ဟံသာဝတီ ဦးဝင်းတင်

U Win Tin – NLD to be or not to be, tis a question

>

မှတ်ပုံတင်မလား၊ မတင်လား … ကောလဟာလ
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ အောက်တိုဘာ ၂၆၊ ၂၀၁၁
လက်ရှိအခြေအနေမှာ မြန်မာပြည်တွင်းမှာနိုင်ငံရေးအခြေအနေတွေ လှုပ်လှုပ်ရှားရှားဖြစ်နေတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂၀၁ဝ ခုနှစ်မတ်လ ၈ ရက်နေ့က စစ်အစိုးရက သူတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းစဉ်တုန်းကတင်းတင်းမာမာပြဋ္ဌာန်းခဲ့တဲ့ ကန့်သတ်ချက်တွေကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီးတော့ အင်န်အယ်ဒီပါတီကိုမှတ်ပုံတင်နိုင်အောင် လုပ်ပေးနေပြီလို့ သတင်းတွေ ကြားနေရတယ်။ ဒါကြောင့် ဆရာဦးဝင်းတင်နဲ့သူ့သဘောထားကို မေးမြန်းခဲ့ပါတယ်။
မေး။    ။၂၀၁၀ မတ်လ ၈ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေအကြောင်းလေး ပြန်ပြောရအောင် ဆရာ။
ဖြေ။     ။ အဲသည်တုန်းက အင်န်အယ်ဒီပါတီက အဲသည်က အချက်အလက်တွေကိုလက်မခံနိုင်ဘူးဆိုပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ပါတီကို မှတ်ပုံမတင်ခဲ့ဘူး။  ၂၀၁၀ တုန်းက ဖြစ်ခဲ့တဲ့ အနေအထားမှာ ၂၀၀၈ အခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ပါမည်လို့ သစ္စာခံခိုင်းတာပါတယ်။ ဒါကို တို့က ငြင်းခဲ့တယ်။ ထောင်ထဲရောက်နေတဲ့နိုင်ငံရေးအကျဉ်းသားတွေကို ပါတီကနေ ထုတ်ပစ်ရမယ်လို့ ရွေးကောက်ပွဲဥပဒေမှာ ဆိုထားခဲ့တယ်၊အဲသည်တုန်းက  ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေရှိနေတယ်။  ဒါကို လက်မခံနိုင်ဘူး။ နောက်ပြီးတော့၁၉၉၀ ရွေးကောက်ပွဲရလဒ်တွေကို ပျက်ပြယ်ပြီလို့ မှတ်ယူရမယ်ဆိုတဲ့ စာပိုဒ်ပါတယ်။ ဒါကိုလည်းဒို့က လက်မခံခဲ့ဘူး။
မေး။    ။ အင်န်အယ်ဒီပါတီ မှတ်ပုံတင်နိုင်အောင်ရွေးကောက်ပွဲဥပဒေကို ပြင်ပေးမယ်တဲ့လား
ဖြေ။     ။ သတင်းတွေ ဖြစ်နေတာကတော့ အခြေခံဥပဒေကို လေးစားလိုက်နာရမည်လို့ပြောင်းပြဋ္ဌာန်းမယ်လို့ သတင်းထွက်တယ်။ ဒါက သဘောကတော့ ရာဇသတ်ကြီးဥပဒေတို့၊ ပုဒ်မတို့စတဲ့ ရှိတာတွေကို လေးစားလိုက်နာရမယ်ဆိုတဲ့ သဘောမျိုးပေါ့ကွာ။ ဥပဒေက ဥပဒေဆိုတဲ့ သဘောမျိုး၊လက်ခံတာ မခံတာက တပိုင်းထားပေါ့။ နောက်တခုက ထောင်ကျနေတဲ့သူတွေကို ထုတ်ပစ်ရမယ်ဆိုတာတွေကိုလည်းဖယ်ရှားလိုက်မယ်လို့ ပြောတယ်။ နောက် ၁၉၉၀ ရလဒ်နဲ့ ပတ်သက်ပြီး တစုံတရာ အသိအမှတ်ပြုမယ်လို့သတင်းထွက်နေတယ်။ ဒီသတင်းတွေကြောင့် အင်န်အယ်ဒီနဲ့ မဟာမိတ်တွေ၊ စီအာရ်ပီပီအဖွဲ့ဝင်တွေကမှတ်ပုံတင်လိမ့်မယ်။ ပြီးတော့ အင်န်အယ်ဒီဟာ ရွေးကောက်ပွဲဝင်လိမ့်မယ်လို့ သတင်းတွေ အပြင်မှာထွက်နေတယ်ပေါ့ကွာ။
မေး။    ။ ဒါဆိုရင် သတင်းတွေထွက်နေပြီဆိုတာနဲ့ အင်န်အယ်ဒီပါတီထဲမှာ ဒါကို အတည်ထားပြီး ဆွေးနွေးနေကြပြီလား။
ဖြေ။     ။ ဒါတွေက ဘာဆွေးနွေးနေတာ ဘာမှ မရှိဘူး။ တရားဝင်ဥပဒေမှမရှိတဲ့ဟာကို ဘာတွေ ဆွေးနွေးရမှာလဲ။ ဒေါ်စုကိုယ်တိုင်ကလည်း ဦးအောင်ကြည်နဲ့ နောက်ဆုံးသတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပြီးသားပဲ ပါတီကိစ္စကို အင်န်အယ်ဒီပါတီ ခေါင်းဆောင်တွေနဲ့ ဆွေးနွေး တင်ပြပြီးမှဖြစ်မယ်ဆိုတာ ပြောခဲ့ပြီးသား ဖြစ်တယ်။
မေး။    ။ ဒါတွေက ကောလဟာလတွေပေါ့ဆရာရေ။
ဖြေ။     ။ ဟုတ်တယ်။ ဒါကို အခုအချိန်မှာ ဒီလိုပဲ ပြောပြရမှာပဲ။အစိုးရကနေပြီးတော့ ၂၀၁၁ ရွေးကောက်ပွဲဥပဒေဆိုပြီး ထွက်လာမှပဲ အကျိုးအကြောင်း သိရမှာပဲ။အခု စကားပြောနေတဲ့ အောက်တိုဘာ ၂၄ အထိတော့ ဘာမှ မသိရသေးဘူးပေါ့ကွာ။
မေး။    ။ ဟုတ်ကဲ့။ ၂၀၀၈ မတ်လ၈ ရက်နေ့တုန်းက ရွေးကောက်ပွဲဥပဒေပေါ်ခဲ့စဉ်တုန်းက အခြေအနေကို ပြန်ပြောကြမယ်ဆိုရင် အဲသည်တုန်းကဆရာနဲ့ ဦးအောင်ရွှေတို့နဲ့ ဆွေးနွေးကြတယ်။ စီအီးစီ အစည်းအဝေးနဲ့ အဆုံးအဖြတ် ဘာမှ မကျဘူး။စီအီးစီက စီစီခေါ်တယ်။ ဗဟိုကော်မီတီအစည်းအဝေးခေါ်ပြီး တညီတညွတ်တည်း ဆုံးဖြတ်ချက်နဲ့ ရွေးကောက်ပွဲကိုသပိတ်မှောက်ခဲ့ကြတယ်။ အခုလည်း လက်ရှိအစိုးရကနေ ရွေးကောက်ပွဲဥပဒေထုတ်ပြန်မှပဲ ဒါက အရေးယူရမယ့်ကိစ္စပေါ့နော်ဆရာ။
ဖြေ။     ။ ဟုတ်ပါတယ်။ အဲသည်တုန်းက အကြောင်းတွေကို ကျနော့်မီဒီယာအင်တာဗျူးတွေမှာ ပြောခဲ့တာတွေ ရှိတယ်။ ခင်ဗျားတို့ဆီမှာ ရှိသေးရင်လည်း ပြန်ညွှန်းပြစေချင်တယ်။အသေးစိတ်ကို အဲသည်မှာ ကြည့်လို့ရတယ်လေ။
(မိုးမခကမှတ်တမ်းတင်ခဲ့တဲ့ ၂၀၁၀ မတ်လ ၈ ရက် စစ်အစိုးရရွေးကောက်ပွဲဥပဒေဆိုင်ရာ အင်တာဗျူးကိုသည်နေရာမှာပြန်လည် ဖတ်ရှုနိုင်ပါသည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts