>Kamar Pale – Poem

>

ဒုက္ခ … ကဗျာ
ကမာပုလဲ
နိုဝင်ဘာ ၂၀၊ ၂၀၁၁


နံနက်ခင်းတခု
နှင်းထုဖြူဖြူအောက်မှာ
သမားရိုးကျ ဒုက္ခတေးကိုဆိုလို့ ….။

သရီးအင်ဝမ်း
နက်စ်ကဖေးတထုပ်ကိုဖျော်
(ကြုံတောင့် ရခဲပါ)
ညာသိုတလိပ် မီးညှိတယ်၊
နံနက်စာအတွက်
ဒုက္ခသည်ပဲ နို့ဆီတဗူးစာကို
ရေထည့်
မီးသွေးမီးဖိုပေါ်တင်တယ်။
နေ့တိုင်းအတွက် နံနက်စာက
ဒုက္ခသည် ပဲဟင်းဖြစ်တယ်၊
ဒုက္ခသည် ပဲဟင်းကို စားနေရတဲ့အတွက်
ဒုက္ခသည် စခန်းတွေကို ကျေးဇူးတင် တင်နေမိတယ်၊

(ဒုက္ခသည်စခန်းတွေ အဓွန့်ရှည်ပါစေလို့ ဆုတောင်းဖို့တော့ မကောင်းဘူးပေါ့လေ)။

ဒုက္ခသည်စခန်းတွေဟာ
၁၉၉၀ နောက်ပိုင်း
နယ်စပ်တကြောမှာ
သူ့ထက်ငါ အပြိုင်အဆိုင် ပေါ်ပေါက်လာခဲ့တယ်၊
သူ့မတိုင်ခင်ကတော့
ပြည်တွင်းမှာပဲ ဒုက္ခရောက်နေကြရတယ်ပေါ့ …

မည်သို့ဆိုစေ
ဒုက္ခသည်စခန်းတွေကို
ဒုက္ခဘ၀ ထိုထိုဟာ
အစုလိုက် အပြုံလိုက် ရောက်ရှိလာကြတယ်။

ဒုက္ခသည် စခန်းတွေမှာ
ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ ရှိတယ်၊
ဒုက္ခသည် စခန်းတွေမှာ
ခရစ်ယာန် ဓမ္မတေးသီဆိုသံတွေ ကြားရတယ်၊
ဒုက္ခသည် စခန်းတွေမှာ …… ရှိတယ်၊
ဒုက္ခသည် စခန်းတွေမှာ …. ရှိခဲ့တယ်။
ဒုက္ခသည် စခန်းတွေကို
အနိုင်နိုင်ငံက
အလှူရှင်တွေ ရောက်ရှိလာကြတယ်၊
ဒုက္ခသည် စခန်းတွေကို
ဟောလီးဝုဒ် စတား
အင်ဂျလီနာဂျိုလီ ရောက်လာတယ်၊

ဒုက္ခသည် စခန်းတွေကို
နိုင်ငံခြား သံအမတ်ကအစ
သမတကတော် အဆုံး
ရောက်ရှိလေ့လာခဲ့ကြတယ်။

ဒုက္ခသည်စခန်းက လူဟောင်းတွေ
တတိယနိုင်ငံတွေကို
အသီးသီး အသက ရောက်ရှိသွားကြသလို
ဒုက္ခသည်စခန်းကို
ပြည်တွင်းက ဒုက္ခသည် အသစ်အသစ်တွေ
စွန့်လွှတ် စွန့်စား ရောက်ရှိလာနေကြတယ်။

ဒုက္ခသည် စခန်းတွေဟာ
ကလေးတယောက်ရဲ့ နတ်သမီးအိပ်မက်နဲ့
အိပ်စက်သွားခဲ့ပြီး
ဒုက္ခသည် စခန်းတွေဟာ
ကလေးတယောက်ရဲ့ ငိုကြွေးသံနဲ့
နိုးထလာတတ်တယ်။

ခု….
၂၀၁၁ ခုဟာ
၂၁ ရာစု အစောပိုင်းကာလ ဖြစ်တယ်၊
ဒုက္ခသည်စခန်းတွေဟာ
လက်ကျန်ဒုက္ခတွေနဲ့တင်မက
အသစ်ရောက်ရှိလာတဲ့ ဒုက္ခတွေနှင့်ပါ
နေသားတကျ
နေတတ် ထိုင်တတ် ရှိလာခဲ့တယ်။

ခု ….
နိုဝင်ဘာလ
၂၀၁၂ ခုနှစ်ကို ရောက်တော့မယ်၊
ဒုက္ခသည်စခန်းတွေအတွက်
ရံပုံငွေ ကမ္ဘာအနှံ့ရှာရာမှာ
အခက်အခဲတွေ တွေ့နေပါသတဲ့ ….
ဒုက္ခပေါ့
ဒီတော့ ….
ဒုက္ခသည် စခန်းတွေကို
မသေရုံတမယ် ပေးနေတဲ့ရိက္ခာ
ဖြတ်ရ၊ တောက်ရ၊ လျှော့ရတော့မယ်ပေါ့ …. ။

ဒုက္ခသည် စခန်းတွေမှာ
ဒုက္ခတွေက မလျော့ဘဲ
မရှိမဖြစ် လိုအပ်ချက်တွေ လျော့လျော့လာနေတယ် …၊
ဒုက္ခသည် စခန်းတွေမှာ
ဒုက္ခသည်တွေ လျော့လျော့သွားသော်ငြား
ဒုက္ခတွေက တိုးတိုးလာနေတယ်။

ဒီကနေ့
၁၈ ရက်နေ့
နိုဝင်ဘာလ
၂၀၁၁ ခု
အင်း ….
ရှေ့လျှောက် …
ဒုက္ခသည် စခန်းတွေက
ဒုက္ခသည်တွေ ခမျာ
ဘယ်လို ဒုက္ခအသစ်တွေနဲ့များ
ရင်ဆိုင်ရဦးမလဲ …
မပြောတတ်တော့ပါဘူး။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts