>Ashin Pyinnyar Nanda – Articles

>

တို့ရွာ တို့သာသနာ
အရှင်ပညာနန္ဒ
နိုဝင်ဘာ ၁၂၊ ၂၀၁၁



အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ် …. မြို့မှာနေထိုင်တဲ့ စာရေးဆရာမကြီး ဒေါ်စိမ်းစိမ်းက သူစီစဉ်နေတဲ့ တို့သာသနာအတွက် သြ၀ါဒကထာချီးမြှင့်ပေးရန် ဖုန်းဆက်လျောက်ထားလာပါတယ်။ သြ၀ါကထာချီးမြှင့်ပေးပါဆိုလို့ ပြုံးမိသေးတယ်။ သြ၀ါဒကထားချီးမြှင့် ရအောင် ကိုယ်ကလည်း ဘာမှမဟုတ်။ လူမသိ သူမသိ တောမြို့လေးမှာ ကလေးတွေကို ကကြီး ခခွေးနဲ့ သြကာသလောက် သင်ပေးရတဲ့ အညတရ သာမန်ရဟန်းတပါး။ သြ၀ါဒကထာချီးမြှင့်တယ်ဆိုတာက တကယ့်ကို သီလသမာဓိ ပညာနဲ့ ပြည့်စုံတဲ့ မထေရ်ကြီး၊ ၀ါကြီး မထေရ်ကြီးတွေနဲ့ဘဲ သင့်တော်တာမဟုတ်လား။ အဲ့ဒါကြောင့် သြ၀ါဒကထာမပေးနိုင်တဲ့အဆုံး သူစီစဉ်နေတဲ့ တို့သာသနာအကြောင်းက စိတ်ဝင်စားစရာကောင်းတာမို့ သူ့ရဲ့လုပ်ဆောင်ချက်တွေကိုဘဲ လက်လှမ်းမှီသလောက် ပြောပြချင်ပါတယ်။

ဆရာမကြီးတို့ ဇနီးမောင်နှံက အမေရိကားမှာ သာသနာပြုနေကြတဲ့ ရဟန်းတော်များ ဆွမ်း၊ သင်္ကန်း ကျောင်း ဆေးဆိုတဲ့ ပစ္စည်းလေးပါး ပြည့်ပြည့်စုံစုံနဲ့ သာသနာပြုနိုင်ဘို့ သူတို့မောင်နှံရရှိထားတဲ့ ပင်စင်ငွေလေးထဲက ထုတ်နှုတ်ပြီးတော့ ဘုန်းကြီးကျောင်းတကျောင်းကို န၀ကမ္မ ၀တ္ထုအလှူငွေ ဒေါ်လာ (၁၀၀၀) ဆီ လှူဒါန်းပါတယ်။

၂၀၀၈ ခုနှစ်ကနေစပြီး လှူဒါန်းလာတာ ယခုဆိုရင် အမေရိကန်မှာရှိတဲ့ ဘုန်းကြီးကျောင်းပေါင်း ၃၇ ကျောင်း၊ ဂျာမေကာက တကျောင်းနဲ့ဆိုရင် ၃၈ ကျောင်းရှိပါပြီ။ သူတို့လှူဒါန်းခဲ့တဲ့ ဘုန်းကြီးကျောင်းက ဆရာတော်တွေဆီမှာ သြ၀ါဒကထားချီးမြှင့်ဖို့ လျှောက်ထားပါတယ်။ အဲ့ဒီသြ၀ါဒတွေကို ဆရာမကြီးကိုယ်တို ပြည်ပမှာရဟန်းတော်တွေ ဘယ်ပုံဘယ်နည်း သာသနာပြုနေတယ်ဆိုတာတွေ ကို ဆောင်းပါးရေးပြီး တို့သာသနာအမည်နဲ့ စာအုပ်ထုတ်မှာပါ။ ဒါကြောင့် တောသားဘုန်းကြီးလေးဆီမှာ အထက်ကပြောခဲ့သလို သြ၀ါဒက ထာချီးမြှင့်ဖို့ လျောက်ထားနေတာပါ။

စာရေးဆရာမကြီးကု ၂၀၁၁ စက်တင်ဘာ ၂၄ ရက်နေ့ကမှ န၀ကမ္မ၀တ္ထုငွေလာလှူလို့ ပထမဆုံး လူချင်းဆုံဖူးတာပါ။ ယောဂီဝတ်စုံနဲ့ ရတနာသုံးပါးအပေါ်မှာ အလွန်ရိုသေကိုင်းရှိုင်းပြီး ကိုယ့်ကိုယ်ကို နှိမ်ချတဲ့ နိဝါတတရားရှိသူ ဖြစ်ကြောင်း အကဲခတ်မိပါတယ်။ ဆရာမကြီး မိမိထံပို့လိုက်တဲ့ စာစုလေးတခုကို ဖတ်ကြည့်ပါ။ သူ့ရဲ့စိတ်နေစိတ်ထားနဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်ပါလိမ့်မယ်။

“တပည့်တော်က ဉာဏ်သိပ်မကောင်းတော့ နိဗ္ဗာန်မရောက်မီ ဖြစ်လေရာ သံသရာဘ၀များမှာ ဉာဏ်ကောင်းလိုပါတယ်ဘုရား။ သို့ပါ၍ စာလုံးတိုင်း စာအုပ်တိုင်းကို ဘုရားသာသနာကို လှူထားပါ၏။ လောကတွင် နေ၍ လောကမှ ထွက်ခွာမသွားခင် လောကကို ညစ်ပတ်အောင်တခါဘူးမျှ တပည့်တော်မလုပ်ဘူးပါဘုရား။ ဆက်လက်၍ ကိုယ်စိတ်ဖြူစင်သန့်ရှင်းစွာဖြင့် လောကကို တတ်စွမ်းသလောက်အလှဆင်ပါမည်ဘုရား” တဲ့။ ကဲ … ဘယ်လောက်ကောင်း လိုက်တဲ့စာသားလေးလဲ။ ဆောင်းပါးများစွာရေးနေတဲ့ စာရေးဆရာမကြီးက ဘယ်နေ့က ဘယ်ကျောင်းမှာ ဘာလှူခဲ့တယ်ဆိုတာ ရက်စွဲတွေ အချိန်နာရီတွေနဲ့ အတိအကျ ပြန်ပြောတတ်ပါတယ်။ မှတ်ဉာဏ်သိပ်ကောင်းတဲ့ ဆရာမကြီးပါ။ အလှူအတန်းနဲ့ပတ်သက်ရင် မြန်မာပြည်မှာလည်း မလွတ်။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအသင်းကို နှစ်စဉ်လှူဒါန်းသလို ဦးထင်ကြီး (ဒီဂျစ်တယ်)၊ စာကြည့်တိုက်တို့ကိုလည်း လှူဒါန်းပါတယ်။ ရေးဘော် ရေးဘက် နွမ်းပါးတဲ့ စာရေးဆရာတွေကိုလည်း သူတို့တတ်စွမ်းသလောက် ထောက်ပံ့လှူဒါန်းနေတာတွေ့ရပါတယ်။ မြန်မာပြည်အနှံ့ ဘုရာလည်ဖူးကြရင်းလည်း သူတို့ သိသိ မသိသိ ပျက်စီးနေတဲ့ ဘုရားကျောင်းကန်တွေနဲ့ ဘုန်း ကြီးကျောင်းတွေကိုလည်း တတ်နိုင်သလောက် တာဝန်ယူပြင်ဆင်ပေးနေတာတွေကို ဖတ်ရပါတယ်။ ပုဂ္ဂိုလ်စွဲမရှိ ဒေသစွဲမရှိ လိုအပ်တဲ့နေရာမှာ လိုအပ်သလို လှူဒါန်းနေတဲ့ လိုက်ဘက်ညီတဲ့ ဇနီးမောင်နှံပါ။ တို့သာသနာအတွက် လှူဒါန်းတဲ့ လှူဒါန်းတဲ့ရည်ရွယ်ချက်ကလည်း မြင့်မြတ်ပါပေတယ်။ အမေရိကန်ပြည်ထောင်စုတွင် သာသနာပြုလျှက်ရှိတော်မူကြကုန်သော (နိုင်ငံခြားသာသနာပြု) သံဃာတော် အရှင်မြတ်များတို့သည် လူမျိုး ဘာသာမတူသော နိုင်ငံရပ်ခြားတွင် အခက်အခဲမျိုးမျိုးကို ကျော်လွှားကာ တပည့်တော်တို့တတွေကို ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို မမေ့ကြရန်နှင့် လူမျိုးမရွေး ဘာသာမရွေးတို့အား ဗုဒ္ဓဘာသာတရားတော်များနှင့် ဗုဒ္ဓဘာသာယဉ်ကျေး မှုများကို သိရှိကြစေရန် စွမ်းအားရှိသလောက် သင်ကြားပို့ချကြပါသည်။ ထိုကျေးဇူးဂုဏ်တော်တို့ကို အာရုံပြု၍ တပည့်တော်တို့ကလည်း သာသနာအဓွန့်ရှည်ကြာတည်နိုင်ရေးအတွက် ထုံးတမှုန့် သဲတပွင့်ပမာ ကုသိုလ်ပါဝင်၍ စွမ်းအားရှိသလောက် ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့ကြပါသည်ဘုရားတဲ့။ သာသနာတော်တိုးတက်ပြန့်ပွားရေးအတွက် တကယ့်ကိုကောင်းမွန်မြင့်မြတ်တဲ့ စိတ်ထားတွေပါ။

သူတို့မောင်နှံစိတ်တူကိုယ်တူ လှူဒါန်းနေတာကို သိရလို့ ဘုရားရှင်လက်ထက်က နကုလာမာတာနဲ့ နကုလပိတာ ဇနီးမောင်နှံကို သတိရမိပါတယ်။ ဘုရားရှင်လက်ထက်က နကုလပိတာနဲ့ နကုလာမာတာအမည်ရတဲ့ အလွန်ရင်း နှီးချစ်ခင်ကြတဲ့ ဇနီးမောင်နှံ ရှိခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံကို ဘုရားရှင်က ဘုရားရှင်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့စကားကို ပြောဆိုသူတွေထဲမှာ အသာဆုံး၊ အမြတ်ဆုံး ဇနီးမောင်နှံလို့ ဧတဒဂ် ထားတော်မူပါတယ်။ သူတို့ ဇနီးမောင်နှံဟာ ဘဂ္ဂတိုင်း သံသုမာရဂိရိမြို့မှာနေကြပြီး ဘုရားရှင် သုသုမာရဂိရိမြို့တောင်ဖက်ရှိ ဘေသလကတောအုပ်မှာ အဌမမြောက် ၀ါဆိုရန်အတွက် ကြွရောက်လာတဲ့အခါ မြို့သူမြို့သားတွေနဲ့အတူ အဘွားအို ဇနီးမောင်နှံကလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုဖူးမြှော်ကြပါတယ်။

အဘိုးအဘွားဇနီးမောင်နှံလည်း ဘုရားရှင်ကိုဖူးမြင်ရတဲ့အခါ သားအရင်းကိုတွေ့ရသလို ချစ်ခင်ရင်းနှီးသည့်စိတ်ဖြစ်ပေါ်လာပြီး ဘုရားရှင်ရဲ့ခြေတော်ရင်းမှာ ဦးခိုက်ကာ သား … ဘာကြောင့် မိဘနှစ်ပါးကို ဒီလောက်အကြာကြီး ပစ်ထားရပါသလဲလို့ ရင်းရင်းနှီးနှီး ပြောဆိုနှုတ်ဆက်ကြပါတယ်။ အဘိုးအဘွားဇနီးမောင်နှံနဲ့ ဘုရားရှင်က ဘ၀ပေါင်းငါးရာ မိဘတော်စပ်ခဲ့ဖူးပြီး ဘထွေး၊ ဘကြီး၊ ဦးရီး၊ မိထွေး၊ မိကြီး၊ အရီး စသဖြင့် ဘ၀ပေါင်း ငါးရာစီ ဆွေမျိုးတော်စပ် ခဲ့ဘူးလို့ သားဘုရား ဆွေမျိုးဘုရားအနေနဲ့ ရင်းနှီးချစ်ခင်နေတာပါ။ မြတ်စွာဘုရားရဲ့ တရားတော်ကိုနာကြားရတဲ့အခါ အဘိုးအဘွားနှစ်ယောက်လုံး သောတပန်ဖြစ်သွားကြပါတယ်။

ဘယ်လောက်တောင် ဘုရားရှင်နဲ့ ရင်းနှီးကျွမ်းဝင်ကြလည်းဆိုရင် တခါတုန်းက ဘုရားရှင်နံနက်ပိုင်း အဘိုးအဘွားအိမ်ကို ဆွမ်းခံကြွတော်မူတဲ့အခါ သူတို့ရဲ့ လူမှုရေးကိစ္စကိုတောင် လျောက်ထားပါတယ်။ သူတို့ဇနီးမောင်နှံဟာ ငယ်ရွယ်စဉ်ကတည်းက ထိမ်းမြားလက်ထပ်ထားကြတာပါတဲ့။ အခြားအမျိုးသား အမျိုးသမီးတို့အပေါ်မှာ ကာယကံမြောက်ကျူးလွန်ဖို့ မဆိုထားနဲ့ စိတ်နဲ့တောင် ပစ်မှားကျူးလွတ်ဘူးခြင်းမရှိပဲ တစ်ဦးအပေါ် တစ်ဦး သစ္စာရှိကြောင်း၊ ခုဘ၀မှာရော နောင်ဘ၀တွေမှာပါ ပြန်လည်ဆုံဆည်းကြလိုကြောင်း လျှောက်ထားကြပါတယ်။ အဘိုးအဘွားတွေရဲ့လျှောက်ထားချက်ကို ဘုရားရှင်က ကဲ့ရဲ့ဝေဖန်ခြင်းမရှိပဲ ဘ၀များစွာ အတူတကွနေထိုင်လိုကြရင် ကျင့်သုံးရမယ့်အကျင့်လေး မျိုးကို ဟောကြားတော်မူပါတယ်။

(အကျင့်လေးမျိုး)
၁။ သမသဒ္ဓါ – တူမျှတဲ့ သဒ္ဓါတရား
၂။ သမသီလာ – တူမျှတဲ့ အကျင့်သီလ
၃။ သမစာဂါ – တူမျှတဲ့ စွန့်ကျဲပေးကမ်းမှု
၎။ သမပညာ – တူမျှတဲ့အသိဉာဏ်ပညာ

ဒီအချက်လေးချက်ကို တူမျှအောင်ကျင့်သုံးနိုင်ရင် ဒီဘ၀မှာရော နောင်တမလွန်ဘ၀တွေမှာပါ အတူတကွဆုံဆည်းကြရမယ်လို့ ဟောကြားတော်မူပါတယ်။ ဦးခင်မောင်သိန်းနဲ့ စစ်ကိုင်းစိမ်းစိမ်းတို့ ဇနီးမောင်နှံလည်း အကျင့်လေးမျိုးကျင့်သုံးခဲ့လို့ ဒီဘ၀မှာ စိတ်တူကိုယ်တူနဲ့ နောင်လှူရင် မယ်ဝမ်းမြောက်၊ မယ်လှူရင် မောင်သာဓုခေါ်တဲ့ ဇနီးမောင်နှံတွေဖြစ်နေကြတယ်ဆိုတာ မလွဲနိုင်လောက်ပါဘူး။ နေရာဒေသ ဝေး နီး မရွေး ကိုယ်တိုင်ကိုယ်ကျ သာဟတ္ထိကဒါမြောက် လိုက်လံလှူ ဒါန်းနေတာကိုကြည့်ရင် ကုလာမာတာတို့လို ဘ၀များစွာကတော်စပ်ခဲ့ဘူးတဲ့ သားရဟန်း၊ တူရဟန်း၊ မြေးရဟန်းတွေကို လှူဒါန်နေတယ်လို့တောင် ထင်မိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဘ၀များစွာသံသရာမှာ ဆွေမျိုးမတော်စပ်ခဲ့ဘူးကြ တဲ့သူ မရှိလို့ ဘုရားရှင်ကလည်း ဟောတော်မူခဲ့တယ်မဟုတ်လား။

အတော်အတန် သဒ္ဓါတရားရှိယုံနဲ့ ဒီလိုဆောင်ရွက်နိုင်ဖို့ဆိုတာကလည်းလည်း မလွယ်ဘူးလေး။ ဒါကြောင့် ဆရာမကြီးဆို့ ဇနီးမောင်နှံလည်း နကုတာပိတာနဲ့ နကုလမာတာဇနီးမောင်နှံတို့လို အထက်ပါအကျင့်လေးမျိုးကို ကျင့်သုံးနိုင်ပြီး နိဗ္ဗာန်မျက်မှောက်မပြုမီ ဘ၀များစွာ ချစ်ချစ်ခင်ခင်နဲ့ ဆုံဆည်းနိုင်ကြပါစေ။ သာသနာတော်အကျိုးကိုလည်း ဒီထက်မက ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်မေတ္တာ ပို့သလိုက်ပါတယ်။

ပုဗ္ဗေ၀ သန္နိဝါသေန၊ ပစ္စုပ္ပန္န ဟိတေန၀ါ။
ဧ၀ံတံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။ (ဒုကနိပါတ်၊ သာကေတဇာတ်)

ကြာပန်းသည် ရေကိုမှီ၍ဖြစ်သကဲ့သို့ ချစ်ချင်းဆိုတာကလည်း ရှေးကအတူနေခဲ့ဖူးခြင်း၊ ပစ္စုပ္ပန်၌ အကျိုးဆောင်ပေးခြင်းဟူသော အကြောင်းနှစ်ပါးကြောင့် ဖြစ်ပေါ်လာ၏။ ။

ဦးလွန်းတင်၏ ရေဆေးပန်းချီအား သရုပ်ဖော်ပုံအဖြစ် အသုံးပြုထားပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts