>Ottaya Depa – Article

>

ဇာတ်တုတိုက်ချိန် မဟုတ်တော့
ပံ့သကူရှင်ငယ် (ဥတ္တရဒီပ)
နိုဝင်ဘာ ၂၀၊ ၂၀၁၁


ဧရာဝတီ၏အလျှင်အား တန့်အောင်ပြုသူများကို ပြည်သူတို့၏ ညီညွတ်ဆန္ဒအားဖြင့် ရပ်ဆိုင်းအောင် ပြုနိုင်ခဲ့ကြပေပြီ။ ဒီအတွက် အားလုံးက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်၊ ချိုင်းနား (china) မှ လွဲ၍ အားလုံးနီးပါးဟုဆိုနိုင်သည်။ ကောင်းသောလုပ်ရပ်ဟုလည်း မြင်ကြသည်၊ မှန် သော အဆုံးအဖြတ်ဟုလည်း သုံးသပ်ကြသည်။ တချိန်က အရင်းရှင်ကိုဆန့်ကျင်ရာမှ ကိုယ်တိုင် အရင်းရှင်ဖြစ်လာသော အခြားပြည်တွင်းရေး ၀င်မစွတ်ရေးမူကို အော်ဟစ်တတ်သော တရုတ်ပြည်ကမူ ပူစပ်ပူလောင်ဖြစ်နေမည်မှာ ဧကန်။

အကြောင်းသော် အဆင်းရဲဆုံးနိုင်ငံက လောလောဆယ်ချမ်းသာသော နိုင်ငံကြီးကို ငြင်းဆိုပြလိုက်သောကြောင့်ပင်။ ထို့ကြောင့် သမ္မတ ကြီး၏ လုပ်ရပ်ဟုဆိုဆို၊ အစိုးရ၏အပြုအမူဟုခေါ်ခေါ်၊ မြန်မာတဦးအနေနှင့် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုရမည်သာ။ အခြားကုန်စည် သံယံ ဇာတတွေကို ထင်တိုင်း ရောင်းဝယ်ဖောက်ကားပစ်ခြင်းထက် ယခုဧရာဝတီကိစ္စသည် မြန်မာပြည်၏ အသက်သွေးကြောကို ရောင်းချလိုက် ခြင်းကိစ္စ မဟုတ်ပါလော။

သို့နယ် ကြိုဆိုရသော်ငြား အပြည့်အ၀ ၀မ်းမသာနိုင်၊ ခေတ္တ ဆိုင်းငံ့ယုံသာဟု သမ္မတကိုယ်တိုင်ပြောယုံမက၊ ကိုယ်သာဖို့အရေး ပေသီးတွက် လေ့ရှိသော တရုတ်အစိုးရကိုယ်တိုင်က ဘာဖြစ်တယ် ညာဖြစ်တယ်နှင့် အသံတွေထွက်နေခဲ့ပြီ၊ ရှေ့ရေးရင်လေးဖွယ်ပင်။ ပို၍စိတ်မအေးရ သည်က ဒုတိယဧရာဝတီဟုဆိုရမည့် မျိုးဆက်အလျှင်ဖြစ်သည့် (၈၈) မျိုးဆက် လူငယ်ခေါင်းဆောင်များနှင့် နိုင်ငံကို ချစ်မြတ်နိုးသူ အများ အပြား အကျဉ်းချထားဆဲဖြစ်သောကြောင့်၊ မြစ်မင်းဧရာသည် သဘာဝစွမ်းအင်တို့ဖြင့် အမိမြေကို အလုပ်အကျွေးပြုသကဲ့သို့ ပညာခွန်အား စသည်တို့ဖြင့် အလုပ်အကျွေးပြုကြမည့် လူငယ်လူရွယ်တို့သည် အကျဉ်းထောင်အသီးသီးတွင် ချုပ်နှောင်တားမြစ်ခံထားရသည်မှာ စေ့စေ့ တွေးလေ နစ်နာလေပင်။ သူတို့၏စွမ်းရည်များ အရွယ်များသည် အလဟဿအကုန်ခံနေရပေသည်။

အားနှင့်မာန်နှင့်စီးဆင်းရမည့် လူသားရင်းမြစ်အဟုန်သည် စစ်အာဏာရှင်တို့၏ အနှောက်အယှက်အဟန့်အတားများအဖြစ်၌ နှိပ်ကွပ်ခံ ထားရသည်မှာ တိုင်းပြည်အနာဂတ်အတွက် နစ်နာလှပါဘိတောင်း။

နယ်ချဲ့ဟုဆိုသော ဗြိတိသျှ အစိုးရသည် သူ့အားဆန့်ကျင်သူများကို ဖမ်းဆီးချုပ်နှောင်ခဲ့စေကာမူ၊ စစ်အစိုးရနှယ် မရိုင်း။ “ဤသူတို့သည် တချိန်တွင် တိုင်းပြည်အရေးကို ဆောင်ရမည့်သူများ”ဟု သိမြင်ကာ ရာဇ၀တ်သားများနှယ် မဆက်ဆံ၊ ထောင်ထဲတွင် အေကလပ်၊ ဘီက လပ်စသည်ဖြင့် အဆင့်အလိုက်သတ်မှတ်၍ ရသင့်သောအခွင့်အရေးတို့ကို ပေးခဲ့လေသည်။ ယခုအာဏာရှင်တို့ကမူ အခွင့်အရေးပေးဖို့ ဝေးစွ၊ “ နိုင်ငံရေးအကျဉ်းသား” ဟုပင် ခေါ်ဆိုရန် ၀န်လေးနေကြသည်။ ခိုးသား မုဒိန်းတို့နှင့် အတူထားယုံမက ဥပဒေကိုချိုးဖောက်သူများဟု ထင်မြင်အောင် ၀ါဒဖြန့်သေးသည်၊ရင်နာဖွယ်ပင်။

တကယ့်ကောက်ကျစ် အနိုင်ကျင့်မူပင်၊ ယုံကြည်ချက်ကို ပျက်ပြားစေရန်၊ ခံနိုင်ရည်ကို ကုန်ခန်းစေရန်၊ နောင် အံမတုရဲ၊ ဒူးထောက်စေရန် ပြစ်မှုနှင့် ပြစ်ဒဏ် မမျှအောင် စီရင်ယုံမျှမက ဝေးလံခေါင်ဖြားသော အကျဉ်းထောင်တွေဆီကို ပို့ပြစ်သည်မှာ၊ နယ်ချဲ့ထက်ပင် ဆိုးယုတ်ချေ သေးသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ ပြည်တွင်းပြည်ပကပါ ၀ိုင်းဝန်းတောင်းဆိုသည့်အခါတိုင်း ရာဇ၀တ်ပြစ်ဒဏ်သားများနှင့် ရောနှောကာ အနည်း ငယ် ဟန်ပြလွှတ်ပေးလေ့ရှိသည်။ သည့်နှယ် အကြိမ်ကြိမ်ပြုဖန်များသောအခါ စစ်အစိုးရသည် နိုင်ငံရေးသမားများကို ပြန်ပေးကဲ့သို့ ဆွဲထား သည်ဟု သတ်မှတ်လာကြတော့သည်။ မကြာမီကပင် ကုလကိုယ်စားလယ် သောမစ်အိုးဟေးကန်တာနားက နိုင်ငံရေးသမားများကို ချက်ချင်းလွှတ်ပေးရန် နိုင်ငံတကာကို အရေးဆိုဖို ဓားစားခံများအဖြစ့်အသုံး မချရန် ပြောကြားခဲ့သည်၊ လက်ရှိအစိုးရသည် အာဏာရှင်၏ နောက်မြီးဆွဲ အစိုးရဖြစ်၍ ပြုမူကျင့်ကြံပုံ မခြားနား၊ သူတို့အရေးကြုံ၍ ဖြစ်စေ၊ နိုင်ငံတကာကို မျက်နှာချိုသွေးရန်လိုမှဖြစ်စေ ထင်ရှားသောခေါင်းဆောင် အနည်းငယ်ကို လွှတ်ပေးယောင်ပြုခဲ့ကြလေသည်။

သည်လိုနှင့် အမိတိုင်းပြည်သည် ဆယ်စုနှစ်များစွာ အချိန်ကုန် လူပန်းနှင့် အောက်တန်းနောက်တန်းရောက်ခဲ့ရပေသည်၊ အာဏာရှင်တို့ကမူ ကိုယ့်အပြစ် ကိုယ်မမြင်၊ ဆန်ရှင်ကြောင့် ဘာကြောင့် ညာကြောင့်နှင့်အကြောင်းတွေပြကာ ထင်ရာစိုင်းခဲ့ကြလေသည်။ ကိုယ်မစွမ်းဘဲ စွမ်း မည့်သူများကို နိုင်ထက်ကလူ ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းသည် တိုင်းပြည်၏ အညွန့် အဖူးတို့ကို ချိုးပြစ်နေခြင်းသာ၊ ပြည့်အလျှင်ကို တားမြစ် နေခြင်းသာ။ သယံဇာတတို့ကို သုံးဖြုန်းဖြစ်ခြင်းထက် လူသားမျိုးဆက်ကို ဆွံ့အအောင် ဖမ်းဆီးချုပ်နှောင်ခြင်းက ပို၍အပြစ်ကြီးသည်၊ ထို့ကြောင့်လွှတ်ပေးရန် တောင်းဆိုနေကြမူကို လက်ခံသင့်ကြသည်။

သို့သော် အများက တောင်းဆိုနေကြသည့်တိုင် မြန်မာလူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမြ၏စကားကြားလိုက်ရသော အခါ စိတ်ပျက် ဖွယ်ပင်။ တသုတ်လွှတ်ပြီးပြီပဲ နောက်တသုတ်လွှတ်ရန်တောင်းပန်ဖို့ရာ အစိုးရကို အားနာဟန်ပင်ပြောသွားလေသည်။ တကယ်ငဲ့ညာ အားနာရမှာက အပြစ်မဲ့အကျဉ်းချခံထားရသော ယုံကြည်ချက်ကြောင့် အကျဉ်းခံနေရသူများပင် မဟုတ်ပါလား။

တဖန် သမ္မတအကြံပေး ဦးကိုကိုလှိုင်ဆိုသူ၏ စကားကလည်း လွှတ်ချိန်တန်ရင်လွှတ်မှာပေါ့တဲ့။ လွှတ်ချိန်တန်ခြင်း မတန်ခြင်းကို ဥပဒေက မဆုံးဖြတ်ပဲ အာဏာရှင်တွေ၏ သဘောအတိုင်းသာဟု ဆိုလိုရိပ်မို့ ပြည်သူအကျိုးရှိရန်ပေးမည့် အကြံပေးပုဂ္ဂိုလ်မဟုတ်နိုင်ဟု စိတ်ပျက် လက်ပျက်ဖြစ်ရပြန်သည်။

အခုတဖန် အန်အယ်လ်ဒီကို လွှတ်တော်ထဲဝင်စေကာ ကိုယ့်ဘက်သားအဖြစ် ချီပြီး တုပ်ပြီးမှ (၈၈) မျိုးဆက်များနှင့် နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးမည့်ဟန်ပင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ၏အင်းအားကို ယူလိုရိပ်ပင်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း အတွင်းစည်းမှဝင်၍ ပြည်သူ့အခွင့်အရေးဧရိယာကိုချဲ့ထွင်ရာတွင် ထိုယုံကြည်ချက်ကြောင့် အ ကျဉ်းကျနေသူများ လွှတ်မြောက်ရေးသည် ဦးစားပေးတစ်ခုဖြစ်မည်မှာ ယုံမှားဖွယ်မရှိခြေ။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီက သင့်လျော်မည်ထင်သော သူ့နည်း သူ့လမ်းဖြင့်အားထုတ်နေခြင်းကို ဆိုင်းငံ့ ရပ်ကြည့်မနေပဲ၊ ကျွန်ုပ်တို့ ပြည်သူလူထုကလည်း ကိုမင်းကိုနိုင်၊ ကိုကိုကြီးစသော (၈၈) လူငယ်များ၊ အရှင်ဝိရသူ၊ အရှင်ဂန္ဘီရ စသော ရ ဟန်း အာဇာနည်များ၊ ခွန်ထွန်းဦး စသည် တိုင်းရင်းသာ ခေါင်းဆောင်များကို “တို့အရေးအတွက်ဆောင်ရွက်ရင်း အကျဉ်းကျခံသူများပါ တကားဟု နားလည်စာနာ၍လည်းကောင်း၊ သူတို့လွှတ်မြောက်ရေးကိုလည်း တို့တစ်တွေဖေးကူသင့်ပါ တကား၊ သူတို့တတွေ၏ တိုင်းပြည် အတွက် ပေးဆပ်နိုင်သော စွမ်းရည်သတ္တိတို့အား အလဟဿ အာဏာရှင်တို့၏ ဖြုန်းတီးပစ်မှုကို ခံနေကြရှာပါတကား”ဟု နက်နက်နဲနဲ သိမြင်ကာ လွတ်မြောက်ရေးကြိုးပမ်းမှုအဟုန်ကို မြင့်တင်သင့်ကြပေသည်။

တိဘတ်ပြည်မှ မိမိတို့ခန္ဓာကိုမီးရှို့ဆန္ဒပြသွားသော တိဘတ်ပြည်လွှတ်မြောက်ရေးကြိုးပမ်းကြသည့် ရဟန်းတော်သီလရှင်များ၏ အ ကြောင်းကို ကြားမိသောအခါ တရုတ်နယ်ချဲ့ကို ၀ံ့ဝံ့စားစား တော်လှန်နေကြသူများပါတကားဟု ကြေကွဲရင်း ဂုဏ်ပြုလိုက်မိသည်။

အစိုးရအနေနှင့် သတိပြုဖွယ်တချက်ကိုလည်း တင်ပြလိုသည်။ ဗြိတိသျှလက်ထက်က အဖြစ်အပျက်လေးတခု၊ မြန်မာအမျိုးသားကြီး တယောက် ရေမြောင်းအတွင်းချော်ကျရာ ခြေထောက်ကိုခိုက်မိ၍ အစိုးရဌာနကို တရားစွဲခဲ့သည်။ သက်သေခိုင်လုံ၍ အစိုးရက လျော်ကြေး ပေးရသည်။ သို့သော် မကျေနပ်၍ ထပ်မံတရားစွဲပြန်သည်။ အကြောင်းက သူခြေထောက် နာကျင်မှုအတွက် လျော်ကြေးရသည်မှန်သော် လည်း ထိုသို့ချော်ကျစဉ်က စိတ်တွင်ခံစားလိုက်ရမှုသည် ပြင်းထန်သောကြောင့် မကျေနပ်နိုင်၍တဲ့၊ ရုပ်နာကျင်မှုထက် စိတ်နာကျင်မှု အတွက် နှစ်ဆ နှစ်နာကြေးပေးခဲ့ရသည်တဲ့။

အာဏာမဲ့ အနိုင်ကျင့်မှုတို့သည် အာဏာရှင်၏ခေတ်တွင် တိမ်မြုပ်နေသော်လည်း ဒီမိုကရေစီစနစ်၏အောက်တွင်မူ ထင်ရှားလာတတ် သည်ကို သဘောပေါက်သင့်ကြပေသည်။

လက်ရှိအာဏာပိုင်ဆိုသူတို့အနေဖြင့်လုပ်ဆောင်သင့်သည်ကိုပြတ်သားစွာလုပ်ဆောင်ပြခြင်းဖြင့်ညစ်ထေးခဲ့သောသမိုင်းကိုဖွပ်လျှော်သင့်ကြပေသည်။ ငါးတကာယိုသည့်ချေး ပုဇွန်ခေါင်းစု စကားနှယ်မဖြစ်ရန် စစ်အာဏာရှင်တို့ပြုခဲ့သမျှ ကိုယ့်အပေါ် အတင်မခံသင့်ကြောင်း သဘောပေါက်ကြစေချင်သည်။

လူ့အခွင့်အရေးကော်မရှင်ကစာတင်မှ၊အကြံပေးအဖွဲ့ကအကြံပြုမှု စသည်ဖြင့် ဇာတ်တုတိုက်နေရမည့်အချိန်မဟုတ်ပေ၊မြစ်မင်းဧရာဝတီကိစတွင်မှန်ကန်စွာပြုလုပ်နှိုင်သကဲ့သို့ယခုလူသား

မျိုးဆက် ဧရာဝတီအရေးတွင်လည်းတွေဝေမနေသင့်ကြောင်းအကြံပြုချင်သည်။

ထို့ကြောင့် အထက်၌ဆိုခဲ့သလို တိုင်းပြည်၏ အသက်သွေးကြောဖြစ်သော ဧရာဝတီကိစ္စတွင်မှန်ကန်စွာ လုပ်ဆောင်နိုင်သကဲ့သို့ တိုင်းပြည် ၏ နပ်ဗ်ကြောဖြစ်သော (၈၈) မျိုးဆက်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူအားလုံးကို အမြန်ဆုံးချွင်းချက်မရှိ လွှတ်ပေးရန် အချိန် မဆိုင်းသင့်တော့ပေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts