>Saung Yun La – Seeing and Hearing and Believing Poem

>

”အသံငါး ရထားဖြစ်ဖို့ပဲ အရေးကြီးတယ်’
ဆောင်းယွန်လ၊ နိုဝင်ဘာ ၁၊

ဟလို…ဟလို…ရထားဖြစ်လား
ရထားဖြစ်တယ်ဆိုရင် ညောင်ကိုင်းပေါက်မယ်
ခင်ဗျားလည်းစစ်သား အသံငါးရထားဖြစ်တယ်ဆိုရင်ပြီးတာပါပဲ…..

သူသာ၊ကိုယ်ပြာပြီး သူWin၊ကိုယ်Lose မယ့်
အပေါ်ယံ Win-Win သံခင်းတမန်ခင်းတွေထက်
ထမင်းတဆုပ် ဟင်းတလုပ်နဲ့
မနက်ခင်းတွေ အသက်ဝဝရှုနိုင်ဖို့အလုပ်ကပိုပြီးအရေးကြီးနေတယ်…..

ဧရာဝတီကိုတော့ စိတ်ကူးနဲ့မှန်းမလွမ်းချင်ပါဘူး….

ငါကျင့်ငါကြံ တငါတည်းငါကြံကြီးစည်ရာကြံဖို့ထက်
ရိုးရိုးကျင့် မြင့်မြင့်ကြံနိုင်မယ့်
အနာဂတ်ရဲ့ကလေးတွေ စာသင်ခန်းနဲ့မဝေးဖို့ကပိုပြီးအရေးကြီးနေတယ်…

တက္ကသိုလ်မြေ နေဝင်မှာကိုစိုးရိမ်သလို
တနိုင်ငံလုံး နေဝင်မှာကိုလည်းမိုးပြိုမှာထက် ပိုပြီးစိုးရိမ်မိပါတယ်….

မလိမ့်တပတ် လက်အလုံးတထောင်မကခြားပြီး
ရှုပ်ရှုပ်ထွေးထွေးတွေကြားအာဏာယောင်ဖျောက်ထားဖို့ထက်
မှန်မှန်ကန်ကန်ပြောပြီးလေးလေးနက်နက်ညှိနှိုင်းဆွေးနွေးတတ်ဖို့က ပိုပြီးအရေးကြီးနေတယ်…..

မတရားတဲ့တရားရုံးမှန်သမျှကိုသော့ခတ်ထားစေချင်သလို
အမှန်တရားအတွက် ထောင်တံခါးရွက်တွေကိုလည်းအမြဲတမ်းလှပ်ထားစေချင်ပါတယ်….

တောတလုံးတောင်တလုံးအမြီးအမောက်မတည့်တဲ့ စကားလုံးတွေကို
ကမ္ဘာကြိုကမ္ဘာကြား အူယားဖားယားလှည့်ပြီးရေလဲသုံးစွဲနေဖို့ထက်
လူသတ်နေတဲ့ ဗုံးလက်နက်စစ်ပွဲတွေရပ်ပစ်ဖို့ကပိုပြီးအရေးကြီးနေတယ်…

ခါကာဘိုရာဇီတောင်ထိပ်စစ်အငွေ့အရိပ်တွေဖုံးမှာကို စိုးရိမ်သလို
တနိုင်ငံလုံး စစ်အသုံးစရိတ်တွေထဲကရုန်းမထွက်နိုင်မှာကိုလည်း စိုးရိမ်မိပါတယ်…

ခေတ္တခဏ နားကိုငြိမ်သက်ပြီးနားရွက်ကိုထောင်ပါ လူကြီးမင်း
ယခု..ကျွန်ုပ်ခေါ်ဆိုနေသောစက်ဟာဆက်သွယ်မှုဧရိယာအတွင်းမှာသာရှိနေပါတယ်
ကျေးဇူးပြုပြီး…ခင်ဗျားရဲ့တော်ကီတွေထဲကိုတရုတ်ကော်ပီတွေရောပြီး မဖျော်မိပါစေနဲ့
ကြာရင် ကမ္ဘာ့အပြေင်မှာငါနဲ့ငါတယောက်တည်း
ချောင်ပိတ်မိနေတဲ့ အမှောင်ဒိတ္ထိကြီးလည်းဖြစ်နေပါဦးမယ်……..။                 ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts