>FFSS Yangon – Pakauku Flood Charity Drive

>

ကူညီဖေးမမှု သိန်းတစ်ရာခြေလှမ်းစပြီ
ကျော်သူ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ နိုဝင်ဘာ ၂၊ ၂၀၁၁
သဘာဝဘေးအန္တရာယ်ဆိုးကြီးဖြစ်သော ရေဘေးဒုက္ခသည်များအတွက်နာရေးကူညီမှု အသင်း(ရန်ကုန်)သည် ၂၅.၁၀.၂၀၁၁ ညနေပိုင်းတွင် ရှေ့ပြေးကယ်ဆယ်ရေးအဖွဲ့ကိုစေလွှတ်ကာ ၂၆.၁၀.၂၀၁၁ နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့်အဖွဲ့တို့မှလိုက်ပါသွားခဲ့သည်။ ဦးစွာ ပခုက္ကူမြို့ရှိ စံနစ်သစ်ပုထိုးတိုက် ဆရာတော် ဦးကောသလထံသို့သွားရောက် ဦးတိုက်ကာ အကူအညီမရရှိသေးသော ရေဘေးဒုက္ခသည်ကျေးရွာများအား သွားရောက် စုံစမ်းကာလှူဒါန်းမည့်ပစ္စည်းများကို ၀ယ်ယူလှူ၍ ရွှေချောင်း၊ ယောချောင်း ပတ်ဝန်းကျင်ရွာများကိုလေ့လာခဲ့သည်။

ထို့နောက် ဒေသခံဖြစ်သော မကွေးလူမှုအသင်းဖြစ်သော“မြစ်ကွေ့ဧရာ” လူငယ်များအဖွဲ့နှင့် ပူးပေါင်း၍ ပခုက္ကူမြို့မှ (၄၀) မိုင်ခန့်ဝေးကွာသောရေပြာကတို့ဆိပ်မှ ယောချောင်း တစ်လျှောက် စက်လှေ(၃)စီးငှါးရမ်း၍ တောင်ဘက်သို့ နှစ်နာရီခွဲကြာခန့်ရေစုန်ခရီးဖြစ်သော ပေါက်မြို့နယ်၊ ကျွန်းရင်းရွာရှိ အိမ်ခြေပေါင်း (၃၉၃)အိမ်သို့ သွားရောက်ကာဆန်၊ ဆား၊ ဒန်အိုး၊ ဒန်ခွက်၊ ပန်းကန်၊ ဇွန်းနှင့် ခြုံစောင်များအပါ လူအသုံးအဆောင်ပစ္စည်းစုစုပေါင်း (၃၅) သိန်းတန်ဖိုး စတင်၍ လှူဒါန်း ခဲ့သည်။
ဆက်လက်၍ ပေါက်မြို့နယ် ကံစွယ်ကျောင်းတိုက်တွင်စခန်းချကာ ကူညီမှုများမရရှိ သေးသော ချောင်းနားရွာ၊ တပ်ကုန်းရွာ၊ တင်သောင်ရွာများသို့သွားရောက်၍လှူဒါန်းကူညီ ထောက်ပံ့ရန် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စုစုပေါင်း ကျပ်သိန်း (၁၀၀)ကို မတည်လှူဒါန်း သွားမည်ဖြစ်သည်။ အလှူငွေများ ထပ်မံရရှိပါက ဆက်လက်၍ ရေဘေးဒုက္ခသည်များအားလှူဒါန်း ကူညီဖေးမ ထောက်ပံ့သွားမည်ဖြစ်ပါကြောင်း။
ကူညီဖေးမမှု ဒုတိယခြေလှမ်း
ပခုက္ကူမြို့နယ်ရေဘေး ကယ်ဆယ်ရေး ကူညီထောက်ပံ့ရန်အတွက်နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် ဦးဆောင်ပြီး ပခုက္ကူမြို့ပေါ်ရှိကုန်စုံဆိုင်များမှ ဒုက္ခသည် တို့အတွက် လိုအပ်သော ဆန်၊ ခေါက်ဆွဲခြောက်၊ ဆား၊ ဒန်အိုး၊ဒန်ခွက်၊ ပန်းကန်ခွက်ယောက်များနှင့် ခြုံစောင်များအား လိုက်လံဝယ်ယူ၍ ရေပြာဆိပ်မှ စက်လှေများဖြင့်သယ်ဆောင်ပြီးနောက် ပေါက်မြို့ မှတဆင့် ဒုက္ခသည်များရှိရာ (ကူညီကယ်ဆယ်ရေးအဖွဲ့များ မရောက်ရှိသည့်ကျေးရွာများ)သို့၃၁.၁၀ ၂၀၁၁ ရက်နေ့တွင် ထပ်မံ၍ အုန်းတော၊ မြောက်စု၊ ညောင်ဝင်းပေါက်ကျေးရွာများနှင့်၁.၁၁.၂၀၁၁ ရက်နေ့တွင် တံစူး၊ လက်ပံလှကျေးရွာနှင့် အနီးရှိဒုက္ခသည်များရှိရာသို့ ကားတစ်တန်၊ရေတစ်တန်ဖြင့် ထော်လာဂျီဖြင့်၎င်း၊ မော်တော်ယာဉ်များဖြင့်၎င်း၊ ခြေလျင်လျှောက်၍၄င်းသဲချောင်းများ၊ နွံများကို ခဲရာခဲဆစ် ဖြတ်သန်းကျော်လွှားကာ သွားရောက်ကာ ဒေသခံလူမှုရေးသမားများနှင့်ပူးပေါင်း၍ ကုသိုလ်ဖြစ် ကူညီထောက်ပံ့ ဖေးမလျက်ရှိသည်။
          (ညောင်ဝင်းပေါက်ကျေးရွာသည်ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) မရောက်ရှိ သေးခင် အချိန်ထိ မည်သည့်ကယ်ဆယ်ရေးအဖွဲ့များမှလာရောက်ခြင်း မရှိသေးသည့်အပြင် ရွာလုံးကျွတ် ရွာဦး ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ကြီး၏ကျွေးမွေးသည့် ထမင်းများကိုသာ စားသုံးကာ အသက်ဆက် နေကြရကြောင်း သိရှိရသည်။)
          ထိုသို့ကူညီထောက်ပံ့လှူဒါန်းမှုများကို နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် မတည် လှူဒါန်းငွေသိန်း(၂၀၀) ကျပ်ဖြင့် ကူညီမှုကိုစတင်ခဲ့သလို အလှူရှင်များ၏ ရေဘေးလှူဒါန်းမှုငွေများ၊ အ၀တ်အထည်များကိုဒုက္ခသည်များ၏လက်ဝယ်သို့ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။
          ယနေ့၁.၁၁.၂၀၁၁ နေ့တွင် မလေးရှားနိုင်ငံရောက် မြန်မာလူမျိုးများမှ ပခုက္ကူရေဘေး ဒုက္ခ သည်များအတွက်အလှူငွေသိန်း (၄၀) ကျပ်တိတိကို လာရောက်လှူဒါန်းသည့်အတွက်လည်း သာဓု  .. သာဓု .. သာဓု ဟုခေါ်ဆိုလိုက်ရပါသည်။
          ထိုသို့သွားရောက်ကူညီဖေးမမှု လမ်းကြောင်းများတွင် ဒုက္ခသည်ပြည်သူများမှ တက်ကြွစွာ ၀ိုင်းဝန်းကူညီခဲ့ကြသလိုအချို့သော နေရာများတွင် လမ်းကြောင်းပိတ်ဆို့မှု၊ အထစ်အငေါ့ အခက်အခဲ အချို့လည်း ကြုံတွေ့ခဲ့ရသည်။မည်သို့သော အခက်အခဲများ ကြုံတွေ့စေကာမူ ကျွန်တော်တို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) လူမှုရေးသမားများအဖို့ကုသိုလ်ရေးကို အဓိကထားကာ လူသားချင်းစာနာ ထောက်ထားသော စိတ်ဓါတ်ဖြင့် ကူညီဖေးမမှုများကိုစဉ်ဆက်မပြတ် လုပ်ဆောင်ကြရမည်ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts