>Kyaw Thu – FFSS Yangon Activity,

>

မိုးယံသို့ ထိုးဖောက်
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
နိုဝင်ဘာ ၆၊ ၂၀၁၁



နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဒဿမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးအား ၅.၁၁.၂၀၁၁ (စနေနေ့) တွင် စည်ကား သိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ ၄.၁၁.၂၀၁၁ (သောကြာ) နေ့ ညနေ (၆း၀၀) နာရီအချိန်မှစ၍ မြောက်ဒဂုံမြို့နယ် နာရေးကူညီမှု အသင်း (ရန်ကုန်) ရုံးချုပ်ခြံဝန်းအတွင်း နိုင်ငံကျော်ရွာစားကြီး စိန်မြစိုးဆိုင်းအဖွဲ့နှင့်အတူ ဟာသအနုပညာရှင်များဖြစ်သော ထက်ထက် တို့အဖွဲ့၊ ချစ်စရာတို့အဖွဲ့၊ ကျော်ထူး၊ မန်းဝင်းတို့အဖွဲ့တို့မှ လာရောက်၍ ဧည့်ခံဖျော်ဖြေခဲ့ရာ အသင်းသူ/သားများ၊ ၀န်ထမ်းများ၊ ရပ်ကွက် မြို့မိမြို့ဖများက စည်ကားသိုက်မြိုက်စွာ လာရောက်အားပေးကြည့်ရှုကြသည်။ ၅.၁၁.၂၀၁၁ နံနက် (၃း၀၀) နာရီအချိန်၌ ဖျော်ဖြေမှုကို အဆုံးသတ်ခဲ့သည်။

နံနက် (၇း၀၀) နာရီအချိန်တွင် ပဒေသာပင်များအား မော်တော်ယာဉ် (၃၄) စီးဖြင့် ရန်ကုန်မြို့တွင်းရှိ ဆူးလေစေတီတော်မြတ်နှင့် ရွှေတိဂုံစေ တီတော်မြတ်တို့အား လှည့်လည်ပူဇော်ခဲ့ကြသည်။ ယင်းနောက် နံနက် (၁၀း၀၀) နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပြန်လည်ရောက်ရှိလာကြပြီး ကထိန်ညှပ်သင်္ကန်းနှင့် ပဒေသာပင်များအား လှူဒါန်းပူဇော်ဆပ်ကက်ရန်အတွက် ၀ဋ်ကြွေး တော်ပြေဆရာ တော်ကြီးနှင့်တကွ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သြ၀ါဒစရိယ ဆရာတော်ကြီးများဖြစ်ကြသော တွံတေးဆရာတော် ဘဒ္ဒန္တဣန္ဒကနှင့် ရွှေပေါက်ပင်ဆရာတော် ဘဒ္ဒန္တသောမစာရ၊ မဟာဂန္ဓာ ရုံဆရာတော် ဘဒ္ဒန္တဉာဏိဿရ အရှင်သူမြတ်တို့အား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေပွဲကိုလည်း ကျင်းပခဲ့သည်။ ရွှေပေါက်ပင်ဆရာတော်နှင့် မဟာဂန္ဓရုံဆရာတော်ကြီးတို့သည် ခရီးလွန်နေ၍ ကြွရောက်လာခြင်း မရှိခဲ့ချေ။

ယင်းစုပေါင်းမဟာဘုံကထိန်ပွဲသည် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားများ၊ ၀န်ထမ်းများ၏ စည်းလုံးညီညွတ်မှုအား ဖော်ကျူးခဲ့သည့် ကောင်းမှုကုသိုလ်ပွဲတစ်ပွဲဖြစ်တော့သည်။ နေ့စဉ်နှင့်အမျှ အပူမီးများဆက်ကူးခြင်းခံနေရသော နာရေးအပူမီး၊ ကျန်းမာရေး အပူမီးတို့ကို ထိတွေ့နေရသော အသင်းသူ/သားများ၊ ၀န်ထမ်းများ၏ စိတ်ထွက်ပေါက်ဖြစ်သော ပျော်ရွှင်ဖွယ်ရာ စုပေါင်းမဟာဘုံကထိန် ကုသိုလ်ပွဲတော်မြတ်ကြီးသည် တစ်နှစ်ပတ်လုံးတွင် တစ်ကြိမ်သာကျင်းပခွင့် ကြုံကြိုက်ထူးခြားသော ကုသိုလ်ရေးပွဲတော်လည်း ဖြစ်ပေ သည်။ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကြီးတွင် တီးခတ်ဖျော်ဖြေကြသော ရှမ်းအိုးစည်သံ၊ ပတ်မနှင့် ဗျောသံတို့သည် အောင်ပွဲခံ ပဲ့တင်သံ အဖြစ် မိုးယံထက်သို့ ထိုးဖောက်သွားတော့သည်။

မိမိတို့ပြုသမျှ ကုသိုလ်ကောင်းမှုအစုစုနှင့် (၇) ရက်သားသမီး အလှူရှင်တို့၏ လှူဒါန်းမှုအစုစုတို့အား မြင်အပ်မမြင်အပ်သော ပုဂ္ဂိုလ်သတ္တ၀ါ အပေါင်း၊ ကျေးဇူးရှင် မိခင်ဖခင် ဆွေမျိုးညာတကာအပေါင်း၊ ခင်ပွန်းကြီးဆယ်ပါးအပေါင်းနှင့် မကျွတ်မလွတ်ကြသေးသော သတ္တ၀ါအပေါင်း တို့အား အမျှ … အမျှ … အမျှ ပေးဝေလိုက်ပါတော့သည်။




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts