>Ashin Pyin Nyar Nanda – Saffron Monks, U Eithara

>

အညတရအကျဉ်းသားရဟန်းတော်များ(၈)- ဆရာတော်ဦးဣဿရိယ
အရှင်ပညာနန္ဒ။ နိုဝင်ဘာ၂၊ ၂၀၁၁
“အဖမ်းခံရတဲ့စက်တင်ဘာ ၂၆ ရက်ည ၁၂ နာရီ ဝန်းကျင်မှာ ဦးဇင်းတို့ တကျောင်းလုံးကို စစ်တပ်က ဝင်စီးလိုက်တယ်။ မြင်ကွင်းကတော့ ဒကာကြီးရယ် … အနိဋ္ဌာရုံပါပဲ။ ဘုန်းကြီးကျောင်းနဲ့ပင်မတူတော့ပါဘူး။ သံဃာ တွေကို ဝင်စီး၊ ဆွဲထုတ်တာတွေဟာ မြင်မကောင်းဘူး။ တချို့ ကိုယ်တော်တွေ ဆိုရင်ဆွဲချတော့ သင်္ကန်းတွေ လည်း မရှိတော့ဘူး။ တချို့ ဦးဇင်းလေးတွေဆို ရိုက်နှက်ပြီး တိရစ္ဆာန်လိုပဲဆွဲထုတ်သွားတာ ဖိနပ်မပါ သင်္ဃန်းမပါ ကိုယ်လုံးတီးတွေပါပဲ။ စစ်ကြောရေးရောက်မှတချို့ကို မြင်ကောင်းအောင် သင်္ကန်းလေး ပြန်စီးပေးတာ”
“ဦးဇင်းတို့တွေဆိုရင် စစ်ကြောရေးမှာ ဝင်ကတည်းက လူဝတ်လဲပစ်လိုက်ပြီး သုံးလလောက် ဖိနပ်မစီးရဘူး။ သူတို့က ဘုန်းကြီးမှန်း ဘာမှန်းတွေလည်း မသိကြဘူး။ ဆိုင်ကယ် စီးပြ၊ ဖားခုန်ပြဆိုလည်း လုပ်ပေးရတယ်။ ခြေထောက်နဲ့ ကန်တာ ကျောက်တာတွေကတော့ တော်တော်များတယ်။ တကိုယ်လုံးကို မဲနေအောင်ကိုလုပ်ကြ တာ။ ပြန်ပြောရတာတောင် စိတ်ထဲ မချိဘူး ဒကာကြီးရယ်။ နှိပ်စက်ခံရတာကတော့ဦးဇင်းတို့ ငွေကြာယံကျောင်း တိုက်ကဖမ်း မိတဲ့ကိုယ်တော်တွေ အကုန်လုံးပါပဲ။နောက်ပိုင်း ဓါတ်ပုံတွေထဲမှာ ပါလာတဲ့ ဦးဇင်းလေးတွေလဲ ဖမ်းပြီး နှိပ်စက်ထောင်ချခံရတာပဲ။”
အထက်ပါစကားကိုမိန့်ကြားသူကတော့၂၀၀၇ရွှေဝါရောင်တော်လှန်ရေးမှာပါဝင်ခဲ့ပြီး အောက်တိုဘာ၁၂ရက် ဗုဒဟူးနေ့ကမှ ကျိုင်းတုံအကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာတဲ့ငွေကြာရံကျောင်းတိုက်က ဆရာတော်ဦးဣဿရိယရဲ့မဇ္ဈိမသတင်းဌာနကိုမိန့် ကြားချက်တွေပါ။
အများသိကြတဲ့အတိုင်း ၂၀၀၇ စက်တင်ဘာလ (၂၆) ရက်နေ့ မှာငွေကြာယံကျောင်းတိုက်ဝင်းတံခါးကို ကားနဲ့ တိုက် ဖျက်ဆီးပြီး လုံထိန်းနဲ့  စစ်သားတွေကသံဃာတော်တွေကို အကြမ်း ဖက် ရိုက်နှက်ဖမ်းဆီးကာဘုန်းကြီးကျောင်းက အဖိုးတန်ပစ္စည်း အမြောက်အများ (သိန်းလေးဆယ်ဖိုးခန့် ) ကိုဝင်ရောက်လုယူသွားတဲ့အပြင် မီးအားမြှင့်စက်၊ လက်ကိုင်ဖုန်း၊  ဗွီစီဒီပြစက်၊ တီဗွီ၊ ပန်ကာ၊ ဘုရားဆင်းတုတော်တောင်မကျန်ဘူး၊ ကျောင်းက ပစ္စည်းတွေ ရသလောက်ယူသွားကြတာပါ။
ဘယ်လောက်များ ယုတ်မာကောက်ကျစ်သလဲဆိုရင်ကုလသမဂ္ဂကိုယ်စားလှယ် လာရောက်မယ်ဆိုတော့ ညတွင်းချင်း ကျောင်းတိုက်ကို ဘာမှမဖြစ်လေဟန်ပြင်ဆင်ထားလိုက်ကြပါသေးတယ်။ (ငွေကြာရံကျောင်းတိုက်ကို စီးနင်းရာမှာပါဝင်တဲ့ တပ်သားခင်ဇော်ဦး ဘုန်းကြီးကျောင်းက ခိုးလုလို့ရလာတဲ့ ငွေတွေနဲ စစ်တပ်အနီးမှာ ခြံမြေ၀ယ်တာသိသွားလို့ပြန်ရောင်းပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စိုးတင့်နိုင်နဲ့   ဒုရင်းမှူး တို့က ခွဲယူလိုက်ကြတယ်လို့ အမည်မဖော်လိုသူတပ်မတော်အရာရှိတဦးက ပြောကြောင်းသတင်းတွေထွက်ခဲ့ပါတယ်)
ငွေကြာရံကျောင်းတိုက်ကိုစီးနင်းရာမှာအဓိက အမိန့်ပေးညွှန်ကြားသူကတော့ စကခ (၄) မှ (ကြည်း/၁၅၉၂၇) ဗိုလ်မှူးချုပ် မြင့်နောင်ခမရ (၇၀၃) မှ (ကြည်း/၂၀၈၁၈) ဒုဗိုလ်မှူးကြီး စိုးတင့်နိုင်နှင့် (ကြည်း/၂၀၆၁၇) ဗိုလ်မှူးရွှေဝင်းတို့ဖြစ်ကြောင်းသိရပါတယ်။
အဲဒီညက၀င်ရောက်စီးနင်းတဲ့တပ်တွေကတော့အမှတ်(၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၄) လက်အောက်ခံ ခမရ(၇၀၃)၊ (၇၀၉) နဲ့  အမှတ် (၈)ရဲတပ်ရင်းမှ ရဲတပ်သား ၁၀၀ ကျော်ပါဝင်ခဲ့ပါတယ်။နောက်တနေ့မှာ ဘုန်းကြီးကျောင်းကိုဖျက်ဆီးသွားလို့ဒေါသထွက်နေတဲ့ လူအုပ်ကြီးနဲ့  စစ်သားတွေ ထိပ်တိုက်ရင်ဆိုင်တွေ့ ပြီး ညနေဘက်မှာတော့စစ်တပ်ကအကြမ်းဖက်ပစ်ခတ်နှိမ်နင်းလို့  တောင်ဥက္ကလာပက လူ ၃ ဦး သေဆုံးခဲ့ပါတယ်။
အဲဒီည တညတည်း ၀င်စီးခံရတဲ့ ဘုန်းကြီးကျောင်းတွေကတော့ငွေကြာရံကျောင်းတိုက်(တောင်ဥက္ကလာ)၊ စစ်ကိုင်းကျောင်းတိုက် (သုဝဏ္ဏ) ၊ မိုးကောင်းကျောင်းတိုက်(တောင်ဥက္ကလာ)၊သာသနာ့သိပ္ပံကျောင်း(ရွှေဂုံတိုင် ခြောက်ထပ်ကြီး) ၊ မဂ္ဂင်ကျောင်းတိုက်(သင်္ဃန်းကျွန်း)၊ကံဘဲ့မိုးကောင်းကျောင်းတို့ ဖြစ်ပါတယ်
ကံဘဲ့မိုးကောင်းကျောင်းတိုက်မှာလည်းစစ်ကားတွေနဲ့ ကျောင်းဝင်းတံခါးကို တိုက်ဖျက်ပြီး သံဃာတော်တွေကို ရိုက်နှက်ဖမ်းဆီးခဲ့တာပါ။သံဃာတော်တွေက တုံးမောင်းခေါက် သံပုံးတွေတီးပြီး ရပ်ကွက်အတွင်းအကူအညီ တောင်းခံခဲ့ပေမဲ့  ကူညီဖို့လာတဲ့ ဒကာ၊ ဒကာမတွေကို သေနတ်နဲ့ ပစ်မယ်လို့ခြိမ်းခြောက်တဲ့အတွက် ထွက်မလာရဲတော့ဘဲ သံဃာအများအပြားကို ရိုက်နှက်ဖမ်းဆီးသွားခဲ့ပါတယ်။သံဃာတော်တွေကိုကြိုးတုတ် ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် ၀င်ရောက်ဖြေရှင်းပေးတဲ့ ကျောင်းထိုင်ဆရာတော်ဦးဝိလာသကိုလည်း စစ်သားတွေက ကြိုးနဲ့ တုတ် နံပတ်တုတ်တွေနဲ့ရိုက်နှက် ထားခဲ့ကြတာပါ။
 အဲဒီတုန်းက ဘုန်းကြီးကျောင်းတွေကိုဝင်စီးဘို့ ကိုင်တွယ်တာကရဲချုပ်ခင်ရီလို့ သိရပါတယ်။
တကယ့်ကို လူမဆန်တဲ့ဖြစ်ရပ်တွေဖြစ်ပြီးတော့ကိုယ့်ရဲ့အာဏာ ပါဝါ တည်မြဲဘို့အတွက် လုပ်သင့် မလုပ်သင့်မစဉ်းစားဘဲ ငရဲမကြောက် အ၀ိစိမကြောက် လုပ်ရဲတာတွေကိုကြည့်ရင် တကယ့်ကိုသူတို့ အတွက်ရင်လေးစရာပါ။
ရဟန်းသံဃာတော်တွေအကျဉ်းကျခံနေရတာနဲ့ပက်သက်ပြီးဆရာတော်မိန့် ကြားတာကတော့ မရောက်သင့် မရောက်ထိုက်တဲ့ နေရာတွေပါ။ဦးဇင်းအမြင်ကတော့ ထောင်ဆိုတဲ့အရာဟာ လေ့လာမှုအနေနဲ့လဲ မသွားသင့်ဘူး။ အခုလိုအကျဉ်းသားအနေနဲ့လည်း မရောက်သင့်ဘူးလို့ မြင်တယ်။ ထောင်ဆိုတာကြီးက အရာ
အားလုံးကို ချုပ်နှောင်ထားတဲ့ အရာကြီးပါ။ နောက်ပိတ်ဆုံး အနေနဲ့ ဦးဇင်းတို့သည်သိက္ခာမချဘူး ဟုတ်လား။ အဲလိုနေတဲ့ အခါမှာ ထောင်ပိုင်လာတဲ့ အခါမှာ ထိုင်ပေးရတာတို့ဘာတို့ ရှိတာပေါ့။ သူ့တို့အနေနဲ့ ဘုန်းကြီးကျောင်း ရောက်ရင် ဘုန်းကြီးကျောင်း။အာဏာပိုင်ထဲရောက်ရင် အာဏာပိုင် စည်းကမ်း ဆိုတာ ရှိတယ်။
အဲဒီတော့ သူတို့အတွက်လည်း အရမ်းအပြစ်ကြီးသလို ကျုပ်တို့ အနေနဲ့ကလည်း အရမ်းအပြစ်ကြီးတာပေါ့။
ဦးဇင်းကတော့ ဘယ်လိုဘုန်းကြီးပဲ ဖြစ်ဖြစ်၊ ဒီဘဝမှာပဲ ဖြစ်ဖြစ်၊နောင်ဘဝမှာပဲဖြစ်ဖြစ် ထောင်ထဲမှာ ဒီလိုသံဃာတွေကို ဘယ်တော့မှ မတွေ့ပါရစေနဲ့လို့ဦးဇင်း ဆုတောင်းခဲ့တယ်ဗျာ။
တကယ့်ကိုရင်နာနာနဲ့မိန့့်ကြားသွားတယ်လို့ ထင်ပါတယ်၊တကယ့်ကိုကြေကွဲစရာ ၀မ်းနည်းစရာပါ။ အင်မတန်မှ စိတ်မကောင်းဖြစ်မိပါတယ်။
စစ်ကြောရေးမှာစစ်ထောက်လှမ်းရေးတွေကသင်္ကန်းတွေကိုအတင်ဆွဲချွတ်တာနဲ့ ပက်သက်ပြီးတော့လည်း
ဦးဇင်းတို့ကိုသင်္ဃန်းတွေ ဆွဲချွတ်၊ နှိပ်စက်ခံ ကာလတွေကတည်းက သင်္ဃန်းကိုသာ ချွတ်တာ ဦးဇင်းတို့ကသိက္ခာချပြီး ထွက်ထားတာ မဟုတ်ဘူး။ လူမထွက်ဘူး။ ဦးဇင်းပဲ။ မြတ်စွာဘုရား လက်ထက်ကဗာဟီယဒါရုစိ
ပရိဗိုဇ်ဆို ဓါးမြတိုက်ခံရလို့ သစ်သားတောင် ပတ်လာရသေးတာ။ ဦးဇင်းတို့ အခုဝတ်ထားတဲ့အဝတ်အစား
ဆိုတာ ဟီရိ၊ သြတ္တပ္ပတရား အကုန်လုံးလဲ လုံတယ်လေ။ ဒါအကျဉ်းထဲအကြပ်ထဲမှာ လုပ်လာတဲ့အခါပေါ့။
ဒါပေမဲ့ ဦးဇင်းကအခုချိန်ထိ ဘုန်းကြီးပဲ။ ပျံတော်မူရင်လည်း ဘုန်းကြီးပဲ။နောင်ဘယ်အချိန်ထိပဲဖြစ်ဖြစ် ဘုန်းကြီး ဘဝနဲ့ပဲနေမယ်လို့ပဲ ဆုံးဖြတ်ထားတယ်”
တကယ့်ကိုစိတ်ဓာတ်ခိုင်မာပြီး ကြည်ညိုလေးစားစရာကောင်းတဲ့ ရဲရင့်ပြတ်သားတဲ့မိန့်ကြားချက်တွေပါ။  အဲဒီဲလိုဆရာတော်တွေက အမျိုးဘာသာ သာသနာတော်အတွက် အနစ်နာခံ ထောင်ကျခံပြီး ဆောင်ရွက်နေချိန်မှာသံဃာ့နာယကဆရာတော်တွေကတော့ သံဃာတော်များကိုည (၇) နာရီမှ မနက် (၄) နာရီထိ ကျောင်းတိုက်ပြင်ပ မထွက်ရ၊ အပြင်ကြွလိုရင် ရပ်ကွက် သံဃာ့မဟာနာယကဥက္ကဋ္ဌ ဆရာတော်၏ လက်မှတ်နှင့် ရုံးတံဆိပ်ပါသည့် ထောက်ခံချက်၊ ကျောင်းထိုင်ဆရာတော်၏ ခွင့်ပြုချက်ဖြင့်သာသွားရမယ်တို့ စစ်အစိုးရအကြိုက် အမိန့် တွေတခုပြီးတခုထုတ်ပြန်နေပါတယ်။ အံ့သြဘွယ်ရှိပေစွ။
ထောင်ထဲမှာကြုံတွေ့ရတဲ့ရဟန်းသံဃာတော်တွေရဲ့ အခက်အခဲများကိုလည်း ခုလိုမိန့် ကြားသွားပါတယ်။
ခြုံပြောရရင်ဗျာ။ထောင်ဆိုတာ သူများတိုင်းပြည်တွေမှာ ဘယ်လိုမှန်း မသိပေမဲ့ မြန်မာထောင်တွေကတော့ လူ့တန်ဘိုးကိုအပြီးအပိုင် ချေဖျက်ပစ်တဲ့နေရာကြီးပါဘဲ၊ လူ့ဂုဏ် လူ့သိက္ခာတွေကို ချိုးနှိမ်တဲ့အပြင်အစားအသောက် အနေအထိုင်အားလုံးနဲ့ လွတ်လပ်ခွင့်တွေကို ချုပ်ချယ်ညှင်းပမ်းတဲ့နေရာကြီးပါဘဲ။ ထောင်ထဲမှာကအပြင်လောကနဲ့က တခြားစီပဲ။  ကျုပ်ဆိုရင်ဗျာ မွေးတော့အညာသား၊ မုံရွာသား။ နေတော့ ရန်ကုန်၊ ပို့တော့ ကျိုင်းတုံဆိုတော့ ကဲ … ဘယ်နှယ့်လုပ်ကြမတုန်း။မိသားစုက ဘယ်လိုလာမတုန်း၊ ဘယ်လိုလုပ် အဆင်ပြေမတုန်း ဒါတွေရှိတာပေါ့ဗျာ”
ကဲ- အားလုံးကြားတော်မူတဲ့အတိုင်းပါဘဲ၊ ညီတော် နောင်တော်အရှင်တို့၊ ထောင်ထဲမှာရှိနေသေးတဲ့သံဃာတော်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တပည့်တော်တို့ အပြင်ကသံဃာတွေက ဘယ်လို ကူညီမှာလဲ?ဘာတွေကူညီမှာလဲ? ဘယ်တော့ကူညီမှာလဲ?။ ။
(မှီငြမ်းကိုးကား)
ဆိုင်ကယ်စီးပြ၊ဖားခုန်ပြ ဆိုလည်း လုပ်ပေးရတယ် (အင်တာဗျူး) မဇ္ဈိမသတင်းထောက်ကျော်ခ
(၂၀၀၇ စက်တင်ဘာ ၂၇၊ရန်ကုန်၊ ငွေကြာရံကျောင်းတိုက် မြင်ကွင်း။ ဓာတ်ပုံ မိုးမခ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts