ဟံသာဝတီ ဦးဝင်းတင်

Interview With u Win Tin – Freedom for Political Prisoners, everyone’s desire

>

နိုင်ငံရေးအကျဉ်းသားအရေးမြန်မာမိသားစုတွေရဲ့ အရေး
ဦးဝင်းတင်နဲ့မေးခွန်းများ၊ မိုးမခ၊ နိုဝင်ဘာ ၂၊ ၂၀၁၁
လာမယ့်ရက်အနည်းငယ်အတွင်းမှာ အင်န်အယ်ဒီပါတီက လာမယ့်ရွေးကောက်ပွဲနဲ့ ပါတီထပ်မံ မှတ်ပုံတင်ဖို့ ဆုံးဖြတ်ချက်အတွက် ဆွေးနွေးကြမယ်လို့သတင်းတွေ ကြားနေရပါတယ်။ အဲသည်အချိန်ကာလအတွင်းမှာ မိုးမခက ဆရာဦးဝင်းတင်နဲ့တွေ့ဆုံတဲ့ အခိုက်မှာ ပြောဖြစ်တာကတော့ လက်ရှိအကျဉ်းထောင်ထဲကနိုင်ငံရေးအကျဉ်းသားတွေရင်ဆိုင်နေရတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။
မေး။ ။အရပ်သားအစိုးရတရပ်အဖြစ် အသွင်ပြောင်းလာတဲ့ စစ်သားတပိုင်းကြံ့ဖွတ်အစိုးရကဒီမိုကရေစီကိုဦးတည်တဲ့ တခါးကို ပွင့်ပွင့်လင်းလင်းမဖွင့်သေးဘဲဒီမိုကရေစီထွက်ပေါက်တွေကို ဖွင့်ပေးဖို့ထက် မရဲတရဲနဲ့ မပွင့်တပွင့်မဟတဟလုပ်နေတဲ့သဘောမျိုးဖြစ်နေတယ်လို့ ပြောကြတယ်။ အဲသည်အတွက် လက်ရှိအခြေအနေမှာအခုလို ထောင်တွင်းမှာ ဆန္ဒပြမှုတွေအထိ ဖြစ်လာတာလား။
ဖြေ။ ။ လက်ရှိမှာလူ့အခွင့်အရေးကိစ္စတွေ၊ နိုင်ငံရေးကိစ္စတွေက အားလုံး အာရုံစိုက်နေကြရတဲ့သဘောဖြစ်လာတယ်။ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ဟာအင်န်အယ်ဒီပါတီအတွက် အရေးကြီးတယ်။ ကျောင်းသားလူငယ်တွေအတွက်လည်း အရေးပါတဲ့အရေးဖြစ်တယ်။ ပြည်သူလူထုအတွက်ကလည်း သူတို့မိသားစုအရေးကိစ္စလို သဘောထားနေကြတယ်။ပြည်သူလူထုကိုယ်တိုင်က သူတို့လွတ်မြောက်ဖို့ တန်ပြီလို့ မျှော်လင့်နေကြတယ်။အဲသည်မှာ အစိုးရဖက်က ပြည်တွင်းမှာကော ပြည်ပမှာပါ အမျိုးမျိုး ပြောတယ်။နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ပြောတယ်၊ ပြီးတော့ ရှိတဲ့အကျဉ်းသားတွေကိုလွှတ်ပေးမယ်လို့လည်း ပြောတယ်။ လွှတ်ပေးတော့လည်း လူအရေအတွက်ကလည်း နဲတယ်။ ဒါကြောင့်အကျဉ်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသားက အားလုံးမျှော်လင့်နေချိန်မှာမလွတ်မြောက်တဲ့အတွက် သူတို့တွေက ဆန္ဒပြတာ ထုတ်ဖော် တောင်းဆိုတာတွေ လုပ်လာတယ်။
မေး။ ။မျှော်လင့်ချက်တွေ ထားသလိုမျိုး မဖြစ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ဆန္ဒပြထုတ်ဖော်မှုတွေ၊ အစာငတ်ခံ ဆန္ဒပြတာတွေကို စစ်အာဏာပိုင်တွေက အခုလိုဖိနှိပ်တာ နှိမ်နှင်းတာတွေက အရင်တုန်းကလိုပဲလား ဆရာ။
ဖြေ။ ။အရင်တုန်းကလည်း ကျနော်တို့အကျဉ်းထောင်ထဲမှာ ဆန္ဒပြရင် ဆန္ဒပြတဲ့သူတွေ၊အစာငတ်ခံတဲ့သူတွေကို လူခွဲထားတယ်။ လူစုခွဲတာတွေ လုပ်တယ်။ သို့သော်အခုကျတော့စစ်ခွေးတိုက်ပို့တယ်ဆိုတာက သူတို့ကို ညှင်းပမ်းနှိပ်စက်ဖို့လုပ်တာမျိုးဖြစ်တယ်။ အဆိုးဆုံးကတော့ ရေဖြတ်တာက အကြီးမားဆုံးနှိပ်စက်မှုဖြစ်တယ်။ ကျနော်တို့တုန်းက အစားအစာဖြတ်တာလုပ်တာမျိုးရှိတယ်။ အခုဟာကရေပါဖြတ်တယ်ဆိုတာက လွန်တယ်။
မေး။ ။အရင်တုန်းက အခုလို ထောင်တွင်း လူ့အခွင့်အရေးဆိုင်ရာတိုက်ပွဲတွေကိုအပြင်ကလူတွေ မိသားစုတွေ သိခွင့်မရကြဘူး။ အခုကျတော့ နိုင်ငံရေးအကျဉ်းသားမိသားစုကွန်ယက်တွေကတဆင့် ပြည်သူလူထုတွေက ချက်ခြင်းကို သိကြရတယ်။ အဲသည်အတွက် လူထုကလက်မှတ်ထိုးပြီး ကန့်ကွက်မှုတွေ လုပ်နေကြတယ်လို့ ကြားရပါတယ်ဆရာ။
ဖြေ။ ။ ဟုတ်တယ်။ကျနော်ကိုယ်တိုင်လည်း သူတို့နဲ့အတူ လက်မှတ်ထိုးပါတယ်။
မေး။ ။အဲသည်တော့ တနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ ၀န်ကြီးဦးအောင်ကြည်ကတိုင်းပြည်အရေးကိစ္စတွေကို သူတို့က ခြေကို တလှမ်းပြီး တလှမ်း တိုးနေပါတယ်လို့ပြောသွားတယ်။ ခြေစုံရပ်လည်း မနေဘူး၊ ခြေစုံပစ်လည်း မလုပ်ဘူး၊ ဘာညာနဲ့ပြောသွားတယ်။ သို့သော် အခု နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေထုတ်ဖော်မှုတွေကိုကျတော့ သူတို့တွေက ခြေစုံရပ်ပြီး ကြည့်နေသလိုမျိုးဖြစ်နေတယ်။ နောက်ဆုတ်ပြီး နေသလိုဖြစ်နေတယ်လို့ ပြောကြတယ် ဆရာ။
ဖြေ။ ။အဲသည်အခြေအနေမှာတော့ အဲသည်လိုပဲ ပြောရမလို ဖြစ်နေတာပေါ့။
မေး။ ။အခုအချိန်မှာ နိုင်ငံတကာက ကိုယ်စားလှယ်တွေက မြန်မာပြည်ကို စဉ်ဆက်မပြတ်လာကြတယ်။အမေရိကန်ကိုယ်စားလှယ်၊ ကုလကိုယ်စားလှယ်တွေနဲ့ အစိုးရကလည်း တွေ့ဆုံနေတာဆွေးနွေးနေတာတွေ လုပ်နေတယ်။ အဲသည်မှာကော ဆရာက ဘာပြောချင်သလဲ။
ဖြေ။ ။နယ်စပ်ဒေသတွေမှာ အပစ်အခတ်ရပ်စဲရေးတွေ ထားလိုက်ဦး။ အပစ်အခတ်ရပ်စဲရေးကိစ္စကိုကျနော်က ၀င်ပြောတယ်ဆိုရင် စစ်ရေးကိစ္စတွေ ပြောနေတယ် ဖြစ်နေဦးမယ်။ အခုကျနော်ပြောချင်တာကတော့ ဒီဒေသတွေမှာ လူသားချင်းစာနာဖို့ အကူအညီတွေ ပေးနိုင်ဖို့အဓိကလိုအပ်နေတယ်။ နိုင်ငံတကာအဖွဲ့တွေ ၀င်ရောက်ခွင့်မရှိဘူး။ အခြားအဖွဲ့အစည်းတွေကကူညီဖို့ ၀င်ရောက်လို့ မရဘူး။ တဖက်နိုင်ငံဖက်ကလည်း ကန့်သတ်ထားတွေလုပ်နေတယ်လို့ပြောနေကြတယ်။ အဲသည်လို နိုင်ငံတကာက လူသားချင်းစာနာတဲ့ အကူအညီတွေ အဖွဲ့အစည်းတွေသွားရောက်ခွင့်၊ အကူအညီတွေပေးအပ်ခွင့်တွေ ရဖို့ ခုချိန်မှာအရေးတကြီးလိုအပ်နေတယ်လို့ ပြောချင်ပါတယ်။ အဲသည်အတွက် ပြောဆိုဆွေးနွေးတောင်းဆိုဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။ ဒီလောက်ပါပဲ။
ဖြေ။ ။ကျေးဇူးတင်ပါတယ် ဆရာ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts