>Mar Mar Aye – 399

> “ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၃၉၉)

ကိုယ်တွေ့ဘွိုင်းကောက်
မာမာအေး
အောက်တိုဘာ ၂၄၊ ၂၀၁၁

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – တေးဂီတသမိုင်းမှာ အစဉ် အမယ်ဘုတ်ရဲ့သူ့ချည်ခင် ဖြစ်ခဲ့တာလေးတွေကို ရှင်းပေးချင်ချင် ဖြစ်နေလို့ ဆက်ကြပါဦးစို့နော်။

တကယ်တော့ ဂီတအဖွဲ့အစည်းအကြောင်း ခုပြောပြနေမိတာတွေ အားလုံးကို မေ့အောင် ကျိုးစားထားရတာ ကြာခဲ့ပါပြီ။ ၀ါးအစည်းပြေတဲ့အဖြစ်မျိုး ရိုးရိုးလေးပေမယ့် မျိုးရိုးအရှိ ဂီတဂုဏ်ရောင် မပြောင်ဘဲ ချောင်ဂလောင် အမှောင်ထဲ အထားခံရဆဲမို့ ပန်းနဲ့ပေါက်တာလဲ နာချင်တယ် လို့ မောင်ဆွေနွယ်ရဲ့ သီချင်းခေါင်းစဉ်လေး ငှားပြီး ပြောလိုက်ချင်တာပါဘဲ၊ မဲရွေးတဲ့နေ့က အကြောင်း ပြောရဘို့ အချိန်ကတော့ ရောက်နေပြီပေါ့ရှင်။ ရင်ထဲမှာ ဘယ်လောက် စစ်ဖြစ်ခဲ့ရသလဲ ဆိုတာတွေလဲ ချစ်ဆွေတို့ နာကြားနိုင်ခဲ့ပြီဘဲ။ မာအေးကို နားလည်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

မာအေး စုခဲ့ ဆောင်းခဲ့ရတဲ့ အထောက်အထား စာရွက်စာတမ်းတွေ ကိုယ့်ရဲ့ လက်ထဲတင် ခြ၀င်ဖျက်ဆီးလို့ ဘာမှ မရလိုက်တာ နှစ်ကြိမ်ပါ။ မာအေးရဲ့ သမီး မာမာအေးက ဆက်ထိမ်းထားတဲ့အခါမှာ တကြိမ် ထပ်ကြုံပြန်တော့ ခေါင်းထဲက အကျန်လေးဘဲ ရှိတော့တာလေ။ မေ့စေချင်လို့ ဇွတ်ကြီး မေ့ထားလိုက်ရတဲ့ အဲဒီ မဲရွေးပွဲနေ့ဟာ ဘယ်နေ့လဲ၊ ဘယ်မှာ ဘယ်တုန်းက ကျင်းပခဲ့တာလဲ၊ အရွေးခံရတာ ဘယ်သူတွေ ဖြစ်မလဲ၊ မသိစိတ်ထဲမှာတောင် ရှာမရတော့အောင် “မေ့တံတိုင်းကြီး” ကါဆီးထားသလို ခံစားရပါတယ်။ အဲဒီအထောက်အထားတွေ စေါင့်ရှောက်ပေးထားတဲ့ အစိုးရ အရာထမ်းဖြစ်တဲ့ ဂီတစာဆိုလေးဆီမှာ ရှိတာ သိပေမယ့် ခုလို အငြိုးခံနေရချိန်မှာ မာအေးက ဆက်သွယ်ခဲ့ရင် တဖက်သားမှာ ယုန်ထင်ကြောင်ထင် ခံချင် ခံနေရမှာ၊ ဘိုးအေ ဆိုသူကြီး နောက်ကွယ်ကထိုင် ကြိုးကိုင်တတ်တဲ့တချိန်က သူငယ်ချင်း ဆိုတာမှာလဲ စုတဲ့ သိမ်းတဲ့ ညာဉ် ရှိတာသိပေမယ့် အမြင်မှ မတူတော့တာမို့ မမေးချင်တော့ပါဘူး။ တိတိပပ ကိုယ်ဘာလုပ်ပြခဲ့တာလဲ ဆိုတာဘဲ ပြောပြပါရစေတော့။

ဂီတအစည်းအရုံး အမှုဆောင် ရွေးတဲ့ မဲပေးတဲ့နေ့ကပေါ့ရှင်၊ လာကြတဲ့ ဂီတသမားတွေ ပျော်ပျော်ရွှင်ရွှင် ကိုယ့်အုပ်စုနဲ့ကိုယ် ၀င်လာနေကြတာဘဲ၊ ဒိုင်ချုပ် နာယက လုပ်ပေးသူက ဗိုလ်ချုပ်မျိုးသန့် ဖြစ်ပါတယ်။ အားလုံးဟာ ကွက်ကြည့်ကွက်ကြည့်နဲ့ ကိုယ်တင်ချင်တဲ့ အမှုဆောင်လောင်း လာမလာ စောင့်နေကြသလို မြင်ရပါတယ်။ ဦးရေ သုံးရာကျော်လောက် တက်ရောက်တဲ့ ပွဲကြီးပါဘဲ။ အချိန်ရောက်လို့ မဲတွက်ဖို့ ကျေညာတဲ့အခါ မာအေး နာမည် မခေါ်တာ မဲငါးရွက်ထက် ပိုမယ် မထင်ပါဘူး။ ထိပ်ဆုံးက မဲတစ်ရာကျော် ဖြတ်ပြီး အရွေးခံထားရတဲ့ အမှုဆောင်လောင်း တဦး ဖြစ်လာပါတယ်။ အမှုဆောင်နေရာ (၂၇) နေရာ ရှိတာတော့ မှတ်မိပါသေးတယ်။ ဂီတကေါင်စီမှာတုန်းက အမှုဆောင် (၂၅)ဦး ပါလားလို့လဲ သတိသွားရလိုက်တယ်ရှင့်။ ဒီ ဂီတအစည်းအရုံးကျတော့ (၂)ဦး ပိုတာပေါ့လေ။

ဂီတကေါင်စီ အမှုဆောင် ရွေးကေါက်တဲ့အခါတွေတုန်းကတော့ မဲဆန္ဒ အများဆုံး အပေးခံရတဲ့ အမှုဆောင်လောင်းက “ဥက္ကဋ္ဌ” တာဝန် ယူရပါတယ်။ ဥက္ကဋ္ဌ ဖြစ်လာတဲ့အခါ ကိုယ်တိုင် ဦးစီး ညှိနှိုင်းပြီး ကျန်တဲ့ အမှုဆောင်လောင်းတွေက ကိုယ်သန်ရာ ကိုယ်တာဝန်ယူနိုင်တဲ့ နေရာကို ယူကြ ခွဲဝေကြလေ့ ရှိပါတယ်။ အခုကိစ္စမှာတော့ ဂီတကေါင်စီက ပုံစံမျိုး မဟုတ်တော့ဘူး။ မဲအများဆုံးရတဲ့ (၂၇)ဦးကို ရွေးခြယ်ပြီးတဲ့အခါ ဥက္ကဋ္ဌ အတွင်းရေးမှူး စတဲ့ နေရာတွေမှာ တာဝန်ယူရမယ့် သူကို အမှုဆောင်လောင်း အချင်းချင်း ပြန်ပြီး မဲနဲ့ ရွေးတင်စေတာမျိုး ဖြစ်လါတယ်။

မာအေးတို့ သိထားတဲ့ အဖွဲ့ (၅)ဖွဲ့ ကိုယ့်အမှုဆောင်နဲ့ကိုယ် ရပ်တည်ကြပြီး လိုအပ်ရင် ဥက္ကဋ္ဌတွေ အတွင်းရေးမှူးတွေ စုပေါင်း ရှင်းရမယ် ဆိုတာဟာလဲ မဟုတ်တော့ဘူး တဲ့။ အဲဒီ မဲရွေးတဲ့နေ့ တာဝန်ပိုင်း နေရာချဘို့ မဲလှည့်ပေးရမယ့် အချိန်ကျမှ သိရတော့တာပါဘဲ။ ဘာဖြစ်လို့ ဒီအပြောင်းအလွဲတွေ ဖြစ်လာတာလဲ မသဲကွဲနိုင်ခဲ့ပါဘူးရှင်။

ဒီလိုနဲ့ ‘ဥက္ကဋ္ဌ’နေရာအတွက် အမှုဆောင်လောင်း (၂၇) ဦး သီးသန့် မဲထပ်ပေးကြရတဲ့အခါမှာ “စတီရီယိုဘိုးအေကြီး” ဆိုသူရဲ့ နာမည် ထွက်လာခဲ့ပါရော။ မြန်မာဂီတသမားတို့ မျက်နှာ မာအေးဆီလှည့်လာခဲ့ပါတယ်။ ဘာတွေ ဖြစ်ကုန်ကြတာလဲ ဆိုတဲ့ အမေး မျက်လုံးတွေ ကိုယ်စီနဲ့ပေါ့။ ကြိုတင် အကွက်ရိုက်တဲ့ သတင်း မှန်နေပြီ။ “ကျမ ထွက်မယ်ဆရာ၊ Boycott လုပ်တော့မယ်” လို့ ဘေးမှာ အတူထိုင်နေတဲ့ မန္တလေးက မဟာဂီတာ စန္ဒရားဆရာကြီး ဦးအုန်းမောင်ကို ပြောရင်း ဒိုင်ချုပ် နာယကကြီးဆီ ထွက်စာ ချက်ခြင်း ကေါက်ရေးပြီး သွားတင်လိုက်ပါတယ်။ နာယကလုပ်ပေးတဲ့ ဗိုလ်ချုပ်မျိုးသန့်ဟာ အနုပညာ ၀ါသနာ ကြီးတဲ့သူတယောက်ပါ။ မာအေးတို့ ဂီတ အသိုက်နဲ့ ကီးကိုက်တဲ့သူမို့ ရင်းနှီးခဲ့တာကြာလှပါပြီ။ သူလဲ မာအေးနဲ့ ဂီတအကိုတွေလို ညီအကိုပေါင်း ပေါင်းခဲ့တာကိုး။ “ဟေ့ကေါင် – ဘာတွေ ရှောက်လုပ်ဦးမလို့လဲ” တဲ့ – ကြိတ်ဆူလေးတောင် ဆူလိုက်သေးရဲ့။ “အကိုရ – ကျနော့အကြောင်း ခင်ဗျား သိသားဘဲ၊ ဒီလူကြီးနဲ့ ဘာမှ မလုပ်တော့ဘူး၊ ကျနော် Boycott လုပ်တယ်ဗျာ။ ဒီအဖွဲ့က တဆင့်လဲ မခေါ်လေနဲ့ မလာဘူးလို့သာမှတ်” လို့ဘဲ နားလည်တတ်တဲ့ အကိုလို လူမျိုးမို့ စကါးစဖြတ်ပြီး ထွက်လာနိုင်တာပေါ့ရှင်။

မာအေးက ဒီလိုတွက်တာပါ။ ဒီလူကြီးကို ခန္ဓာချရင်တောင်မှ မလာပါဘူး လို့ ပြောပြီးသားဘဲ။ တခြားတနေရာဆိုလဲ တော်သေးရဲ့။ သူကိုင်ရတဲ့ ပြဿနာ ကိုယ်ပါချင်မှ ပါနိုင်တာ မဟုတ်လား။ “ဥက္ကဋ္ဌ” ဆိုတော့ ဘယ်ဆပ်ကေါ်မီတီ ကိစ္စ ဖြစ်ဖြစ် သူပါမှာဘဲ။ ရှောင်မလွဲကြီး ဖြစ်တော့မှာရှင့်။ စည်းဝေးတိုင်းမှာ ဥက္ကဋ္ဌကြီး ကြွလာပါပြီ ဆိုလဲ မကြိုနိုင်ဘူးရှင်။ ဂီတအစဉ်အလာလဲ မရှိ လူမှုရေးလဲမသိ လူ့ကျင့်ဝတ်နဲ့လဲ မကိုက်ငြိ၊ ရိုးတဲ့ပုံအပြည့်နဲ့ ‘၈၈’ မှာ ‘အို သူရဲကောင်းတို့’ ဘာဘာညာညာနဲ့ ၀င်ပါဖူးတယ်ကြားလို့ ကိုယ်တင်ထားတဲ့မျောက်ပဲ၊ ဘာကိုထောက်လို့ ကြည်ညိုရမှာလဲ – အရပ်ကတို့ရယ်။

လူကြီးပိုင်းရောက်နေတဲ့တချို့သော ဂီတပညာရှင်တွေဆိုတာလဲ အမှုဆောင်လောင်း အရွေးခံရသူထဲမှာ ပါနေကြပါတယ်ရှင်။ ရိုးရိုးသားသား ဌာနလက်ကိုင်မရှိတဲ့ ၀န်ကြီးများလို အရံအမှုဆောင် လူပိုတွေ နေရာကို ပို့ထားတယ်ရှင့်။ တကယ်လို့သာ ဥက္ကဋ္ဌနေရာမှာ ဂီတပညာနဲ့ အစဉ်လာ ရှိဖူးတဲ့ လူကြီးတဦး တယောက် ကျက်သရေရှိစွာ ရောက်ခဲ့ရင် မာအေးလဲ ဒီလို ကိုယ်ဖျောက်ဖို့ရာ ဘယ်စဉ်းစားပါ့မလဲ၊ သတင်းတွေကတော့ ရောက်ပြီးရင်း ရောက်နေခဲ့တယ်လေ။ မဟာဂီတအုပ်စုတွေထဲကလဲ ဗွေဖေါက်သတဲ့။ ကေါင်းရော။

အပြင်ထွက်ခဲ့တော့ လူတိုင်းက ၀ိုင်းမေးကြတယ်လေ။ အဲဒီမှာ ဘယ်နေရာယူခဲ့သလဲ တဲ့။ မယူခဲ့တော့ဘူး ဘွိုင်းကေါက် သပိတ်မှောက်ခဲ့ပြီလို့ ပြောလိုက်တယ်။ ဒါတွေ ပြန်မေ့ချင်သေးလို့ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာ ကျန်တဲ့တပိုင်း ရွတ်လိုက်ရဦးမယ်။ မာအေးဟာ ကိုယ့်အတောင်နဲ့ကိုယ် ပျံခဲ့တဲ့ငှက်ပဲ။ မဟုတ်ဘူးလား။

*ခြင်္သေ့က မြက်မစား
ကျားကကြွက်မချောင်း
ဖွတ်တွေက မိချောင်းလိုမနေ
အိုးဝေ အိုးဝေ တွန်သံနှောလေတဲ့
စိမ်းမြညို ဟောဟိုတောဆီသို့
အမောခံ ဇောမာန်တင်း
ပျံရင်းသေ ခရီးဆက်မယ် တဲ့
အဲဒါ – ငှက်တို့ရဲ့သမိုင်း

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts