>International TheGeek – From Occupier to Squater ? The rise & fall of the movement

>

အရင်းရှင်ဆန့်ကျင်ရေးသပိတ်စခန်းမှသည်ကျူးကျော်တဲများအဆင့်အထိ အနှိမ်ခံနေရပြီလော
နိုင်ငံတကာသာဂိ၊ နိုဝင်ဘာ၁၆၊ ၂၀၁၁
စက်တင်ဘာ ၁၇၊ အမေရိကန်ပြည်၊ နယူးယောက်၊အစုရှယ်ယာဒိုင်ကြီး၊ ဝေါစထရိအဆောက်အအုံရှေ့မှာ Occupy Wall Street Movement – ဝေါစထရိသပိတ်စခန်းနဲ့လူထုအုံကြွမှုကြီး စခဲ့တယ်။ တိုင်းပြည်ကို စီးပွားပျက်ကပ်ထဲ ထိုးချတဲ့အထဲမှာ အမြတ်ကြီးစားတဲ့ဘဏ်တွေနဲ့ အစုရှယ်ယာရင်းနှီးမြုပ်နှံသူကြီးတွေ၊ လုပ်ငန်းရှင်ကြီးတွေပါတယ်။ သူတို့ကိုအစိုးရက ကယ်တင်ပြီးတော့လည်း သူတို့က အမြတ်သာထုတ်သွားတယ်၊ စီးပွားရေး ပြန်မလုပ်ဘဲ အစိုးရကသိပ်ချုပ်ခြယ်တယ်ဆိုပြီး ရှောင်ထွက်နေတယ်။ အစိုးရမှာ အခွန်ငွေတွေ နည်းပါးလာလို့ အစိုးရရဲ့လုပ်ငန်းတွေဖြစ်တဲ့ လမ်းတံတား၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ရဲ၊ မီးသတ်၊ ဆေးရုံ၊ ပန်းခြံ၊စည်ပင်သာယာလုပ်ငန်းတွေကို ဘတ်ဂျက်တွေ လျော့ရ၊ ဖြတ်ရ၊ အလုပ်တွေဖြုတ်ရနဲ့ စီးပွားပျက်ကပ်ထဲသံသရာလည်မဆုံးဖြစ်နေရတာကို ကျောမွဲလူငယ်ထုတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက မခံမရပ်နိုင်ဖြစ်လို့လူထုပုန်ကန်မှုကြီး ဖြစ်လာတာဖြစ်တယ်။

 
 (Occupy Oakland Camp – 13th Nov 2011)
Occupy Wall Street ကနေ OccupyMovement အဖြစ် အမေရိကန်မြို့ရွာအနှံ့မှာ မြို့လယ်ခေါင်သပိတ်စခန်းတွေ ဖွင့်တဲ့ လူထုအုံကြွမှုတွေဆက်ခဲ့တယ်။ နိုင်ငံတကာကိုလည်း ဥရောပ၊ အာရှ ပြန့်နှံ့ခဲ့တယ်။ အမေရိကန်မှာ တနှစ်ကို ၀င်ငွေ၁သန်းခွဲဝင်တဲ့သူ ၁% ပဲရှိတယ်။ ကျန်တဲ့သူက ၉၉% လို့ ဆိုတယ်။ အမေရိကန် သန်း ၃၀၀ မှာ၃ သန်းက အမေရိကန်ဓနရဲ့ ၄၂% ကိုပိုင်ဆိုင်တယ်။ နောက် ၄%က နောက် ၂၇%ကို ပိုင်တယ်။ ဆင်းရဲတဲ့သူက၈၀% ရှိတယ်။ သူတို့ဓနက အမေရိကန်ရဲ့ ၇% ပဲ ရှိတယ်။ အမေရိကန် သန်း ၂၄၀ မှာ အမေရိကန်ပိုင်ဆိုင်မှုကြီးဆီက၇ ကျပ်ဖိုးပဲ ရှိတယ်။ အပေါ်ဆုံးအလွှာ ၅ %က ငွေ ၇၀ ကျပ်လောက်ကို သိမ်းထားတယ်ပေါ့။ ဒါကြောင့်We are 99% ဆိုပြီး လူထုက အုံကြွပြီးတော့ အစိုးရနဲ့ အရင်းရှင်ကြီးတွေကို ပြုပြင်ပြောင်းလဲရေးတွေလုပ်ပေးဖို့ ကန့်ကွက်တောင်းဆိုနေတာဖြစ်တယ်။
မြိ့ရွာတွေက လုပ်ငန်းရှင်တွေ၊ အစိုးရတွေ၊မြူနီစပယ်လူကြီးတွေက အဲသည် ၉၉% ထဲမှာ ပါသော်လည်းပဲ သူတို့က အဲသလောက်တော့ မဆင်းရဲဘူး၊မထိခိုက်ဘူး၊ မထောင်းသာပါဘူးဆိုပြီးတော့ အဲသည် သပိတ်မှောက်သူတွေကို ပြန်လည် နှိပ်ကွပ်ဖယ်ရှား ဖမ်းဆီးနှိမ်နှင်းတာတွေ လုပ်ကြတဲ့အတွက် တလောက ဥက္ကလံသပိတ်စခန်းကို ပုလိပ်တွေအကြမ်းဖက်လိုက်တာအီရပ်စစ်ပြန် ၂၄နှစ်သား လူငယ်ကလေး ဆေးရုံပို့လိုက်ရတဲ့အထိဖြစ်ကုန်တယ်။
 
 (Occupy Oakland Camp – 13th Nov 2011)
သို့သော်လည်းသပိတ်စခန်းတွေဟာ မသန့်ရှင်းဘူး၊ အိုးအိမ်မဲ့တွေ ကျက်စားတယ်၊ မူးယစ်ဆေးတွေ၊ လိင်အကြမ်းဖက်တာတွေ၊ရာဇ၀တ်မှုတွေ ထူပြောတယ်။ ပတ်ဝန်းကျင် လူမှုရေး၊ စီးပွားရေးကို ထိခိုက်တယ်ဆိုတဲ့ အကြောင်းအမျိုးမျိုးနဲ့မြို့ရွာတွေက ရှင်းလင်းဖို့ ပြန်လုပ်လာကြပြီ ဖြစ်တယ်။ နောက်ဆုံးတော့လည်း အငတ်ဆုံးလူနဲ့သိပ်မငတ်တဲ့သူတွေအချင်းချင်း ပြန်ချတာနဲ့ ဇာတ်လမ်းတွေ ရှုပ်လာတယ် ဆိုရမယ်။ ရာသီဥတုကလည်းဆောင်းဝင်ပြီဆိုတော့ အေးသည်ထက်အေး နှင်းတွေ မိုးတွေ ကျလာတာကြောင့် သပိတ်စခန်းတွေဟာသူ့ဖာသာသူတောင် သက်ဇိုးရှည်ပါ့မလား စိုးရိမ်စရာ ဖြစ်လာပါတယ်။
နိုဝင်ဘာ ၁၄ ရက်ကစပြီးတော့ ဥက္ကလံသပိတ်စခန်းကိုပုလိပ်တွေက ၀င်ပြီး စီးနင်းပြီး ဖယ်ရှားလိုက်တယ်။ နောက်တနေ့ နိုဝင်ဘာ ၁၅မှာ မူလဇစ်မြစ်နယူးယောက်ဝေါစထရိ သပိတ်စခန်းကို ပုလိပ်က ဖယ်ရှားတယ်။ လူ ၂၀၀ လောက် အဖမ်းဆီးခံကြရတယ်။ 
 
(SFSU – Student Protest – 15th Nov 2011)
အဲသည်အချိန် တပြိုင်နက်တည်းလိုလိုမှာပဲ အမေရိကန်တက္ကသိုလ်တွေက ကျောင်းလခတွေ တိုးမြှင့်လိုက်ပြီဖြစ်တယ်။အထူးသဖြင့် ကယ်လီဖိုးနီးယား အစိုးရတက္ကသိုလ် စနစ် ၂ ခုဖြစ်တဲ့ CSU & UC ကျောင်းတွေကယခု ၆ နှစ်ဆက်တိုက် ကျောင်းလခတွေ တိုးလိုက်တာမှာ စာသင်နှစ် ၆လကို ဒေါ်လာ ၅ ထောင်ကနေသောင်းချီပြီး ပေးနေရတဲ့ အဖြစ်ကို ရောက်သွားပြီလို့ ဆိုတယ်။ အခုတော့ ကျောင်းသားလူငယ်တွေကိုယ်တိုင်ကလည်းကျောင်းတွေမှာ ကျောင်းသိမ်းသပိတ်စခန်းလှုပ်ရှား မှုတွေ လှုံဆော်နေပြီ ဖြစ်တယ်။ 
 
(SFSU – Student Protest – 15th Nov 2011)
ဒါကြောင့် ယခင်တပတ်က UC Berkeley မှာOccupy CAL လှုပ်ရှားမှုလုပ်ကြတဲ့အခါ ကျောင်းနဲ့ မြို့က ပုလိပ်တွေက ကျောင်းသားတွေကိုနံပါတ်တုတ်တွေနဲ့ နံရိုးတွေ ၀မ်းဗိုက်တွေကို ထိုးနှက်နေလိုက်တာများ အာရပ်တိုင်းပြည်တွေနဲ့အာရှက မြန်မာပြည်လူထုလှုပ်ရှားမှုတွေကို ပြန်ပြီး သတိရ ခြောက်ခြားစေတယ်လို့ ပြောရင် မလွန်လောက်ဘူး။နံပါတ်တုတ်နဲ့ရိုက်၊ မျက်ရည်ယိုဗုံးတွေ ပစ်၊ ရာဘာကျည်ဆံတွေ ပဲသီးလုံးကျည်ဆံတွေနဲ့ ပစ်ပြီးဖမ်းဆီးနှိမ်နှင်းနေလိုက်တာများ ပြဿနာကို မဖြေရှင်းဘဲ ပြဿနာရှာသူကို ဖြေရှင်းရတယ်ဆိုတာနိုင်ငံတိုင်းက အာဏာပိုင်တွေရဲ့ သဘာဝပဲလို့ ပြောရမလို ဖြစ်နေပြီ ထင်တယ်။
 
 (Occupy Oakland Camp – 13th Nov 2011)
အရင်းရှင်ဆန့်ကျင်ရေး သပိတ်စခန်းတွေ၊လူထုအုံကြွမှုတွေက မင်းမဲ့ဝါဒီတွေ ဖြစ်သော်လည်း သူတို့ဘက်က တဖြေးဖြေးနဲ့ စနစ်ကျတဲ့ တောင်းဆိုမှုတွေတိုက်ပွဲပုံသဏ္ဍန်တွေ ပေါ်နေပြီလို့ ဆိုရမယ်။ လက်ဝါးကြီးအုပ်ဘဏ်ကြီးတွေက မိမိအပ်ငွေတွေထုတ်ယူပြီးတော့ မိမိကွန်မြူနီတီမှာရှိတဲ့ သမ၀ါယမဘဏ်တွေ၊ သမဂ္ဂဘဏ်တွေမှာ စာရင်းပြောင်းဖွင့်ကြဖို့သူတို့တွေက တောင်းဆိုနေကြတယ်။ ဘဏ်ကြီးတွေကနေ ပညာရေးအတွက်ဘဏ္ဍာရေးကို ထောက်ပံ့ကူညီမှုတွေလုပ်ပေးဖို့ တောင်းဆိုနေကြတယ်။ Refund Education ဆိုလား သူတို့ရဲ့ အခေါ်အဝေါ်ပေါ့လေ။
 
(SFSU – Student Protest – 15th Nov 2011)
သို့သော်လည်း လုပ်ငန်းရှင်တွေ၊ မြုပ်နှံသူကြီးတွေ၊ဘဏ်သူဌေးကြီးတွေက ဒါကို ဥပက္ခာပြု ကျောခိုင်းနေရုံတင်သာမကဘူး၊ မြို့ရွာတွေက အာဏာပိုင်တွေ၊လုပ်ငန်းရှင်အသီးသီးတွေ၊ မြို့မိ မြို့ဘတွေကလည်း တကယ်တမ်းမှာ ထောက်ခံမှု အထင်အရှားမပြနိုင်ကြဘူး။နိုင်ငံရေးသမားတွေကလည်း ဒီလိုမျိုး ကျောမွဲတွေရဲ့ အုံကြွမှုကို အချိန်ဆွဲပြီး အားပျော့ပျောက်ကွယ်သွားအောင် မသိကျိုးကြင်နေနိုင်ကြတယ်။ ဒီလူထုအုံကြွမှု သပိတ်စခန်းတွေဟာ တကယ်ကိုနိုင်ငံတော်ရဲ့ ယန္တရားတွေကို ထိခိုက်မှ၊ နှောက်ယှက်တော့မှသာ အစိုးရတွေက သူတို့နဲ့ ပုလင်းတူဗူးစို့အရင်းရှင်ကြီးတွေကို နည်းနည်းပါးပါး အရေးယူတာ၊ ဥပဒေတွေ ဘာတွေ ပြဌာန်း ပြုပြင်တာတွေလုပ်လိမ့်မယ်လို့ မျှော်လင့်လို့ရတယ်။
 
 (Occupy Oakland Camp – 13th Nov 2011)
အခုအချိန်မှာတော့ အမေရိကန်သပိတ်စခန်းအုံကြွမှုဟာကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးနဲ့ ဆက်လက်ချီတက်ဖို့ လှုံဆော်စည်းရုံးနေဆဲ ဖြစ်ပါတယ်။အလုပ်လက်ရှိတွေက နေ့တဓူဝ အလုပ်သွား အလုပ်ပြန်နဲ့ မအားကြတဲ့အချိန်မှာ၊ အလုပ်လက်မဲ့တွေ၊ကျောင်းသား လူငယ်တွေက အချိန်ပြည့် သပိတ်စခန်းမှာ နေရာယူကြရတယ်။ တက်ကြွလှုပ်ရှားသူတွေနဲ့အုပ်စုတွေကလည်း အချိန်ပိုင်း သူတို့သတ်မှတ်ထားနိုင်သလောက် ၀င်ရောက်အားဖြည့်တောင့်ခံပေးနေကြတာကိုတွေ့ရတယ်။ သပိတ်စခန်းမှာတွေ့ရတဲ့ လူငယ်တွေ၊ အိုးမဲ့အိမ်မဲ့တွေ၊ ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေဟာရုပ်ရှင်ထဲက သိပ္ပံခေတ်မြို့ပျက်ကြီးထဲက သရုပ်ဆောင်တွေလိုပဲ။ သတင်းစာတွေထဲမှာလည်း Occupier(သိမ်းပိုက်သူ) ဆိုတဲ့ အသုံးအစား Squatter  ကျူးကျော်သူတွေလို့ သုံးလာတာတွေကို တွေ့နေရတယ်။
 (Occupy Oakland Camp – 13th Nov 2011)
လူသိ လူတတ် လူနပ် လူလည်တွေကတော့ သည်လိုမျိုးသပိတ်စခန်းဖွင့် အုံကြွတဲ့နည်းလမ်းကို အားမပေးချင်ဘူး၊ နှခေါင်းရှုံချင်ကြတယ်။ လက်ညိုးထိုးပြစ်တင်ကြတယ်။ဒါဟာ အာရှဖြစ်ဖြစ်၊ အာရပ်ဖြစ်ဖြစ်၊ အမေရိကန်ဖြစ်ဖြစ် အတူတူနဲ့ အနူနူပါလားလို့ သံဝေဂရမိတယ်။အစိုးရတွေ၊ အာဏာရှင်တွေ၊ အရင်းရှင်တွေ၊ ကိုယ်ကျိုးစီးပွားကိုကြည့်တဲ့ အလိုတော်ရိတွေ၊နောက်လိုက်တွေ၊ အပေါင်းအပါတွေနဲ့ လည်ပတ်နေတဲ့ နိုင်ငံတွေ၊ စနစ်တွေမှာ ပြုပြင်ပြောင်းလဲရေးတွေကိုဆောင်ရွက်နိုင်ဖို့အတွက်က သည်လိုမျိုး မလှုပ် မရှုပ် မပြုတ် လူတွေ၊ အလုပ်တွေကို အလန့်တကြားဖြစ်ပြီးလူစိတ်ဝင်သွားအောင်၊ လောဘ၊ ဒေါသ၊ မောဟ အမှောင်ဖုံးနေတာကို နရင်းကို ခပ်စပ်စပ်ရိုက်ပြီးအမြင်မှန်ရအောင် လူငယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေဟာ သည်လိုပဲ လုပ်ကြရမှာပဲ။ အဲသည်ကနေတိုင်းပြည်က မျှော်လင့်နေတဲ့ လိုအပ်နေတဲ့ ခေါင်းဆောင်တွေ၊ ဦးဆောင်မှုတွေ ပေါ်ထွန်းလာမယ်လို့ယူဆရမှာ ဖြစ်ပါတယ်။
အဲသလို မဖြစ်ခဲ့ရင်တော့ မြို့လည်က ကျုးကျော်သူတွေဟာရွာပြင်မှာ တဲထိုးပြီး ဆက်လှုံဆော်နေကြရုံသာ ရှိတယ်လို့ ပြောရမှာပေါ့ခင်ဗျာ။      ။
(ဓာတ်ပုံ – ဥက္ကလံမြို့သပိတ်စခန်း မသိမ်းမီမြင်ကွင်း၊ SFSU တက္ကသိုလ်ကျောင်း ကျောင်းသားများ ချီတက်ဆန္ဒြုပရန်စီစဉ်နေစဉ် မြင်ကွင်း၊ မိုးမခ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts