>May Ka – Twilight over Burma.

>

မြူတိမ်ဝေေ၀ … တောင်ခိုးဝေးဝေး (၁၅)
မေခ
နိုဝင်ဘာ ၁၁၊ ၂၀၁၁



စက်တင်ဘာနေ့ရက်များ ကုန်လွန်သောအခါ အရှေ့စံအိမ်တော်တခုလုံး စိတ်လှုပ်ရှားစွာဖြင့် ဆူညံနေကြတော့သည်။ ဗေဒင်ဆရာ ဆရာ ဘဟန်က ၁၁ လပိုင်း လဆန်း ၁၁ ရက်နေ့သည် မင်္ဂလာပွဲပြုလုပ်ဖို့ အသင့်တော်ဆုံးနေ့ဟု သတ်မှတ်ပေးသည်။ စ၀်က သူမ၏မွေးနေ့နှင့် နက္ခတ်တာရာများကိုအသေအချာတွက်ချက်ပြီး မင်္ဂလာနေ့ရက်ကို ဆုံးဖြတ်ခိုင်းလေသည်။

အသေးစိတ်ပြင်ဆင်ချိန်မှာ၂ လမျှသာကျန်ရှိတော့လေသည်။ အခမ်းအနားအတွက် အပြင်လူများဝင်ရောက်လာလျှင် ကြိုတင် အကြောင်း ကြားထားဖို့ လိုအပ်ကြောင်းဆုံးဖြတ်ထားခဲ့သည်။ သူ၏ ပွဲဖြစ်မြောက်ရေးဝန်ကြီးများကို သူက ယုံကြည်စိတ်ချစွာ အပ်နှံထားလေသည်။

မန္တလေးမှလာကြသော ရတနာကုန်သည်၊ ပိုးရက်ကန်းသည်၊ အပ်ချုပ်သမ၊ ဒီဇိုင်းဆရာတို့သည် သုစန္ဒာကိုပြင်ဆင်ပေးဖို့ အရှေ့ စံအိမ်တော် ကို ရောက်ရှိလာကြတော့သည်။ ဧည့်ခန်းသည် ကာလာရောင်စုံဖြင့် အ၀တ်အစားပြပွဲလိုဖြစ်နေတော့သည်။ မြန်မာလက်မှုပညာ သည်များ သည် သူတို့၏ တောက်တောက်ပြောင်ပြောင် ပိုးထည်နမူနာများနှင့် လက်ဖြင့်ထိုးထားသော ပြင်သစ်ဝိုင် ဘာဂန်ဒီရောင်ကောဇောများ ကို ပြကြသည်။

အရပ်ရှည်ရှည် ကုလားရတနာကုန်သည်က ကတ္တီပါလင်ပန်းပေါ်တင်ထားသည့် လင်းလက်တောက်ပနေသော စိန်များ ပတ္တမြားများကို အလင်းရောင်ကောင်းကောင်းရသောနေရာတွင် ပြသနေကြသည်။ သုစန္ဒာယောင်းမ ချယ်ရီက သိမ်မွေ့လှပယဉ်ကျေးမည့် အမျိုးမျိုးသော ရတနာ ပိုးထည် ကတ္တီပါစတို့ကို ကူရွေးချယ်ပေးသည်။ မန္တလေးပိုးချိတ်များသည် တိုင်းယိုင်ပိုးချိတ်ထက် ပိုမိုလေးလံပြီး ရှုပ်ထွေးလှပသော ဒီဇိုင်းများဖြင့် တရက်လျှင် နှစ်လက်မမျှသာ ရက်လုပ်နိုင်လေသည်။

သုစန္ဒာသည် အကွက်စိတ်ဒီဇိုင်းပုံစံကို ပန်းရောင်ရင့်ရင့်နှင့် အဖြူနောက်ခံပေါ်တွင် အ၀ါရောင်တောက်တောက်ဖြစ်သော ဂန္တ၀င် ထီးဟန် နန်းဟန် အ၀တ်မျိုးကိုရွေးလိုက်သည်။ မန္တလေးမှ အပ်ချုပ်သမများရောက်လာသောအခါ သူမကို အင်္ကျီကိုယ်တိုင်းကြသည်။ချုပ်မည့်ပုံမှာ ပိုက်ဆံအလွန်ဖြုန်းတီးကာ ရာစုနှစ်ပေါင်းများစွာက ၀တ်ခဲ့ကြသောပုံမျိုးကိုချုပ်ကြလေသည်။ ထိုထိုင်မသိမ်းအင်္ကျီက ရိုးသော်လည်း လှ လေ ၏။ကိုယ်ကြပ်အင်္ကျီ ရှည်လျားသောအနား ခြေခတ်တွင် လက်ဖြင့်ရက်ဖောက်ထားသောပိုးထမီကို ရွေးလိုက်သည်။ သူမက စမ်း ၀တ်ကြည့်လိုက်သောအခါ ထိတ်လန့်သွားရသည် “မွိုင်း လုပ်ပါဦး။ ကျမ လမ်းလျှောက်လို့မရတော့ဘူး။ တုန့်နေပြီ။ ထမီဝတ်ကျင့်ရဦးမယ် ထင်တယ်”

“ဟုတ်ပါ့ မယ်မယ် ရယ်။ နည်းနည်းလောက် ကျင့်လိုက်ရင် အသားကျသွားမှာပါ” သူမ၏ အထိန်းတော်ကြီးက ကြည်လင်ရွှင်ပျစွာဖြင့်ပြောရင်း က တုန့်နေသောထမီဖြင့် လမ်းလျှောက်ပုံကို သင်ပြလေသည်။

“တိုင်းယိုင်ခွန်မိန်းရဲ့ မဟာဒေ၀ီတွေအားလုံးနဲ့ မြန်မာဘုရင်ရဲ့မိဖုရားတွေအားလုံး ဒီလို နန်းစဉ်ထမီမျိုးပဲဝတ်ကြတာ” မွိုင်းက ထပ်ဖြည့်ပြော လေသည်။

“ထိုင်ရတာကလွဲလို့ ဒီလိုအ၀တ်အစားနဲ့ ဘယ်လိုများနေထိုင်ကြမလဲ ကျမတော့ တွေးကြည့်လို့ကိုမရပါဖူး” သုစန္ဒာပြောရင်းက ထိုင်ခုံပေါ် တွင် ကျက်သရေရှိစွာထိုင်ချလိုက်သည်။ ထိုအချိန်တွင် ထမီအသားခြင်း ညှိသံထွက်ပေါ်လာသည်ကို သူမကြားလိုက်ရသည်။ သည်ထမီဖြင့် နည်းနည်းပါးပါးလျှောက်တာကလွဲလို့ ၀တ်ရအတော် ဒုက္ခရောက်မှာပဲဆိုတာ သိလိုက်လေသည်။ သို့သော် မွိုင်းက အပ်ချုပ်သမကိုခေါ်ပြီး ထမီဝတ်လေ့မရှိသော အနောက်တိုင်းသူ တယောက်အတွက် တိုင်းယိုင်ရိုးရာထမီကို တိုင်းယိုင်အကြည့်တွင် ကြောင်လျှောက်သလိုလျှောက်နိုင်ပြီး အဆင်ပြေပြေ၀တ်နိုင်ရန် အနည်းငယ်ပြင်ဆင်ပေးဖို့ သူကပဲ ဦးစီးစီမံပြောဆိုခိုင်းလိုက်လေသည်။

ပွဲတော်ကျင်းပရေးဆိုင်ရာဝန်ကြီး ခွန်ထွန်းသည် နေ့စဉ်သူတာဝန်အနေဖြင့် အရှေ့စံအိမ်တော်ကို ရောက်ရှိလာသည်။ သုစန္ဒာက စုံစမ်း သည်။ “ဖိတ်စာ ဘယ်လောက်ပိုထားပြီးပြီလဲ”

“ငါးရာ ပါ မဟာဒေ၀ီ” သုစန္ဒာထံမှ နောက်ထပ်တိုးပို့လို့ပြောလေမလားဟု သူမျက်နှာမှာ စိုးရွံ့နေဟန်ပြရင်းက ဖြေလေသည်။
“ရှင်ထပ်ပြီး ဖိတ်စာတွေပိုရလိမ့်ဦးမယ်” ဆုံးဖြတ်ထားပြီးဟန်ဖြင့် သူမကပြောလိုက်သည်။

“ကျမကြားတာကတော့ သိပ်အရေးကြီးတဲ့ ပုဂ္ဂိုလ်တဒါဇင်လောက် အခုထိ ဖိတ်စာမရကြသေးဖူးတဲ့”
“တောင်းပန်ပါတယ် မဟာဒေ၀ီ၊ ဖိတ်ဖို့ကျန်တဲ့လူစာရင်း ကျွန်တော့်ကိုပေးပါ” ခွန်ထွန်း တောင်းပန်လေသည်။

“ကျမဘယ်သွားသွား ထောင်ပေါင်းများစွာရှိတဲ့ ဖိတ်စာတောင်းတဲ့လူတွေ အတင်းလိုက်နေတာပဲ။ ကျမတို့က အရှေ့စံအိမ်တော်မှာ အထူး ဧည့်သည်တော် ငါးရာစာပဲတက်ရောက်ဖို့ ပြင်ထားတာမဟုတ်လား ။ ဒါပေမဲ့ ကျန်တဲ့လူတွေအတွက်က တပတ်လုံးပွဲလုပ်ပေးပြီး ပုံစံမျိုးစုံနဲ့ တက်နိုင်တာပဲ”
“မယ်ဘုရားမှန်တယ်လို့ ကျွန်တော်ထင်ပါတယ်”

သုစန္ဒာက စိတ်ပျက်စွာဖြင့်ပြောလိုက်သည်။ “ရှင့်အတွက် ဖိတ်ရမဲ့နာမည်တွေ ကောင်းကောင်းထားခဲ့ပါ့မယ်”

နမ့်ပန်းက လူတွေသည် ဈေးမှာ၊ လက်ဖက်ရည်ဆိုင်မှာ၊ ဘုန်းကြီးကျောင်းတွေမှာ အိမ်တွေမှာ မင်္ဂလာပွဲအကြောင်းပဲ ဆွေးနွေး နေကြလေ သည်။ သူတို့က အလွန်အရေးကြီးသော မေးခွန်းများအတွက် အကြံပေးကြသည်။ ဘယ်သူတွေကို ဖိတ်မှာလဲ၊ ၀ိညာဉ်တွေက သဘောကျတဲ့ လက္ခဏာပြမပြနှင့် သူတို့မဟာဒေ၀ီ ဘာဝတ်မှာလဲ။

လူအများစုသည် သူတို့ကောင်းကင်၏အရှင် ခွန်မိန်းအတွက် ပျော်ကြပြီး ၀မ်းသာကြသည်။ ထိုအကြောင်းပြချက်များကြောင့် သူတို့အတွက် ပွဲလုပ်ပေးရခြင်းဖြစ်လေသည်။ နောက်ဆုံး၌ကြည်လင်သော နိုဝင်ဘာနံနက်ခင်းတွင် အရှေ့နမ့်ပန်းရှိလူတွေသည် ပွဲစဖို့ အဆင်သင့် ဖြစ် နေလေပြီ။ ပထမထပ်အတွင်းရှိ အိမ်ထောင်ပရိဘောဂများအားလုံးဖယ်ထုတ်လိုက်ပြီး ကျွန်းပါကေးကြမ်းခင်းပေါ် ထူထဲသည့် ကောဇောများ ကို ခန်းလုံးပြည့်ခင်းထားလိုက်သည်။ ဆယ်စုနှစ်ကျော်ကျော်သိမ်းဆည်းထားခဲ့သော ရွှေပလ္လင်ကို ဧည့်ခန်းကျယ်ကြီးထဲရှိ စင်လေးပေါ် ပြန်တင် ထားလိုက်သည်။ ပလ္လင်ပေါ်တွင် ရွှေချည်ထိုးထားသော နီရဲရဲ ကတ္တီပါအခင်းကိုလွှမ်းထားရာ နူးညံ့သိမ်မွေ့ပြီး ဖိတ်ခေါ်နေသလိုရှိလေ သည်။ စ၀်က ပလ္လင်ကိုကြည့်လိုက်ပြီး ပလ္လင်ထောင့်လေးထောင့်တွင်တပ်ထားသော ကြီးမားသော ထီးဖြူလေးလက်ကို အစောင့်များအား ဖြုတ်ခိုင်းလိုက်သည်။

ထီးဖြူလေးလက်သည် သူ့အဖိုးစ၀်ခွန်စိန်တည်ဆောက်ခဲ့သော ဒုတိယကမ္ဘာစစ်အတွင်းက ပျက်စီးသွားခဲ့ပြီဖြစ်သည့် စံအိမ်တော်ဟောင်းအတွက်သာသင့်တော်ပြီး အခု ခေတ်သစ်စံအိမ်တော်အတွက်မဟုတ်ဟု ဆိုလေသည်။

သို့သော်ငြားလည်း အခမ်းအနားကို နေ့လယ်တနာရီတွင် စတင်ခဲ့လေသည်။ ဧည့်သည်များသည် နံနက်စောစောကပင်တဖွဲဖွဲရောက်လာခဲ့ကြသည်။ စံအိမ်တော်မှ တေးဂီတများဖြင့်ဖျော်ဖြေနေသည်။ ဧည့်ခံဖို့ လူများအသင့်ရှိနေကြသည်။ စားစရာ သောက်စရာများလည်း အသင့်ဖြစ်နေလေသည်။ သုစန္ဒာသည် မနက်ဆယ်နာရီကစလို့အ၀တ်အစားများ ပြင်ဆင်လေသည်။ သူမအား မွိုင်း၊ များစွာသော ညီအမများ၊ နမ့်ပန်းပြည်နယ်၏ ၀န်ကြီးကတော်များ က၀ိုင်းဝန်းကူညီပေးကြလေသည်။ သူမ၏ အိပ်ခန်းက ကုတင်ကြီးပေါ်တွင် သူမ၀တ်မည့် အ၀တ်အစားများ ၊ ဆံထုံးများ၊ နှင့် လက်ဝတ်ရတနာများကို တင်ထားလိုက်သည်။ သူတို့သည် သူမ၏ ရင်ပုံကို တင်းတင်းဖိပြီး ကြပ်ကြပ်စည်းကြလေသည်။ သူမကို တိုင်းယိုင်မတွေလို ရင်သားပြားပြားဟန်ဖြစ်စေချင်ကြပုံရလေသည်။ ပြီးနောက်သူမ၏ ဒူးထိရှည်သောဆံပင်ကို လိမ်ကျစ် ဆွဲဆောင့်နေကြသောကြောင့် သူမက ဖြတ်ပစ်လိုက်တာပဲကောင်းပါတယ်ဟု ခြိမ်းခြောက်လိုက်မှ ရပ်ကြလေသည်။ သူမသာမပြောလျှင် နာကျင်သော ဝေဒနာကို အချိန်မည်မျှကြာအောင် ခံနေရမည် မသိချေ။

နောက်ဆုံးမတော့ သုံးနာရီအကြာတွင် ခေတ်သစ် မော်ဒန်မိန်းမတယောက်သည် ပုံပြင်ထဲက မင်းသမီးပုံသို့ လုံးဝ အပြီးဘ၀ပြောင်း သွားတော့သည်။ နောက်ဆုံးတွင် သုစန္ဒာသည် သုံးဘက်မြင်ကိုယ်လုံးပေါ်မှန်ကြီးရှေ့တွင် ရပ်ပြီးတည့်တည့်ရင်ဆိုင်ကြည့်လိုက်သောအခါ သူမ၏မျက်လုံးကိုပင် မယုံနိုင်ဖြစ်ရလေသည်။ ပန်းရောင် အ၀ါရောင်နှင့် အဖြူရောင်ပေါ်တွင် လေးလံသော ရွှေဒေါင်းပုံကို ဇာပန်းထိုးထား သည့် နန်းဆန်နန်းဟန်အကသည် သူမကိုယ်နှင့် ချပ်ချပ်ရပ်ရပ် အနေတော်ဖြစ်နေသည်။ သူမ၏ သွယ်လျလျ မြင့်မြင့်အရပ်ကို တင်းတင်း ဖက်ထားသလို ထိုင်မသိမ်းထမီက လိုက်ဖက်နေသည်။ပုဝါတွင်လည်း ရွှေဒေါင်းပုံ ဇာပန်းထိုးထားပြန်သည်။ လည်ဆွဲမှာမူ စိန်ကို ရွှေများ အိနေအောင် ရံထားသည်။ သူမ၏ ရွှေအိုရောင်ဆံစရှည်ရှည်ကို ရိုးရိုး ရှေးဂန္တ၀င်ဟန် နန်းဆန်ဆန်ထုံးထားပေးသည်။

သဘာဝ သရဖူဆောင်းထားသလို ဆံထုံးပေါ်တွင် ငါးကာရက်စီရှိသောစိန်တုံးများကို ဘီးပေါ်တွင်ဖဲချပ်လေးတွေလို စီထည့်ထားလေသည်။ဝင်းဝင်းတောက်နေသော စိန်လက်ကောက် လက်လက်ထနေသောလက်စွပ်တို့ဖြင့် သူမသည် ပီဘိပုံပြင်ထဲက မင်းသမီးလေးလိုခံစားနေရ လေသည်။ သုစန္ဒာအံ့အားသင့် ကြက်သေသေမိတော့သည်။ မှန်ထဲမှာတွေ့နေရသော ကောင်မလေးသည် ဂျာမဏီက သာမာန်ကောင် မလေး တယောက်ဖြစ်သည်။ ထိုကောင်မလေးသည် တောင်တက်တတ်ပြီး သူမအဖေ၏စက်ဘီးနောက်ကစီးပြီး ကျောင်းတက်ရသည်။

သုစန္ဒာသည် အခန်းအပြင်သို့မထွက်မှီ သူမ၏ အိပ်ခန်းလုံခြုံမှုအတွက် တွန့်ဆုတ်နေမိသည်။ မှန်ထဲမှာမြင်နေရသော ပုံပြင်ထဲက မင်းသမီး လေးသည် သည်အချိန်မှာပေါ်လာသော အရိပ်သဏ္ဍာန်တခုမဟုတ်တာကို သေချာအောင်လုပ်ဖို့လိုအပ်သည်။ သူမသည် ရန်ကုန်ဆိပ်ကမ်း သို့ ဂျာမဏီမှရောက်လာခဲ့သော ချည်အင်္ကျီဝတ်ထားသည့် ကောင်မလေးဖြစ်တာအလွန် သေချာသည်။ သူမသည် စိတ်ချမ်းသာပြီး မာန်မာန မရှိသလိုခံစားရသည်။ ပြီးနောက် သူမသည် စ၀်၏ဘေးတွင် ပို၍ယုံကြည်မှုအပြည့်ဖြင့် နေနိုင်ပြီဖြစ်သည်။ သည်အဖြစ်တခုက အပါအ၀င်ဖြစ်လေသည်။

သို့သော် ထိုအချိန်တွင် မွိုင်းသည် ရေးကြီးသုတ်ပြာ စိတ်လှုပ်ရှားစွာဖြင့် အထောက်တော်အနေနှင့်ရောက်ရှိလာပြီး သုစန္ဒာကိုပြောသည်။ “စ၀်ဘုရားက အပေါ်ထပ်မှာ စောင့်နေတယ်။ မယ်ဘုရားကိုစောင့်ပြီး အခမ်းအနားကိုခေါ်လာခဲ့ပါတဲ့” နောက်မိနစ်အနည်းငယ်တွင် လူငါးရာကျော်၏ စူးစမ်းသော မျက်လုံးအစုံတွေက သူမအပေါ် စုပြုံကြည့်ကြတော့မည်ကိုတွေးကြည့်လိုက်သောအခါ ရုတ်တရက် ကြောက်ရွံ့လာပြီး ပျော့ခွေကျသွားမတတ်ခံစားရလေသည်။ သူမ၏လက်နှင့်ခြေတို့သည် ရေခဲလိုအေးစက်သွားသော်လည်း ခန်းမကြီး အတွင်းမှာတော့ နိုဝင်ဘာ၏နေကြောင့် နွေးနေသည်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts