>Interview – Freed Political Prisoner Monk, U Kovida

>

“ ဘုန်းဘုန်းတို့ကတော့ အာဃာတ မထားပါဘူး။ပြုသူအသစ် ခံသူ အဟောင်း ” တဲ့ 
ဦးကောဝိဒ နှင့် အင်တာဗျူး

မိုးမခ အထောက်တော်၊ ရန်ကုန်
ဒဂုံမြို့သစ် (အရှေ့ပိုင်း ) တက္ကသီလာ မဟာဇေယျ သိဒ္ဓိပဋ္ဌာန်းကျောင်းတိုက်မှဆရာတော် ဦးကောဝိဒ ဟာ ၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းကာလ တုန်းက ကျောင်းမှ သံဃာငယ်တွေ စီတန်းလှည့်လည်ပရိတ်ရွတ် တဲ့ကိစ္စမှာ ကျောင်းထိုင် ဆရာတော် တဦးအနေနဲ့ ရော မြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌတဦးအနေနဲ့ပါ တာဝန်ရှိတယ်လို့ စွပ်စွဲခံရပြီး ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရပါတယ်။
အင်းစိန်ထောင်တွင် ၁၃ လတာ နေရပြီး နောက ၅၀၅ (ခ) (သာသနာညှိုးနွမ်းမှု၊နိုင်ငံတော် အကြည်ငြိုပျက်စေမှု) နဲ့်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက် သရက်ထောင်သို့ပြောင်းရွှေ့ခံရပြီး ၄ နှစ်တာကာလ အကျဉ်းကျခံခဲ့ရာမှ လွတ်ရန်ရက်ပိုင်းအလို ယခုလ ၁၂ ရက်နေ့မှာလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပါတယ်။
ဆရာတော်ရဲ့ စစ်ကြောရေး အတွေ့အကြုံ၊ ထောင်အတွေ့အကြုံများကိုမေးမြန်း ဖေါ်ပြပေးလိုက်ပါတယ်။
မေး ဆရာတော်ရဲ့ အဖြစ်အပျက်ကို နည်းနည်း ပြောပြပေးပါဘုရား
ဖြေ ၂၀၀၇ စက်တင်ဘာမှာ ဘုန်းဘုန်းတို့က မြို့နယ်သံဃာ့နာယကဂိုဏ်းပေါင်းစုံ စည်းကမ်းထိမ်းသိန်းရေး အဖွဲ့ဝင် ဒွါရဂိုဏ်းကပါ။
 ဓါတ်ဆီ၁ ဂါလံကို ၁၅၀၀ ရောင်းနေရာကနေ ၃ ထောင်တင်လိုက်တော့ ဦးဇင်းလေးတွေ ကနေပြီး ဆွမ်းခံထွက်ရင်ကားခတောင်းတယ်။ တင်လည်း မတင်တော့ဘူး၊ ဒကာဒကာမတွေလည်း စားဝတ်နေရေး ဈေးကြီးပြီး အခက်အခဲတွေတွေ့ကြတယ်။ဖုန်းကြီးတွေက ရွှေတိဂုံဘုရားကနေ စတာပေါ့။ ရွှေတိဂုံဘုရားမှာ စုပြီးတော့ သွားကြတာပေါ့။ကလေးတွေပေါ့ ၊ ဘုန်းဘုန်းတို့ကတော့ မပါပါဘူး။ ဘုန်းဘုန်းတို့က မြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌဆိုတော့ မပါဘူး။ စာသင်သားတွေပေါ့။ သွားကြလာကြ၊ အရေးအခင်းကြီးတွေ ဖြစ်တော့ ဘုန်းဘုန်းတို့ကိုတိုင်းဥက္ကဋ္ဌ ဆရာတော်တွေက တင်းတာပေါ့။
တင်းပြီးတော့၊ မြို့နယ်တိုင်းမှာ တော်တော်လေး ဖြစ်နေကြပြီ၊အဲဒီတော့ မြို့နယ်သံဃာ့နာယက ဆရာတော်တွေက ထိန်းကြပေါ့။ တချို့မြို့နယ်မှာလည်းပဲ ပရိတ်မရွတ်ရသေးဘူးဆိုရင် တနေ့လောက်တော့ ရွတ်ပေါ့။ နောက်နေ့တွေ ဆက်တိုက်မရွတ်နဲ့၊ တိုင်း ဒု ဥက္ကဋ္ဌ ဆရာတော်ကအဲဒီလို အမိန့်ရှိတယ်။ အမိန့်ရှိတော့ ဘုန်းကြီးတို့က ကိုယ့်မြို့နယ် ရောက်တော့ စာတွေဘာတွေရိုက်ပြီး ကျောင်းတိုင်ွး ပို့တာပေါ့၊ မြောက်ပိုင်း ၇၊ ၈ လမ်းဆုံမှာ စုပြီးတော့ မြို့ဦးစေတီအရောက်ပေါ့။ ဖိနပ်လည်း မစီးဘူး။ အဲဒီ ပရိတ်ရွတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ၉ လပိုင်း စက်တင်ဘာ၁၇ ရက်နေ့ ရွတ်ကြတာ၊
ဘုန်းဘုန်းတို့လည်း တိုင်းက မှာတဲ့အတိုင်းပေါ့။ တရက်ရွတ်တာ၊ဒါပေမယ့် သံဃာ အငယ်တွေကတော့ ထိန်းလို့ မနိုင်ဘူး။ ရွှေတိဂုံဘုရား သွားလိုက်၊ ကြေးသွန်းဘုရားသွားလိုက်၊ထိန်းလို့ မနိုင်ဘူး၊ မြို့နယ်တိုင်းမှာ စုပြီး သွားကြတာပဲ။ ဒါကတော့ ကလေးတွေကိုး၊ လူကြီးတွေသွားတာမတွေ့ပါဘူး။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ၂၇ ရက်နေ့ လောက်မှာ ဘုန်းဘုန်းတို့ကျောင်းကို မနက် ၆နာရီ ၁၀ မိနစ်မှာ စစ်တပ် တပ်မ ၇၇ ကအလုံးအရင်းနဲ့ ၀င်စီးတာ၊ ရဲတပ်ရင်းတွေလည်းပါတယ်။ ကျောင်းပေါ်ကို တက်လာတဲ့ စစ်သားတွေဟာ အကုန်လုံး မူးမူးရူးရူးနဲ့ ၊ လူမှန်းသူမှန်းကိုမသိဘူး၊ ဘုန်းကြီးတွေကို ခေါင်းကိုရိုက်တယ်။ ကျောင်းသားတွေကို ရိုက်ထုတယ်။ တချို့ကျောင်းသားတွေကွဲတယ်။ သွေးတွေတောင်မှ ခုထက်ထိ ရှိသေးတယ်။
ဘုန်းဘုန်းတို့ ရှိတဲ့ သေတ္တာတွေကို ဖွင့်တယ်။ သေတ္တာတွေထဲကပစ္စည်းတွေ ကင်မရာတွေ၊ ကက်ဆက်တွေ ရေဒီယိုတွေ၊ နောက် ကျောင်းသားလေးတွေ အပ်ထားတဲ့ မလေးရှားတို့စင်ကာပူတို့ သွားလို့ အပ်ထားတဲ့ သေတ္တာတွေထဲက ပစ္စည်းတွေ အကုန်ယူတာ၊ သေတ္တာတလုံးယူတယ်။ဘုန်းဘုန်းမှာ ကျောင်းဆောက်နေတဲ့ ထိုင်ဝမ်က တရုတ်တွေက ဒေါ်လာ ၁ သောင်းလှူထားတယ်။ ကျောင်းဆောက်နေတယ်။ဒေါ်လာ ၄ ထောင်လောက်ကျန်တယ်။ မြန်မာငွေက ၈ သောင်းပေါ့။ အဲဒါတွေကို နှိုက်ပြီး ယူသွားတယ်။ဘဏ်စာအုပ်တွေကိုလည်း သိမ်းသွားတယ်။ နောက် တရားရုံးရောက်တော့ ဘဏ်စာအုပ်တွေကို ပြန်ပေးတယ်။ပိုက်ဆံတွေတော့ တပြားမှ ပြန်မရဘူး။
နောက် ဘုန်းကြီးက အပေါ်ထပ်မှာ သူတို့ သေနတ်တွေနဲ့ ချိန်ပြီးတက်လာတယ်။ ဘုန်းကြီး မျက်နှာကြက်မှာ ပုန်းနေတယ်။ မသိဘူး၊ နောက် ကလေးတွေကို ရိုက်မေးတော့ဘုန်းကြီး မျက်နှာကြက်မှာ ဆိုတော့ ဆင်းလာတယ်။ ဆင်းလာတဲ့ အချိန်မှာ ဘုန်းဘုန်းကို နောက်ပြန်လက်ထိတ်ခတ်ပြီးလက်သီးနဲ့ ပိတ်ထိုးတယ်။ ခုတောင် ဒဏ်ရာတွေရှိသေးတယ်။ မျက်စေ့မှာ၊ မျက်သားတက်တဲ့ ဒဏ်ရာ။
မေး မြို့နယ် သံဃာ့နာယက ဖြစ်လျှက်နဲ့ သံဃာငယ်တွေ ကိုမထိန်းရကောင်းလား ဆိုပြီးဘုန်းဘုန်းကို မဲတာလား ဘုရား၊
ဖြေ ဘုန်းဘုန်းက အဲလို မလုပ်ဘူး၊ ကလေးတွေကို တားလည်း တားတယ်။သိပ်မသွားကြနဲ့တော့ ဖမ်းလိမ့်မယ်၊ အမိန့်တွေလည်း ထုတ်ပြီးပြီ၊ တပါး ၂ ပါးကတော့ သွားတယ်။နောက်ဆုံးတော့ ဘုန်းဘုန်းကို ဒီမြို့နယ်မှာ အမိန့်ထုတ်တယ်။ ၂ ပါးဖမ်းတယ်။ ဖမ်းတဲ့နေ့သင်္ကန်းချွတ်ပြီး အင်းစိန်ထောင် တိုက်ရိုက်ပို့တာပဲ။
မေး ကျောင်းမှာ ဘယ်နှပါးလောက်ရှိလဲ ၊
ဖြေ အဲတုန်းကအပါး ၇၀ လောက်ရှိတယ်။
မေး အဲဒီနောက် ဘယ်လိုဖြစ်ပျက်လဲ။
ဖြေ အင်းစိန်ထောင်ကို တိုက်ရိုက်ပို့တယ်။ သင်္ကန်းအတင်းချွတ်တယ်။ဒါလည်း အတင်းပါပဲ ဒကာကြီးရယ်၊ အတင်းချွတ်ခိုင်းတာ၊ ဘုန်းကြီးတို့က ချွတ်ရတာပဲလေ၊ သူတို့ကလက်နက်နဲ့ ချိန်ထားတာကိုး၊ အင်းစိန်ထောင်ရောက်သွားတော့လည်း ခြင်ထောင်မရှိဘူး၊ ခြင်တအားကိုက်တယ်။  ကျွေးတာမွေးတာလည်း ဘုန်းကြီးတို့က အကောင်းစားနေတာ၊အင်းစိန်မှာ တပါတ်မှာ ၂ နပ်လောက်ပဲ ကောင်းတာ၊ ကျန်းမာရေး အရရော၊ စိတ်ဓါတ်ရေး အရရော၊အင်းစိန်ထောင်မှာ ဖမ်းထားတာ တော်တော်လေးကို ဒုက္ခရောက်တယ်။
အင်းစိန်ထောင်မှာ ကျနေတုန်း တပွင့်နဲ့ တယောက်က ဦးဇင်းကိုလက်သီးနဲ့ ထိုးတယ်။ လက်ကိုထိုးတယ်။ ထိုးရတဲ့အကြောင်းရင်းက ဘုန်းဘုန်းကျောင်းက ၂ ပါးပါလာတယ်။သူက ဘုန်းကြီး အပါး ၃၀ ၊ ပရိတ်ရွတ်တုန်းက ပါတဲ့ အပါးသုံးဆယ် နာမည်တွေကို ရေးခိုင်းတယ်။ဖမ်းတဲ့အထဲမှာ ဘုန်းဘုန်းကျောင်းက တပါးလည်းပါတော့ သူကတော့ အကုန်ရေးနိုင်တာပေါ့။ ဘုန်းဘုန်းကတော့မရေးနိုင်ဘူး ၊ ပြည့်အောင် ဖြည့်ပြီးရေးတာကိုး၊ အဲလိုဆိုတော့ ဟိုဦးဇင်းနဲ့ မတူတော့ညာ ပြောတယ်ဆိုပြီး စစ်နေတုန်းအချိန်မှာ လက်သီးနဲ့ ထိုးတယ်။ စရဖကလည်း လာစစ်တယ်။ မတ်တပ်ရပ်ခိုင်းထားတယ်။သူတို့ကတော့ သင်္ဃန်းချွတ်လိုက်ပေမယ့် ဘုန်းဘုန်းတို့မှာ သိက္ခာမှ မချပဲ၊ သူတို့ သာမန်လူတယောက်လောက်တောင်မဆက်ဆံဘူး။
မေး သူတို့ ဆက်ဆံပြုမူပုံကို နည်းနည်း ပြောပြပေးပါ ဘုရား၊
ဖြေ ဒီလောက်လေးနဲ့ သာသနာကို ရက်ရက်စက်စက်လုပ်တော့ ဘုန်းကြီးတို့စိတ်မကောင်းဖြစ်နေတာပေါ့။ အထက်ကလူလည်းပဲ ဒီလောက်ထိခိုင်းမယ်လို့ မထင်ဘူး။ လုပ်တဲ့သူကမူးမူးရူးရူးနဲ့ လုပ်တာလို့ ထင်တယ်။ အေးအေးဆေးဆေး ခေါ်လာလို့ရပါတယ်။ အခုတော့ ဘုန်းကြီးကသင်္ဃန်းက ကားမှာ ၀ပ်ပြီးလိုက်ရတာ။ သူတို့က ထိုင်ပြီးလိုက်လာတာ။ ကားပေါ်မှာ ထိုင်လိုက်လာတာကစစ်သားတွေ၊ ဘုန်းဘုန်းတို့ သိက္ခာတောင် မချရသေးပဲ အဲလိုဆက်ဆံတာကတော့ အန်မတန် ဘာသာရေးမှာရိုင်းစိုင်းမှုရှိတယ်လို့ ယူဆတယ်။
စစ်ကားပေါ်မှာ ၀ပ်နေရတယ်။ လက်ထိပ်ကြီးနဲ့ သွေးတွေတောင်ထွက်တယ်။တင်းလွန်းလို့၊ သံလက်ထိပ်နဲ့ ဦးဇင်း ၂ပါးကို ၊ အောက်မှာ ၀ပ်ထားခိုင်းတာ၊ သိက္ခာလည်းမချရသေးဘူး။ သင်္ဃန်းလည်း မချွတ်ရသေးဘူး။ မြင်တာက ဒီပုဂ္ဂိုလ်ဟာ ဘုန်းကြီးမဟုတ်တော့ဘူးဆိုပြီးလုပ်လို့မှမရပဲ။ သာသနာမှာ မဟုတ်ဘူးလား။ ကောင်းကောင်းမွန်မွန်ခေါ်ရမယ်။ ကောင်းကောင်းမွန်မွန်ခေါ်ပြီး ဆရာတော်ကြီးတွေနဲ့ သိက္ခာချ ခိုင်းရမယ်။ လူရိုင်းသဘောမျိုးဖြစ်နေတယ်။ သူတို့လုပ်တာက။
မေး အားလုံးပဲလား၊ သံဃာဆိုတော့ တချို့က မ၀ံ့မရဲတဲ့သူလည်း ရှိတယ်။ တချို့ကျတော့ရိုင်းရိုင်းစိုင်း စိုင်းဆက်ဆံမရဲတာမျိုး
ဖြေ သူတော်ကောင်းတွေလည်း ရှိတယ် တကာကြီး၊ ဆရာတော်ခေါ်တာမျိုးလည်းရှိတယ်။ ရှိခိုးတယ်။ သူတော်ကောင်း တွေလည်းရှိတယ်။ ဒကာကြီးပြောသလိုပဲ တချို့ရဲတွေက ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။သူတို့ သဘောတရားတွေကိုလည်း အကုန်လုံးနားလည်တယ်။ ဘုန်းဘုန်းတို့က အကုန်လုံးကို မပြောပါဘူး။ယုတ်မာတဲ့သူရှိသလို သူတော်ကောင်းတွေလည်း ရှိတယ်။ ထောင်မှာလည်း ရှိတယ်။ ညွှန်ချုပ်တွေလည်းဆရာတော် ခေါ်တယ်။ သင်္ဃန်းမရှိပေမယ့်။ သုံးပွင့်နဲ့ ၀န်ထမ်းတွေလည်း ဆရာတော် ၊ ဆရာတော်ကြီးအဲလိုခေါ်တယ်။ ဒါသူတို့ရဲ့ ဟိုဥစ္စာပေါ့၊ ဘာသာရေး အပေါ်မှာ ယုံကြည်ချက်ပေါ့။ တချို့ကတော့ဘုန်းကြီးမဟုတ်တော့ဘူးဆိုပြီး အဲလိုလုပ်တာ။
မေး။     သူတို့က ဘယ်လိုယူဆသလဲ ဘုရား။
ဖြေ သူတို့က တကာကြီး ဘယ်ဥပဒေနဲ့ကြည့်ကြည့် ဥပဒေအတိုင်းသာဆောင်ရွက်ရမယ်။ မြို့နယ် သံဃာ့နာယက တပါးကို အမှုလုပ်မယ်၊ စစ်ဆေးမယ်ဆို တိုင်းသံဃာ့နာယကက တဆင့်သာလုပ်ရမယ်။ အခုက သူတို့က ပြောင်းပြန်ဖြစ်နေတယ်။ သူတို့လုပ်ပြီးမှ တိုင်းသံဃာ့နာယကတွေကိုခေါ်ပြီးတော့ တဖက်သတ် ဒီဖုန်းကြီးဘာဖြစ်တယ်။ ညာဖြစ်တယ် အမျိုးမျိုးလုပ်ပြီးတော့အထက်ကို  တင်ပြတယ်။ ဘုန်းဘုန်းတို့က ဒီလောက်ကြီးအပြစ်ရှိတာမဟုတ်ဘူး။ ၀ိဘဇ္ဖ ၀ိဉာဏ ဉာဏ်နဲ့ စဉ်းစားကြည့်ရင် ဟုတ်လား။ ဥပဒေ အတိုင်းလုပ်သင့်တယ်။အခုက ဥပဒေကို မျက်ကွယ်ပြုပြီး ဒီလိုလုပ်တယ်လို့ ဦးဇင်းတို့ ယူဆတယ်။
အေးအေးဆေးဆေး ခေါ်လို့ရတယ်။ အဲလိုမဟုတ်ပဲ အခုလိုလာခေါ်တာကဦးဇင်းတို့က ခွေးရူးနဲ့ တူတယ်လို့ ပြောချင်တယ်။ လူကောင်းတွေကို မစော်ကားဘူး။ ခွေးရူးတွေကကိုယ့်ကိုကျွေမွေးထားတဲ့ သခင်လည်း မသိတော့ဘူး ကိုက်မှာပဲ၊ အပြစ်ရှိလား မရှိလား မစဉ်းစားတော့ဘူး။
ကိုရင်တွေ့ရင် ကိုရင်ရိုက်၊ ရှိတဲ့ ပစ္စည်းကိုယူ၊ အဲဒီပစ္စည်းတွေကလည်းတရားရုံး ဆုံးဖြတ်တဲ့အခါ မီးရှို့တဲ့ အထဲကို ထည့်လိုက်တယ်။ ပစ္စည်းကောင်းတွေကို၊ မီးရှို့ဖျက်ဆီးတယ်ဆိုပြီးထည့်လိုက်တယ်။ ကျောင်းသား အ၀တ်အစားတွေပဲ၊ ကျောင်းသား သေတ္တာတွေကို၊ ကျောင်းဆိုတာက တောထဲမှာနေတဲ့ ပုဂ္ဂိုလ်မှ မဟုတ်ပဲ၊ တောရဆောက်တည်နေတဲ့ ပုဂ္ဂိုလ်မှ မဟုတ်ပဲ။ မြို့မှာနေတာဆိုတော့ဒီဘုရားတောင်မှ စရိယ သုံးပါးကျင့်ခဲ့တာပဲ။
မေး အထဲမှာနေရတဲ့ အခြေအနေကို ပြောပြပေးပါ
ဖြေ အထဲမှာနေရတော့လည်း တချို့ ထောင်ပိုင်တွေက ဘုန်းဘုန်းတို့ကိုဘုန်းကြီးအနေနဲ့ အသိအမှတ်ပြုပါတယ်။ ဒီဘုန်းကြီးတွေဟာ ပရိတ်ရွတ်တာပဲ၊ ရာဇ၀တ်မှုမှ မဟုတ်တာဆိုပြီးကောင်းကောင်း ဆက်ဆံပါတယ်။ တချို့က အဲလို မဟုတ်တာလည်း ရှိတယ်။
မေး ဘယ်ထောင်တွေမှာ နေခဲ့ရလဲ။
ဖြေ အင်းစိန်မှာ ၁၃ လနေခဲ့ရတယ်။ အမှုကပြီးတယ်။ ဒါပေမယ့်ဆုံးဖြတ်တာက အကြာကြီးနေမှ ဆုံးဖြတ်တာ၊ ၂၀၀၇ စက်တင်ဘာမှာ ဖမ်းတာကို ၂၀၀၈ ဆယ်လပိုင်းမှဆုံးဖြတ်တာ။ အမိန့်ချတဲ့ တရားသူကြီးက ချုပ်ရက်ခံစားခွင့်ရှိတယ်ဆိုတာကို မရေးလိုက်ဘူး။အဲဒါကြောင့် လွတ်တဲ့အခါ နောက်ကျနေတာ။ မေးကြည့်တော့ တချို့တရားသူကြီးတွေက ချုပ်ရက်ခံစားခွင့်ရှိတယ်ဆိုတာရေးတယ်။ တချို့က မရေးဘူး။ အဲဒါကြောင့် အင်းစိန်ထောင်မှာ နေတဲ့ရက်တွေ အလကားဖြစ်သွားတာပေါ့။
ပုဒ်မက ၅၀၅ (ခ) နဲ့ ဘုန်းကြီးတိုင်းကို တပ်တာပဲ၊ သာသနာညှိုးနွမ်း၊ နောက်ပြီးတော့ ကျောင်းက သိမ်းလာတဲ့ တုတ်တွေ ဓါးတွေပေါ့၊ ဟင်းလှီးဓါးတွေပါ၊ထင်းခုတ်ဓါးမတွေ၊ ဘုန်းဘုန်းလမ်းလျှောက်တဲ့ တုတ်တွေကိုလည်း ပုဒ်မတပ်တယ်။ နောက် အဖွဲ့အစည်းတရားမ၀င် အသင်းအဖွဲ့ဆိုပြီး ချတယ်။
မေး ထောင်ထဲက အချိန်တွေကို ဘယ်လို ကုန်ဆုံးစေလဲ
ဖြေ ဘုန်းဘုန်းတို့ကတော့ တရားထိုင် လမ်းလျှောက်၊ စာဖတ်ပေါ့။ဒါကတော့ ကိုယ့်အလုပ်လုပ်ရတာပေါ့။
ဘုန်းဘုန်းတို့ကတော့ ထောင်ထဲရောက်ဖူးသူဆိုတော့ ကိုယ်ချင်းစာတယ်။အကုန်လုံး လွတ်စေချင်တယ်။ အခု သိန်းစိန်အစိုးရက ဂွတ်ဂါးဗားမင့်၊ ကလင်း ဂါးဗားမင့် ဖြစ်ရမယ်ဆိုတော့အဲဒီစကားကို တအားယုံကြည်တယ်။ အားလည်း အားကိုးတယ်။ အခုတော့ ဘုန်းဘုန်းတို့က အကျဉ်းကျနေတဲ့နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်မပေးဘူးဆိုတော့ Dumb Government လိုဖြစ်နေတယ်။ဉာဏ်ထိုင်းနေတဲ့ အစိုးရလိုဖြစ်နေတာ။ အခု ၂ သုတ်ရှိပြီး အများကြီး ကျန်နေသေးတယ်။
အခု ထောက်လှမ်းရေးတွေလည်း ဖမ်းထားတဲ့ သူတွေ ဗိုလ်မှူးကြီးစန်းပွင့်တို့  ဗိုလ်ချုပ်ခင်ညွန့် သားမက်ကိုတင်ထွတ်တို့ တူတွေ ဗိုလ်ကြီးတွေ အများကြီးပဲ သရက်ထောင်မှာ ၊ သူတို့ စိတ်ကောင်း နှလုံးကောင်းရှိရင်လွှတ်ပေးရမှာပဲ။ သူတို့လည်း မိသားစုနဲ့ ပြန်တွေ့ချင်မှာပဲ။ မဟုတ်ဘူးလား။ ဘုန်းဘုန်းတို့ကအားလုံး ထောင်ခါ ပစ်လိုက်စေချင်တယ်။ ဒါမှ ပဲ အသစ်တက်လာတဲ့ အစိုးရဆိုတာ၊ နောက်မှ အပြစ်ရှိရင်ဖမ်းပေါ့။
ဒီမိုကရေစီ အစိုးရ ဖြစ်လာမယ် ဆိုရင် လွှတ်ပေးစေချင်တယ်။လွှတ်ပေးမှလည်း နိုင်ငံတကာ က သူတို့ အပေါ် အကောင်းမြင်မှာ။ အခုဘုန်းဘုန်းက လွတ်ဖို့ ၁၆ရက်ပဲ ကျန်တော့တယ်။ ၂၈ ရက်နေ့ လွတ်မှာ ၊ အောက်တိုဘာ ၂၈ လွတ်ဖို့ စာကပ်ထားပြီ။ လွတ်ခါနီးဖြစ်တာပေါ့  တချို့လည်း ပါပါတယ်။ အနှစ်၂၀ ကျတာ အခု ၁၀ နှစ်နဲ့ လွတ်လာတယ် ဆိုတာမျိုး၊ အချို့အချို့ပေါ့။
ဒီတသုတ်မှ ထောက်လှမ်းရေးတွေ သူတို့ ပါလောက်တယ်လို့ မျှော်လင့်နေကြတယ်။ ဒါပေမယ့် အခုလွတ်တော့သူတို့ မပါဘူး။
မေး အထဲမှာ ဘယ်လို နေရလဲ တနေ့ဘယ်နှနာရီလောက် အပြင်ထွက်ခွင့်ရလဲ။
ဖြေ သရက်ထောင်မှာတော့တနေ့ ကို နေ့ခင်း ၂ နာရီပဲ ပိတ်တယ်။ ကျန်တဲ့ နေ့ခင်းအချိန်တွေ အခန်းပြင်ထွက်ခွင့်ရတယ်။အင်းစိန်မှာတော့ အဲလိုမဟုတ်ဘူး။ သီးသန့်မှာနေရတော့ အဲလို မထွက်ရဘူး။
မေး သူ့နဲ့ လူချင်း ပြန်တွေ့သေးလား။
ဖြေ လူချင်းတော့ ပြန်မတွေ့ဘူး တကာကြီး။
မေး သံဃာတပါးကို သူတို့ ထောင်ချထားတယ်။ ကိုယ်ကိုယ်တိုင်ကလည်း သိက္ခာမချဘူး။ သံဃာလို့ပဲမှတ်ယူထားတယ်။ အဲလို အနေအထားမှာ ထောင်ထဲမှာ ဘယ်လို နေထိုင်လဲဆိုတာပါ။
ဖြေ အထဲက အကျဉ်းသားတွေလည်း ဘုန်းဘုန်းကို အကုန်လုံး ဘုန်းကြီးပဲ။လှူလည်း လှူကြတယ်။ ရှစ်လည်းခိုးတယ်။ ထောက်လှမ်းရေး အဖွဲ့တွေလည်း လှူတယ်။ ကိုတင်ထွဋ်တို့ကအစ၊ သူတို့ ဆွမ်းတွေဘာတွေက အစ၊ သူတို့ စနေနေ့ဆို သက်သတ်လွတ် စားရင် ဘုန်းဘုန်းကို သက်သတ်လွတ်လာလှူတယ်။ဘုန်းဘုန်းလဲ ဖုန်းပေးတယ်။ သူတို့ကလည်း အရင်တုန်းက ထောက်လှမ်းရေး ဆိုတာ အာဏာ တအားကြီးတာကိုးနော၊အာဏာရှိခဲ့တော့ ဘုန်းကြီးတွေကို ဖမ်းခဲ့တာ ချုပ်ခဲ့တာလည်းရှိတယ်။ သူတို့ကိုတော့ ထောင်ထဲမှာအညှိုးထားသူလည်း ထားကြတယ်။ ဘုန်းဘုန်းတို့တော့ မထားပါဘူး။ ၀ဋ်လည်တယ်လို့ပဲ ယူဆတယ်။ ဘုန်းဘုန်းတို့လည်းလက်တွေ့ပဲ ဖမ်းထားခဲ့တာ၊ ဘာမှ အပြစ်မရှိပဲ အတင်းဆွဲချွတ်၊ ထောင်ချတာ၊ ဘုန်းဘုန်းတို့ကတော့အာဃာတ မထားပါဘူး။ ပြုသူအသစ် ခံသူ အဟောင်းတဲ့။
မေး သူတို့ရော သံဝေဂ ရကြလား
ဖြေ ဘုရား တရားလုပ်ကြတာတော့ တွေ့တာ အများကြီးပဲ။ သံဝေဂရတယ်ဆိုတာတော့ ဘုရားကျမ်းဂန် ပေါ်မူတည်တာပဲ။ သူတို့လည်း ဘုန်းကြီးတွေဖမ်းခဲ့တာ တာဝန်အရလုပ်ခဲ့ရတယ်လို့ ပြောတယ်။ ဒီလိုပဲ ပြောတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။ တာဝန်အရပေမယ့် ဘုန်းကြီးတို့ရဟန်းတွေက လူသတ်တာလည်း မဟုတ်၊ ခိုးတာလည်း မဟုတ်၊ ဒီလောက်လေးတော့ ပရိတ်ရွတ်တာလောက်ပဲ။
ဘုရားသက်တော် ထင်ရှားရှိစဉ်ကတည်းက လိစ္ဆ၀ီ မင်းသားတွေကိုတရားလည်း မဟောတော့ဘူး သူတို့လှူတာလည်း မစားတော့ဘူး။ ဘုရားက ပါရမီရှင်ပဲ၊ ဘုရားကို ပြစ်မှားလို့ရှိရင်ဒိဋ္ဌ ဓမ္မအကျိုးပေးတာပေါ့။ ဘုန်းဘုန်းတို့ ပါရမီမပြည့်သေးတဲ့ ပုဂ္ဂိုလ်တွေကို ပြစ်မှားတာကတော့လက်ငင်း အကျိုးမပေးတောင် တနေ့တော့ ပေးမှာပဲ။ ပေးမှာလို့ ဘုန်းကြီးလည်း ယူဆတယ်။ ဒီသံဃာတွေကိုမတရားလုပ်ထားတာတွေ စိတ်ကောင်း နှလုံးကောင်း မရှိပဲ လုပ်ထားတာတွေ၊ တချို့ကတော့ သူတော်ကောင်းတွေရှိပါတယ်။
အာဏာရှိတဲ့ ပုဂ္ဂိုလ်ထဲမှာ ဘုရားတရားကို မစော်ကားရဲဘူး။သူတောင်ကောင်း တရားဆိုတာက မိမိကြောင့် မည်သူမျှ မတရားသဖြင့် မနစ်နာစေရ၊ ဆိုတဲ့ အခြေခံမူတော့ရှိရမှာပေါ့။ ၀န်ထမ်းပေမယ့်လည်း ဒီမူတော့ ရှိရမှာပေါ့။ အဲလိုမရှိဘူးဆိုရင် တိုင်းပြည်ကမင်းကျင့်တရားနဲ့ မညီဘူးလို့ ဆိုရမှာပေါ့။
မေး ၂၀၀၇ က သံဃာတွေ အားလုံး လွတ်ပြီလား။ ဘယ်လောာက် ရာခိုင်နှုန်းကျန်သေးလဲ။
ဖြေ ကျန်သေးတယ်။ တခြားထောင်တွေမှာလည်း ကျန်သေးတယ်။ တ၀က်လောက်တော့ပြောဖို့က စောသေးတယ် ထင်တယ်။
(ဓာတ်ပုံ – သောကြာနေ့၊ အောက်တိုဘာ ၂၁၊၂၀၁၀၊ အင်န်အယ်ဒီရုံးချုပ် နိုင်/ကျဉ်း တွေ့ဆုံပွဲတွင် တွေ့ရသော ဆရာတော်နှင့် ဒေါ်အောင်ဆန်းစုကြည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts