သန်းဝင်းလှိုင်

သန်းဝင်းလှိုင် – အာဏာရှင် ဗိုလ်နေ၀င်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၁၂)

အာဏာရှင်ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၁၂)
သန်းဝင်းလှိုင်
နိုဝင်ဘာ ၂၅၊ ၂၀၁၃

နောက်ဆုံးခရီး
ဦးနေ၀င်းသည် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ကို ထူထောင်ကာ ၂၆ နှစ်တိုင်တိုင် လူထုအား နည်းမျိုးစုံဖြင့် နှိပ်ကွပ်ဖိနှိပ် စိုးမိုးအုပ်ချုပ်ကာ သယံဇာတပေါကြွယ်၍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်နေသော မြန်မာနိုင်ငံတော်အား ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်ဖြစ်အောင် ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်သွားခဲ့သည်။ 
ဦးနေ၀င်း ၂၆ နှစ်တိုင်တိုင် အာဏာရှင်စနစ်ဖြင့်  ထင်သလို အုပ်စိုးသွားခြင်းနှင့် ပတ်သက်၍ ၁၉၈၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ဗဟန်းမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့သော လူထုအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က –
“၂၆ နှစ်အတွင်း မဆလ တစ်ပါတီ အာဏာရှင်စနစ်အောက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေဟာ ဘယ်သူတွေကြောင့် ပေါ်ပေါက်လာရတဲ့ ပြဿနာတွေလဲ။ ပထမဦးဆုံး ကိုယ့်ကိုယ်ကို ပြန်ကြည့်ရမယ်။ ကျွန်မတို့ ပြည်သူလူထုမှာလည်း အပြစ်မကင်းပါဘူး။ တိုင်းပြည်တစ်ပြည်မှာ ပေါ်လာတဲ့ နိုင်ငံရေးစနစ် ဆိုတာဟာ ပြည်သူလူထုနဲ့ အများကြီး ဆိုင်ပါတယ်။ ကျွန်မတို့ ပြည်သူလူထုဟာ အားနည်းချက်တွေရှိလို့သာ စစ်အာဏာရှင် စနစ်ဟာ ပေါ်ပေါက်လာတာပဲ။ 
တပ်မတော်ကို ပထမဆုံးတည်ထောင်တုန်းက ပြည်သူလူထုထဲက ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အစဉ်အလာ ကောင်းကောင်းနဲ့ ပြည်သူလူထုအကျိုးကို ထမ်းဆောင်ဖို့ဆိုပြီး တပ်မတော်ကို ထူထောင်ခဲ့တာပဲ။ ဒါပေမဲ့ တပ်မတော်ဟာ တဖြည်းဖြည်း ပျက်စီးသွားတယ်။ ဂုဏ်သိက္ခာဟာ ကျဆင်းသွားတယ်။ ဘာဖြစ်လို့လဲ၊ ဦးနေ၀င်းကြောင့်လို့ ကျွန်မတို့ ပြောနိုင်တယ်။ ဒါပေမယ့် ကျွန်မတို့ ပြည်သူလူထုအနေနဲ့ ဘာဖြစ်လို့ ဦးနေ၀င်းလို လူတစ်ယောက်ကို တိုင်းပြည်နဲ့ တပ်မတော်ကို ဖျက်ဆီးစေခဲ့သလဲ၊  ကျွန်မတို့မှာ အများကြီး တာဝန်ရှိပါတယ်။ အဲဒီတော့ တာဝန်အရ ကျွန်မတို့ ဒီကိစ္စတွေကို ပြန်ပြီးတော့ ပြုပြင်ရမယ်။ ဦးနေ၀င်းတစ်ယောက်တက်ပြီးတော့ လုပ်လိုက်တယ်ဆိုပေမယ့် လုပ်စေလို့သာ သူလုပ်ဖြစ်သွားတာပဲ။
အဲဒီတော့ ကျွန်မတို့ ပြည်သူလူထုမှာ အများကြီး တာဝန်ရှိတယ် ဆိုတာ နားလည်ရမယ်။ တခြားလူကိုပဲ လက်ညိုးထိုးနေလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ရပါမယ်။ ကျွန်မဆိုရင်တော့ လုံးလုံးလက်ခံပါတယ်။  မဆလ နဲ့ ဦးနေ၀င်းကြောင့် တိုင်းပြည်ဟာ ပျက်သွားရတယ်။ ဒါပေမယ့်လည်း မဆလနဲ့ ဦးနေ၀င်းတို့ တိုင်းပြည်အပေါ် (၂၆) နှစ်ကျော်ကျော် အခုထိ အုပ်စိုးစေခဲ့တဲ့ ပြည်သူလူထုမှာ တာဝန်အများကြီး ရှိပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ ဒီစနစ်တွေ ဒီနိုင်ငံက ပပျောက်သွားအောင် ဆက်ပြီးတော့ ရုန်းကန်ရမယ်။ ရုန်းကန်ဖို့ တာဝန်ရှိပါတယ်။  ကျွန်မတို့ လုပ်ခဲ့လို့ ဒီလိုဖြစ်တယ်။ ကျွန်မတို့ ပြန်ပြီးတော့ ပြုပြင်ရမယ်ဆိုတဲ့ စိတ်တွေ ထားရမယ်။ တခြားလူကိုပဲ လက်ညိုးထိုးနေလို့ မရပါဘူး” ဟူ၍ ပြောကြားခဲ့သည်။ 
ဦးနေ၀င်းသည် ရှစ်ဆယ့်ရှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးကြောင့် မဆလပါတီမှ နုတ်ထွက်သွားခဲ့ရပြီးနောက် ခေတ္တတိမ်မြုပ်နေခဲ့သည်။ ယင်းနောက် ၁၉၈၉ ခုနှစ် မတ်လ ၂၇ (၄၄) နှစ်မြောက် တပ်မတော်နေ့တွင် စစ်ဝတ်စုံအပြည့်ဝတ်၍ တပ်မတော် ညစာစားပွဲတွင် တပည့်လက်သား သွားလေသူ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်ကြီး သန်းရွှေ (နောင် ဗိုလ်ချုပ်မှူးကြီး) နှင့် အခြား ကြည်း၊ ရေ၊ လေ တပ်မတော်ခေါင်းဆောင်အချို့နှင့် စားပွဲတိုင်းတွင် အတူထိုင်ကာ လူထုအား ရယ်သွမ်း သွေးပြနေပုံကို ပထမဆုံး တွေ့မြင်ရသည်။  တဖန် ၁၉၉၇ ခုနှစ် စက်တင်ဘာလတွင် အင်ဒိုနီးရှား သမ္မတ ဆူဟာတိုထံ ခေတ္တအလည်သွားပြီးနောက် ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြန်သည်။ ထို့နောက် ဆေးစစ်မှုခံယူရန် အကြောင်းပြချက်ဖြင့် စင်္ကာပူသို့ သွားရောက်ခဲ့သည်။ 
သူ၏ နောက်ဆုံးခရီးစဉ်အဖြစ်  ထိုခရီးစဉ်၏ သတင်းဓါတ်ပုံတွင် ဇရာထောင်း၍ ဖွတ်ဖွတ်ကြေနေသည့် သူ၏ ရုပ်သွင်၌ အတ္တ၊ မာနတို့ လုံးဝမကျသေးကြောင်း ပေါ်လွင်နေသည်။ မူလပင်ကိုယ် စရိုက်ဆိုး၊ ဥာဉ်ဆိုး ၀ါသနာဆိုးတို့အရ  သူသည် အမြဲတမ်း ဗိုလ် လုပ်ချင်သူ ဖြစ်နေကား သူ့ကို ဗိုလ် တင်နိုင်မည့် ပရိတ်သတ်မျိုးကိုသာ ရှာခဲ့သည်။ ထိုပရိတ်သတ်မျိုးနှင့်သာ ပေါင်း၏။ ထိုပတ်ဝန်းကျင်၌သာ သူပျော်မွေ့၏။ သူသည် အနှစ်မရှိသော တော၌ ကြက်ဆူပင် ဖြစ်ရခြင်းကိုသာ ကျေနပ်ခဲ့သူဖြစ်သည်။ နောက်ဆုံး၌ အနှစ်မရှိသော ထိုပတ်ဝန်းကျင်၌ သူ့ဘဝ နေဝင်ခဲ့ရလေသည်။ 
သူသည် ပညာဥာဏ်နည်းပြီး လောဘသက္ကာယကြီးသူ  ဖြစ်သည်နှင့်အညီ သင်္ခါရတရားနှင့် ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် ဂမ္ဘီရဆန်ဆန် အယူသီးမှုများနှင့် လုံးထွေးရစ်ပတ်နေပြန်သည်။ သူသည် ဂဏန်းဗေဒင်အရ “၆” ဂဏန်းသမားဖြစ်ရာ “၉” ဂဏန်းကို သူ့ဘ၀၏ အရေးပါ အရာရောက်သော အကျိုးပေးဂဏန်းဟု မှတ်ယူထားသော ပုံရသည်။ ဗိုလ်ချုပ် စောမောင်ကို အာဏာသိမ်းခိုင်းရာမှာပင် “၉” ဂဏန်း သက်ရောက်စေရန် နဝတ ဟု အမည်ပေးခဲ့သည်။ 
(န = ၇ + ၀ = ၄ + တ = ၇ = ၁၈ = ၉) ထို့ပြင် ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးအား စက်တင်ဘာလ ၁၈ ရက်နေ့တွင် သူကိုယ်တိုင် တွက်ချက်၍ အာဏာသိမ်းခိုင်းသည်။ သူ့အသက် ၇၇ နှစ်တွင် အသက် ၉၉ နှစ်အထိ ဆွဲဆန့်လိုသဖြင့် ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် မည်သည့်နိုင်ငံမှ မထုတ်ဝေဖူးသော  ၄၅ ကျပ်တန်နှင့် ၉ဝ ကျပ်တန် ငွေစက္ကူကို ထုတ်ဝေခိုင်းခဲ့သည်။ 
တဖန် သူ့အသက် ၉ဝ တွင် အသက် ၉၉ နှစ်အထိ ဆွဲဆန့်လိုသဖြင့် အားလုံးပေါင်းလျှင် ၉ ဂဏန်းကျသော ၂၀၀၁ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ဆီဒိုးနားဟိုတယ်ကြီး၌ သိက္ခာရင့်ဝါကြီး ဆရာတော်ကြီး ၉၉ ပါးကို ပင့်ဆောင်ပြီး ဆွေမျိုးများနှင့် မဆလခေတ် တပည့်တပန်းများ အပါအ၀င် ဧည့်သည်တော် ၅၀၄ ယောက်ကို ဖိတ်ခေါ်၍ ဆွမ်းကပ်ခဲ့ပြန်သည်။ 
လောကအစီအမံများဖြင့် သူ့အသက် ၉၉ နှစ်အထိ ဆွဲဆန့်ခဲ့သော်လည်း သူ့ဆန္ဒမပြည့်ဝဘဲ ၉၂ နှစ်သာ အသက်ရှည်ခဲ့ရသည်။ မည်သို့ဆိုစေ… ဓမ္မပဒ၌ “ပညာလည်း မရှိ၊ တည်ကြည်ခြင်းလည်း မရှိသော သူ၏ အနှစ်တစ်ရာပတ်လုံး အသက်ရှည်ခြင်းထက် ပညာရှိ၍ ကမ္မဋ္ဌာန်းတရားကို ရှုသော သူ၏ တစ်ရက်တာမျှ အသက်ရှည်ခြင်းသည် သာ၍ မြတ်ပေ” ဟူသော တရားစကားကို သူသည် သိခဲ့ပုံ မပေါ်ချေ။ 
ယင်းနောက်  ၂ဝဝ၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော သူ့သမီး ခင်စန္ဒာဝင်း၏ လက်ထပ်မင်္ဂလာ ၂၆ နှစ်မြောက် အခမ်းအနားတွင် သူ့ကို မမြင်ချင်အဆုံး တဖန် တွေ့ရပြန်သည်။ သူတို့ အလျှံပယ် ကျွေးမွေးဧည့်ခံမှုနှင့် ပျော်ရွှင်မြူးတူး ကခုန်မှုများက မြန်မာပြည်တစ်ဝန်းတွင် ငတ်မွတ် ခေါင်းပါးကာ ဆင်းရဲတွင်းနက်နေသော ပြည်သူလူထု၏ ခံစားမှုဝေဒနာအပေါင်းကို ပြက်ရယ်မှုပြုသကဲ့သို့ ဖြစ်နေခဲ့ပြန်သည်။ 
ထို့နောက် မြန်မာစစ်အာဏာရှင်တို့၏ ခေါင်းဆောင်ကြီး ဦးနေဝင်းသည် သူ့ထက် လက်စောင်းထက်ခဲ့သော စစ်အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်၌ ၂၀၀၁ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် မအောင်မြင်သော အာဏာသိမ်းရန် ကြံစည်မှုဖြင့်  ဦးနေဝင်း အပါအဝင် သူ၏ အချစ်ဆုံးသမီး ခင်စန္ဒာဝင်း၊ ၎င်း၏သမက် အေးဇော်ဝင်းနှင့် သူ၏ မြေးချစ်များဖြစ်သည့် အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်း တို့သည် ဖမ်းဆီးအရေးယူခံရသည်။ ယင်းအမှုတွင် ခင်စန္ဒာဝင်းသည် အတွင်းကျကျ ပါဝင်ပတ်သက်ခဲ့သည် ဆိုသော်လည်း အစွပ်စွဲခံ သူ့ယောက်ျားနှင့် သားများ ထောင်ကျခဲ့ရသော်လည်းခင်စန္ဒာဝင်းနှင့်သူ့ဖခင်ဦးနေ၀င်းတို့မှာအိမ်တွင်အကျယ်ချုပ်ခံရသည်။ ခင်စန္ဒာ ဝင်းသည် ၂ဝဝ၈ ဒီဇင်ဘာ၁၅ ရက်နေ့ ကျမှ နေအိမ်အကျယ်ချုပ်မှ     ပြန်လည်လွှတ်သွားခဲ့သည်။
ထို့နောက် သမ္မတသစ် ဦးသိန်းစိန် တက်လာပြီးနောက် ပထမဆုံးအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ၂၀၁၂ ဇန်န၀ါရီလ ၂ ရက်နေ့၌ အမိန့်ကြေညာစာ အမှတ် ၁/၂၀၁၂ ဖြင့် ထုတ်ပြန်၍ နိုင်ငံရေးအကျဉ်းသား ၆၅၁ ယောက်ကို လွှတ်ပေးခဲ့ရာ ဦးနေဝင်း၏ မြေးဖြစ်သူ ဇွဲနေဝင်း နှင့် သမက်ဖြစ်သူ ဦးအေးဇော်ဝင်းတို့ ပြန်လည်လွတ်မြောက်သွားခဲ့သည်။ ကျန်မြေးများဖြစ်သည့် အေးနေဝင်း၊ ကျော်နေဝင်းတို့မူ ၂ဝ၁၃ ခုနှစ်နိုဝင်ဘာလ၁၅ရက်နေ့  ကျမှ သမ္မတဦးသိန်စိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် အရပြန်လည် လွတ်မြောက်သွားခဲ့သည်။
တချိန်က တန်ခိုးအာဏာ မည်မျှပင်ကြီးထွားစေခဲ့ပါမူ တစ်နေ့တွင် တန်ပြန်ခံရပြီး မကောင်းမှုစိတ်ဖြင့်  ပြုလုပ်ခဲ့မှု အစုစုသည် လှည်းဘီးသည် ၀န်ကိုဆောင်သော နွား၏ ခြေရာသို့ အစဉ်လိုက်ပါသကဲ့သို့ မကောင်းမှုသည် အစဉ်လိုက်သည်ကို  သူ သိရှိသွားမည် ထင်ပါသည်။
သို့သော်လည်း သူမကွယ်လွန်မီက မြန်မာနိုင်ငံ တရားသူကြီးချုပ်ဟောင်း ဦးတင်အောင်ဟိန်းနှင့် မဆလပါတီနည်းပြချုပ်ဟောင်း ဦးချစ်လှိုင်ခေါ် ကိုကိုမောင်ကြီးတို့နှင့်တွေ့ ဆုံစဉ်က အဲဒီတုန်းကသာ လယ်တီဆရာတော်ဘုရားကြီးရဲ့ တရားတွေကိုသာ သိခဲ့ရင် ၁၉၆၂ က အာဏာသိမ်းတဲ့ အလုပ်မျိုးကို ကိုယ်မလုပ်ခဲ့ပါဘူး ဟူ၍ ပြောကြားခဲ့သည်ဟု ဆိုသည်။ စာရေးသူကတော့ လုံးဝ မယုံကြည်ပါ။ ကိုကိုမောင်ကြီး၏ ဖြီးလုံးဖြန်းလုံးများဟုသာ ထင်မြင်မိပါသည်။ ဦးနေဝင်းသည် မည်သည့်အခါမှ တရားရမည့်သူ မဟုတ်ပါ၊ တောင်ထိပ်ကြာပေါက်၊ လိပ်ကျောကုန်း အမွှေးပေါက်၍ ဗျိုင်းမည်းလျှင်သာ မည်းမည်။ မည်သည့်အခါမှ တရားရလိမ့်မည် မဟုတ်ပေ။
ဤသို့ဖြင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဘဝဖြင့် ဦးနေဝင်းသည် ၂၀၀၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ သူ့အသက် ၉၂ နှစ်တွင် နောက်ဆုံးဇီဝိန်ချုပ်သွားခဲ့ရသည်။  သွားလေသူ ဆရာ့ဆရာကြီးအာဏာရှင် ဦးနေဝင်း၏ အသုဘကို နိုင်ငံတော်ဈာပနလုပ်ဖို့ ဝေးစွ၊ နဝတစစ်ခေါင်းဆောင်များ မည်သူမျှ လာရောက် အသုဘသတင်းမေးမြန်းမှုပင်မပြုခဲ့ကြချေ။ သူ၏ နာရေးသတင်းကို အစိုးရက တရားဝင်ထုတ်ပြန်ကြေညာမှု မပြုခဲ့သည့်အပြင် သူ၏ နာရေးသတင်းကို အစိုးရထုတ် သတင်းစားများ၌ သူကွယ်လွန်ပြီး ၃ ရက်အကြာ ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ကျမှ စာပေစိစစ်ရေး၏ ဖြတ်တောက်မှုဖြင့် မိသားစုက ထုတ်ပြန်ခွင့် ရခဲ့သည်။ သတင်းစာပါ နာရေးကြော်ငြာမှာ အောက်ပါအတိုင်း ဖြစ်သည်။
ဦးနေ၀င်း
အသက် (၉၃) နှစ်
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မေခလမ်း အမှတ် ၁၉ နေ (ဒေါ်ခင်မေသန်း) ၏ ခင်ပွန်း၊ (ဦးသိန်း) ၊ ဦးငွေစိုး၊ (ဦးအေးအောင်ဝင်း)၊ (ဒေါက်တာ ဒေါ်လဲ့လဲ့ဝင်း)၊ ဒေါ်သီတာဝင်း၊ ဒေါက်တာ သော်တာဝင်း၊ ဒေါက်တာ ခင်စန္ဒာဝင်း၊ ဦးဖြိုးေ၀၀င်း၊ ဒေါက်တာကြေးမုံဝင်းတို့၏ ဖခင် ဦးနေဝင်းသည် ၂ဝဝ၂ ခုနှစ် ၊ ဒီဇင်ဘာလ ၅ ရက်နေ့၊ နံနက် ဝ၇း၃ဝ အချိန်တွင် ဘ၀တစ်ပါးသို့ ပြောင်းသွား ကွယ်လွန်သည် ဖြစ်ပါ၍ ကာယကံရှင်၏ ဆန္ဒအရ ဒီဇင်ဘာလ ၅ ရက်နေ့ နေ့လည် ၁၃း၃ဝ အချိန်တွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်ပြီးစီးပါကြောင်း။
ကျေးဇူးရှင် ဖခင်ကြီး ဦးနေ၀င်း နာမကျန်းစဉ် ပြုစုကုသပေးခဲ့သော ပုဂ္ဂိုလ်များအားလုံးကို လည်းကောင်း၊ ဈာပနကိစ္စတွင် အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးသော ပုဂ္ဂိုလ်များကိုလည်းကောင်း၊ ကျန်ရစ်သူမိသားစုများမှ ကျေးဇူးတင်ရှိအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် တစ်ဦးချင်းကိုယ်စီကိုယ်င ကျေးဖူးတင်ရှိကြောင်းကို ကိုယ်တိုင်ကိုယ်ကျ မပြောဆိုနိုင်သည်ကို နားလည်သည့်အတွက် အထူးပင် ကျေးဇူးတင်ပါတယ်။ 
ကျန်ရစ်သူမိသားစု
ဟူ၍ ဖြစ်သည်။ 
မည်သို့ဆိုစေ အာဏာရှင်ဟောင်း ဦးနေ၀င်း၏ အသုဘကို သားသမီး ဆွေမျိုးရင်းချာ ၉ ဦးသာ လိုပါပို့ဆောင်ခွင့်ရ၍ “၉” ဂဏန်းကို ကြိုက်နှစ်သက်လှသော ဦးနေ၀င်း၏ နောက်ဆုံးခရီး၌ပင် “၉” ဂဏန်းသည် တိုက်ဆိုင်နေပေရာ မတော်တဆ တိုက်ဆိုင်မှုပင်လော၊ သို့မဟုတ် အာဏာရှင်တို့၏ နောက်ဆုံးဇာတ်သိမ်းပိုင်းသည် ဤသို့ပင် ဖြစ်တတ်ပါတကားဟု သံဝေဂ ရနေမိပါတော့သည်။ 
(ဆက်လက်၍အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ   (သို့  မဟုတ်)  နေပြည်တော်မင်းသားကြီးခေါင်းစဉ်ဖြင့်  ရေးသားလိုပါသဖြင့်အချက်အလက်များရှိလျှင်ပေးပို့ ပေးစေချင်ပါသည်။ပေးပို့ ရမည့် E Mail လိပ်စာ- မှာ jamesparr007@gmail.com ဖြစ်ပါသည်။)
ကိုးကားသော စာနယ်ဇင်းများ
၁။ ကျော်ဝင်းဦး၊ ဦးမြဟန်နှင့် ဦးသိန်းလှိုင်၊ ၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး (စတုတ္ထတွဲ)။
၂။ မြင့်ကြည်၊ ဒေါက်တာနှင့် ဒေါက်တာနော်အင်ဂျလင်း၊ ၁၉၅၈-၆၂ မြန်မာနိုင်ငံရေး (ဒုတိယတွဲ)။
၃။ သန်းဝင်းလှိုင်၊ အနှစ်ချုပ် မြန်မာ့သမိုင်းအဘိဓာန်၊ (ပ၊ ဒုတွဲ) ပညာရွှေတောင်၊ ပကြိမ် ၂၀၁၀။
၎။ သန်းဝင်းလှိုင်၊ အထင်ကရ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ ၊ နှစ်ကာလများစာပေ၊ ပကြိမ် ၂၀၁၃ သြဂုတ်။
၅။ သန်းဝင်းလှိုင်၊ တော်လှန်ရေးကောင်စီ ဘာ့ကြောင့်နိုင်ငံတော်အာဏာ သိမ်းပိုက်ခဲ့သလဲ နှင့် မိုးမခ နိုင်ငံရေးဆောင်းပါးများ၊ ရန်အောင်စာပေ၊ ပကြိမ် ၂၀၁၃။
၆။ ကယားဦးစိန်၊ အာဏာသိမ်းမှတ်တမ်း (လက်နှိပ်စက်မူ)
၇။ ဖဆပလ မဏာမပြင်ဆင်မှု ညီလာခံမှတ်တမ်း ရန်ကုန်စကူးနှင့် ဒိုင်ဂျက်ပုံနှိပ်တိုက်၊ ၁၉၄၇။
၈။ သခင်ချစ်မောင် (၀ိဓူရ) ရှမ်းမူနဲ့ ပြည်ထောင်စုနောင်ရေး၊ ရန်ကုန်ကြေးမုံ ပုံနှိပ်တိုက်၊ ၁၉၆၂။
၉။ တော်လှန်ရေးကောင်စီ၏ လုပ်ဆောင်ချက် သမိုင်းအကျဉ်းချုပ် မြန်မာနိုင်ငံဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်၊ ပကြိမ် ၁၉၇၄။
၁၀။ မောင်ဝံသ၊ ခေတ်မီနိုင်ငံရေး ဝေါဟာရအဘိဓာန်မှာ ဒေါင်းစာပေ ၊ ပကြိမ် ၂၀၁၁။
၁၁။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၊ ကိုယ်တိုင်ရေး အတ္ထုပတ္တိပေါင်းချုပ် (ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့) ထိုင်းနိုင်ငံ ၊ ဓူဝံစာပေ၊ အကြိမ် ၂၀၀၇
၁၂။ ဒေါက်တာမောင်မောင်၊ မြန်မာနိုင်ငံရေး ခရီးနှင့် ဗိုလ်ချုပ်ကြီး နေ၀င်း ပုဂံစာအုပ်၊ပကြိမ် ၁၉၆၈ မတ်လ။
၁၃။ ဒေါက်တာမောင်မောင်၊ တို့ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ၊ စိတ်ကူးချိုချို စာပေတိုက်၊ ဒုတိယအကြိမ် ၂၀၁၂။
၁၄။ ၀ိဓူရသခင်ချစ်မောင် (သာယာဝတီ) ၊ ပါလီမန်ဒီမိုကရေစီဘယ်လဲနှင့် မြန်မာပြည်နိုင်ငံရေး ရှင်းတမ်း၊ ရွှေသစ္စာစာပေ၊ ဒုတိယအကြိမ်၊ ၂၀၁၂။
၁၅။ တင်နိုင်တိုး၊ နှစ်ပေါင်းလေးဆယ်ကာလ နိုင်ငံတော်သမ္မတများ၊ ကျော်မွှေးစာပေ၊ ပကြိမ် ၂၀၁၁။
၁၆။ မောင်ဇေယျာ၊ မြန်မာလူကျော် ၁၀၀ (ဒုတိယအုပ်) Unity စာပေ၊ ပကြိမ် ၂၀၁၂။
၁၇။ သုတေသနရဲဘော်၊ ရဲဘော်သုံးကျိပ်နှင့် ဗမာ့လွတ်လပ်ရေး တပ်မတော်စစ်ကြောင်းများ ၊ ရဲဘော်ရာကျော် စာပေထုတ်ဝေရေး၊ ပကြိမ် ၁၉၇၅။
၁၈။ သမိုင်းသုတေသနဌာန၊ မြန်မာ့ရက်စဉ်သမိုင်း (ဒုတိယတွဲ) ရန်ကုန်၊ ပကြိမ် ၂၀၀၉။
၁၉။ ကျော်ငြိမ်း၊ ရဲဘော်သုံးကျိပ်၊ အင်းဝစာအုပ်တိုက် ပကြိမ် ၁၉၉၈။
၂၀။ ဒေါက်တာမောင်မောင်၊ သက်ရှိရာဇ၀င် Unity စာပေတိုက် ကြိမ် ၂၀၁၁ ၊ သြဂုတ်လ။
၂၁။ ဦးအောင်ထူး၊ “ဆဲဗင်းဂျူလိုင် ကျောင်းသားလှုပ်ရှားမှု သပိတ်ကြီးကို ဥပဒေပိုင်းဆိုင်ရာ ရှုထောင့်မှ ချဉ်းကပ်လေ့လာဝေဖန် သုံးသပ်ခြင်း”  အခြေခံဥပဒေရေးရာ စာစောင်အမှတ် ၂၅ (၂၀၀၆ သြဂုတ်လ)
၂၂။ ဦးနု၊ တာတေစနေသား နယူးဒေလီ၊ ဧရာဝတီစာပေတိုက် ဒုကြိမ် ၁၉၉၉။
၂၃။ ဦးခင်အောင်၊ဗိုလ်ချုပ်အောင်းကိုဘယ်သူသတ်သလဲထိုင်းနိုင်ငံ၊ခေတ်ပြိုင်ဂျာနယ်စာပေတိုက်၊ တကြိမ်  ၊ ၂ဝဝ၆ ဒီဇင်ဘာလ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts