>Nyein Wai – Poem

>

ပြန်လာခဲ့ပါ ရွှေကြိုးကြာ
ငြိမ်းဝေ
နိုဝင်ဘာ ၁၇၊ ၂၀၁၁


ဒီအချိန်မှာ
မင်းရဲ့နံက်ခင်းတွေလည်း
သွေး တပုလင်းစီ မြိုချပြီးမှ
အသက် ရှင်သန်ရတဲ့ တောင်ကုန်းတွေပေါ်
မေးတင် နေကြရော့မယ်။

ဒသမဌါန٭ အညာမြစ်စဉ်တဝိုက်က
တိတ်ဆိတ်တဲ့ မြက်ခင်းတွေ
အေးမြတဲ့တောင်ခြေ တောအုပ်တွေ
မာန တစက်မှမရှိတဲ့ တဲအိမ်လေးတွေဟာ
မင်းရဲ့အရေပြားပေါ်က မီးလောင်ဖုတွေလား။

တချိန်လုံး
မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေတဲ့ လရောင်တွေလည်း
ဆက်လက်စီးဆင်းရမှာ ကြောက်လို့
နေရာမှာတင် ရပ်တန့်ထားလိုက်ကြပြီလား။

မင်းဟာ
သူတို့ ဖြုတ်ပစ်လိုက်တဲ့ လက်ဗလာနဲ့ပဲ
ပျံသန်းနိုင်ခဲ့တယ်
သူတို့ ပြန်တပ်ပေးလိုက်တဲ့ ဒုက္ခနဲ့ပဲ
ခရီးနှင်ခဲ့ရတယ်။

`မြစ်ကြီးနား´က
သူ့ ညာဘက်ခြေထောက်
လက်နဲ့စမ်းတဲ့အခါ `လိုင်ဇာ´ ကို စမ်းမိ
ညာဘက်ခြေထောက် မရှိဘူး။

`လိုင်ဇာ´ က
သူ့ ဘယ်ဘက်ခြေထောက်ကို သူ ပြန်ပြီး လက်နဲ့စမ်းတဲ့အခါ
`မြစ်ကြီးနား´ ကို စမ်းမိ
ဘယ်ဘက်ခြေထောက် မရှိဘူး။

အမှောင်ထု တစ်ခုက
အမှောင်ခေတ် တစ်ခုကို
လျှာ တသိမ်းသိမ်းလုပ်နေချိန်
မင်းကတော့ သေဆုံးသွားကြရတဲ့ သားသမီးတွေကို
မြှုပ်နှံလိုက်ရတယ်
ဒါပေမယ့်
မြှုပ်နှံခြင်းကိုကြတော့ မမြှုပ်နှံနိုင်ခဲ့သေးဘူး။

ဒီကျိန်စာက
မလောင်ကျွမ်းသေးတဲ့ ဝိညာဉ်တွေ
လောင်ကျွမ်းပြီးတဲ့ ဝိညာဉ်တွေ

အချင်းချင်း ဖက်ပြီး ငိုကြွေးဖို့ကိုတောင်မှ
ခွင့်မပြုခဲ့လေဘူး။

နောက်ကို ပြန်လိမ့်ဆင်းလာနေတဲ့ ဒီစစ်ကြီးကို
ငါတို့လည်း
ဂျမ်းတုံး ဝင်ပြီး ခုခဲ့ကြပါတယ်
တဟူးဟူး တရားရား တိုက်ခတ်နေတဲ့
မုန်တိုင်း တစ်ခုအောက်မှာ
ငါတို့လည်း
ခြေမမြဲလို့ လက်မြဲအောင် ဆွဲထားကြပါတယ်။

ငါတို့သည်လည်းပဲ
ပေါလော မျောလာနေတဲ့
တုတ်တပျက် ဓါးတပျက် နေဝင်ချိန်တွေအောက်မှာ
ခလုပ်လည်း ထိ ဆူးလည်း ငြိခဲ့ကြတာပါပဲ။

လူလည်း မစွမ်း
နတ်လည်း မစွမ်းတဲ့ ကာလတွေထဲမှာ
ငါတို့ကိုယ်တိုင်
ငါတို့ခေတ်ကြီးကို ထမ်းထားခဲ့ကြတာပါပဲ။

`ကဗျာဆိုတာ
ကျမတို့ရဲ့ ရုန်းကန်သံပါပဲ´ တဲ့လား
ဒါဆိုရင် ဒို့ခေတ်ရဲ့ အနုပညာပစ္စည်းတွေထဲ
အပြောင်မြောက်ဆုံး ကဗျာတပုဒ်
ငါတို့ကိုယ်တိုင် ဖြစ်ခဲ့ကြပြီပဲ။

ယုံကြည်လိုက်ပါ
အတိတ်ဟာ ငါတို့အတွက် မအေးစက်သေးခင်
အနာဂတ်ဟာ ငါတို့အတွက် ပူနွေးနေပါလိမ့်မယ်။
မငိုပါနဲ့ `ဆွမ်လွတ်ရွယ်ဂျာ ´

ဒီရွာကို
ကြိုးကြာငါးရာ
နောင်နှစ်မှာ
တခါ ပြန်လာပါလိမ့်မယ်။

ဆွမ်လွတ်လွယ်ဂျာ = အစိုးရစစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံရပြီး ပျောက်ဆုံးနေတဲ့ ကချင်အမျိုးသမီးလေး
٭ ဒသမဌာန အညာမြစ်စဉ် = မြန်မာမင်းများလက်ထက်က ယခု ကချင်ပြည်နယ်တဝိုက်ကို ခေါ်ဆိုသတ်မှတ်ခဲ့တဲ့ နယ်မြေ အမည်ပါ။ လိုင်ဇာ = ကချင်တော်လှန်ရေး ဌာနချုပ်မြို့


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts