>Kama Pale – Tomorrow Poem

>

မနက်ဖြန် … ကိစ္စ
ကမာပုလဲ၊ နိုဝင်ဘာ ၉ ၊ ၂၀၁၁

ခုတလော…လေထုထဲ
ပါးစပ်ဖျား မချ
ပြောပြောနေကြတာ
မနက်ဖြန် ကိစ္စဖြစ်တယ်။

မနက်ဖြန်မှာ
သားတော်မောင် ရွှေအိုးထမ်း ပြန်လာလေမလား
ပြဒါးတွေ … သံတွေ … သေလို့
နေ့ချင်း ညချင်းကိုပဲ
တဆွေလုံး တမျိုးလုံး ဖုတ်သွင်းရထား ဆိုက်လေမလား…
တတိုင်းပြည်လုံးပဲကြွယ်ဝချမ်းသာတော့မှာလား …။

မနက်ဖြန် မရောက်သေးခင်
ဒီကနေ့ …
ဒီကနေ့ မရောက်ခဲ့ခင်
မနေ့က အတိတ်ကာလများ …
ခေတ်အဆက်ဆက် မက်ခဲ့တဲ့ အိပ်မက်ဟာ
ဘာများပါလိမ့် …
ဘယ်သူ မှတ်မိကြသေး သလဲ
မနက်ဖြန်အတွက်
ပွဲတက်ဝတ်စုံ ကောင်းကောင်း တစုံသာ …။

ဘယ်လို နတ်ဘုရားမျိုးကိုများ
ဘ၀ကို ပုံအပ်လို့ ယုံကြည်ကိုးကွယ်ရပါ့မလဲ
အဆိုးရွားဆုံး
အမှောင်ဆုံး
နှစ်ကာလများ
… … … ……  များ။

မနက်ဖြန်ဟာ ပေးစာကမ်းစာလား
မနက်ဖြန်ဟာ မရိုးသားမှုရဲ့ကြွယ်ဝယစ်မူးမှုလား
မနက်ဖြန်ဟာ ညင်ညင်သာသာဒူးထောက်အညံ့ခံရေးလား။

မနက်ဖြန်ဟာ
ပင်လယ်ကို ဖြတ်မကူးရဲသူအတွက်
ရသေ့စိတ်ဖြေ စမ်းချောင်းကလေး ။

မနက်ဖြန်ဟာ
ယုံတမ်း ပုံပြင် တပုဒ် …။

မနက်ဖြန်ဟာ
ချစ်ခြင်းမေတ္တာတရားအတွက် ဆူးခက်သရဖူ …။

မည်သို့ ဖြစ်စေ
မနက်ဖြန်ဟာ
ခေတ်အဆက်ဆက်
ယုံယုံကြည်ကြည်မက်ခဲ့တဲ့ … အိပ်မက်
သစ္စာမြဲသူတို့ … ခေတ်ဦး
လွတ်မြောက်ရေးရဲ့ …..
အရုဏ်ဦးစစ်စစ် … ဖြစ်ရမယ် ။    

နိုဝင်ဘာ ၃၊ ၂၀၁၁


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts