆောာင်ပြီးသပိတ်မောက်ခဲ့တာ။ သူတို့ပေးတာ မယူဘူး သူတို့ကျွေတာမစားဘူး။ သူတို့ကို ကျဉ်ထားတယ်။ သူတို့ဘက်က အလျော့ပေးတာမရှိ။ ရိုသေလေးစားမှု မရှိ။ နောက်တခုကွာ ရွှေ ၀ါရောင်တော်လှန်ရေးတုန်းကလည်း သံဃာတွေကို ရက်ရက်စက်စက် သေနတ်နဲ့ပစ်သတ်ခဲ့တယ်။ ဘုန်းကြီးကျောင်းတွေကို ဖျက်ဆီးတယ်။ တကမ္ဘာလုံးရဲ့မျက်စိအောက်မှာ သံဃာတွေကိုရိုက်နှက်သတ်ဖြတ်ခဲ့ရုံမက ကျောင်းတွေထဲအထိ သံဃာတွေကို မောင်းထုတ်သတ်ဖြတ် ခဲ့ပြန်တယ်။

ဒီလို မိစ္ဆာကောင်တွေရေးဆွဲထားတဲ့ဥပဒေကို ဘုန်းကြီးတို့ရော၊ ပြည်သူတွေရော လေ့လာစရာမလိုဘဲ မကောင်းမှန်း မတရားမှန်းသိနေရ တယ်။ ဒါကြောင့် ဘုန်းကြီးတို့ပြောခဲ့ပြီးပြီ။ သံဃာတွေရဲ့သပိတ်မှောက်ကံခံထားရသူတွေဟာ မကြာမှီကံကြီးထိုက်ပြီး ဇာတ်သိမ်းသွား လိမ့်မယ်။ ကံကြီးထိုက်မဲ့သူတွေကို ပူးပေါင်းသူ၊ ထောက်ခံအားပေးသူ အားလုံးဟာလည်း သူတို့နဲ့အတူ ကံကြီးထိုက်တတ်တယ်။ ဒါကြောင့် သူတို့ကိုမထောက်ခံနဲ့။ မဲမပေးနဲ့။ ဗမာပြည်ကိုပြန်ချင်တယ်ဆိုပြီး နန့်နန့်တက်မနေကြနဲ့။ ဘုန်းကြီးတို့လည်း ပြန်ချင်တယ်။ ခဏလောက် စောင့်ပါ။ ကံကြီးမထိုက်စေနဲ့” တဲ့။ တကယ့်ကို ရိုးရှင်းတဲ့ဆရာတော်ကြီးရဲ့ နိုင်ငံရေးအမြင်ပါ။ ပျံလွန်တော်မမူခင် ရက်ပိုင်းအလိုမှာ ဆရာ တော်ကြီး မကြာခဏ နေထိုင်မကောင်းဖြစ်နေတတ်ပါတယ်။

အစည်းအဝေးတွေကို ဖြစ်နိုင်ရင်မကြွဘို့ လျှောက်ထားဘူးပါတယ်။ ဒါပေမဲ့ ဆရာတော်ကြီးက ငါနေကောင်းပါတယ်ကွ။ ဘာမှမဖြစ်ပါဘူး လို့ ပြန်ပြောလေ့ရှိပါတယ်။ ဆရာတော်ကြီးနဲ့ပက်သက်ပြီး ပြောမယ်ဆို ပြောစရာတွေက အများကြီးပါ။ ဆရာတော်ကြီးနဲ့ပက်သက်ပြီး တ ပည့်တွေ စိတ်မကောင်းဖြစ်ရတာ တခုရှိပါတယ်။ ပျံလွန်တော်မမူခင်လေးမှာ ဆရာတော်ကြီး စိတ်ဆင်းရဲစွာနဲ့ နှလုံးရောဂါခံစားသွားရတာကိုပါ။ မြန်မာပြည်မှာရော၊ အမေရိကန်လိုနိုင်ငံမျိုးမှာရော တပည့်မရှားတဲ့ လေးစားကြည်ညိုသူ ဒကာ ဒကာမပေါများတဲ့ တကယ့် ဒိတ်ဒိတ်ကျဲ ကျမ်းတတ်အကျော်၊ ကျမ်းပြုဆရာတော်ကြီးတပါး ဘ၀နေ၀င်ခါနီးမှာ ဘာမဟုတ်တဲ့လူတစုကြောင့် ဟိုကြွရတော့မှာလိုလို ဒီကြွရတော့မှာ လိုလိုနဲ့ စိတ်ဆင်းရဲစွာခံစားသွားရတာ တကယ့်ကို စိတ်မကောင်းစရာပါ။ ဆရာတော်ကြီးကို ကြည်ညိုသူတွေက ဆရာတော်ကြီးစိတ်တိုင်းကျ လုပ်ပေးဘို့လျှောက်ထားခဲ့ပေမဲ့ ပညာရှိပီပီ သတိတရားလက်ကိုင်ထားပြီး သည်းခံနေထိုင်သွားရတယ်ဆိုတာ အားလုံးအသိပါ။ အဲဒီလိုနဲ့ ဘဲ ၂၀၀၈ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ မနက်အာရုံဆွမ်းဘုဉ်းပေးပြီးတဲ့အချိန်မှာ မူးမေ့သွားပါတယ်။ ဆေးရုံကိုပို့ခဲ့ပေမဲ့ သတိပြန်လည်မလာ တော့ဘဲ မွန်းလွဲပိုင်း (၁) နာရီအချိန်လောက် နှလုံးခုန်ရပ်သွားပြီး Coney Island ဆေးရုံကြီးမှာ ဘ၀နတ်ထံစံမြန်းတော်မူခဲ့ပါတယ်။ အဘိုးတန်ဆရာတော်ကြီးတပါး ဆုံးရှုံးရတာပါ။ တပည့်တွေ ယူကြုံးမရဖြစ်ကြရပါတယ်။

နှမြောတသစွာနဲ့ ရှိခိုးကန်တော့ပါတယ်ဘုရား။ ။

အသိဉာဏ်ပညာရှိမှသာ မိမိအကျိုးသာမက သူတပါးအကျိုးကိုပါဆောင်ရွက်နိုင်သူ၊ စောင့်ရှောက်နိုင်သူဖြစ်မည်။
(ဆရာတော်ကြီး၏သြ၀ါဒ)



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts