>Remembrance – 3

>

တမ်းတမ်းတတ အလွမ်းများ(၃)
အောင်ဝေး
အောက်တိုဘာ ၂၂၊ ၂၀၁၁

Sunset over Ayeyarwady (Irrawaddy) River.
photo: lana law

(ဒီတပတ်မှာ- ဧရာဝတီကယ်တင်ရေး၊ တမျိုးသားလုံးနဲ့ဆိုင်တဲ့ အလုပ်ကို စာပေအနုပညာရှင်တွေက၊ သူတို့ဝေဒနာ၊ သူတို့ခံစားမှုနဲ့ လုပ်ကြတဲ့အကြောင်း တင်ပြထားပါတယ်) အားလုံး မင်္ဂလာပါ။


ဥမ္မာဒန္ဒီပျို့ ဆရာ ဦးရွှန်းက “ပြည်ထဲရေးနှင့်၊ ၀မ်းရေးတို့ထက်၊ လွမ်းရေးခက်၏” လို့ ရေးခဲ့ဖူးပါတယ်။ အခု ကျနော်တို့အဖြစ်က၊ ဧရာဝတီမြစ်ဆုံအရေးနဲ့ ပတ်သက်ပြီး လွမ်းရေးခက်ခက်ပါပဲ။

ဧရာဝတီကယ်တင်ရေးအတွက် ပြည်တွင်းက ပညာရှင်တွေ၊ အဖွဲ့ အစည်းတွေက၊ ဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ၊ ဟောပြောပွဲတွေ လုပ်ခဲ့ကြလှပါပြီ။ ဒီအထဲက ကျနော် သဘောကျမိတဲ့စကားရပ်က၊ ဒေါက်တာသန်းထွဋ်အောင် ပြောလိုက်တဲ့ မြစ်ဆုံဟာ ဒုတိယပင်လုံ ဖြစ်လာရမယ် ဆိုတဲ့စကားပါပဲ။ ဒီတခါလုပ်မယ့် ညီလာခံကို ပင်လုံမှာ မလုပ်တော့ဘူး။ မြစ်ဆုံမှာ လုပ်မယ်။ မြစ်ဆုံမှာ ပြန်လည်ဆုံတွေ့ ကြပါစို့လို့ ဒေါက်တာသန်းထွဋ်အောင် ပြောလိုက်တာပါ။

ပညာရှင်တွေကလည်း ပညာရှင်ရဲ့ရှုဒေါင့်ကနေ၊ ဧရာဝတီကို ကယ်တင်ဖို့ ကြိုးပမ်းနေကြတာပါ။ ကျနော်တို့က၊ ကျနော်က ပညာရှင်မဟုတ်ပါဘူး။ ကျနော် ဆည်မြောင်းအင်ဂျင်နီယာမဟုတ်၊ သစ်တောပညာရှင် မဟုတ်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျွမ်းကျင်သူ မဟုတ်၊ မိုးလေ၀သနဲ့ ဇလဗေဒ ပညာရှင် မဟုတ်၊ နိုင်ငံရေးသမားလည်း မဟုတ်၊ ကျနော် ဘာမှမဟုတ်။ ကဗျာဆရာသက်သက်ပါပဲ။ ကဗျာဆရာတယောက်အနေနဲ့ ဓားသွေးလောက်တဲ့ အရေးမို့၊ ဓားဝင်သွေးတာပါပဲ။

ဥပမာ – ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ဆိုရင် သူက အင်ဂျင်နီယာတယောက်ပါ။ ဒါပေမဲ့ သူအခု ဧရာဝတီကယ်တင်ရေး လုပ်နေတာ၊ အင်ဂျင်နီယာဦးနှောက်နဲ့ မဟုတ်ဘူး၊ ကဗျာဆရာရဲ့နှလုံးသားနဲ့ သူ လုပ်နေတာကိုတွေ့ နေရတယ်။ ကဗျာဆရာတယောက်အနေနဲ့ သူ ဧရာဝတီအရေးကို ဆွေးနွေးတယ်၊ ဟောပြောတယ်။ “မြစ်ကော” ဆိုတဲ့သူ့ ကဗျာတပုဒ် အင်တာနက်မှာပျံ့ နေတယ်။ အားရကျေနပ်စရာ မကောင်းဘူးလား။

ဧရာဝတီမြစ်ဆုံအရေးမှာ ဆရာဒဂုန်တာရာတို့၊ ဆရာလူထုစိန်ဝင်းတို့ကအစ၊ ဆရာမောင်စိမ်းနီတို့၊ ဆရာမ သန်းမြင့်အောင်တို့ အလယ်၊ ရုပ်ရှင်မင်းသားကျော်သူတို့၊ မဇ္ဈိမလှိုင်း ကိုရဲလွင်တို့ အဆုံး၊ အားလုံးသော စာပေအနုပညာရှင်တွေက၊ ဧရာဝတီကို ဝေဒနာနဲ့ယှဉ်တဲ့ အသိဉာဏ်ကတုတ်ကျင်းထဲကနေ ကာကွယ်နေကြပေတာပဲ။ ကျနော် ဒီလို နားလည်တယ်။ ဆရာဇော်ဂျီ ပြောဖူးတယ်။ စာပေအနုပညာက ရသခံစားမှုကနေ၊ လူထုကို ဘ၀အသိအမြင်ပေးစွမ်းနိုင်တယ်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ပြောဖူးတဲ့ စကားရှိတယ် – “ကျမတို့ဟာ စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနဲ့ ကိုက်ညီတဲ့ အင်အားမျိုးကို ထူထောင်ရမယ်” တဲ့။ အခုဧရာဝတီနဲ့ ပတ်သက်လို့ စိတ်ပူပန်မှု၊ ခံစားမှု၊ ရဲရင့်မှု၊ တက်ကြွမှု၊ ဒါတွေဟာ သွေးထွက်အောင် မှန်တဲ့ အမှန်တရားပဲ။ တပြည်လုံး၊ တမျိုးသားလုံး၊ ဧရာဝတီ ချစ်သူအားလုံး အင်အားဟာ၊ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အမှန်တရားနဲ့ ကိုက်ညီတဲ့ အင်အားပဲ။ ကျနော်တို့ ဆက်ပြီး စည်းကမ်းရှိဖို့နဲ့ ညီညွတ်ဖို့ပဲ လိုတယ်။ မနေ့ တနေ့ ကပဲ “မြစ်ဆုံကနေ ညီညွတ်ရေး အမြတ်ယူရမယ်” လို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ပြီးပြီ။

ဧရာဝတီအရေးဟာ အာဏာအရေးမဟုတ်။ ပါတီအရေးမဟုတ်။ အမျိုးသားအရေးဖြစ်တယ်။ အမျိုးသားရေး တာဝန်တရပ်အနေနဲ့ ကျနော်တို့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူုလူထုအားလုံး ဒီတာဝန်ကို သိရမယ်။ တာဝန်လည်း သိတယ်။ သစ္စာလည်း ရှိတယ်။ နောက်တခုကျန်သေးတယ်။ ကျနော်တို့ဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တခုကို၊ လုပ်သင့် လုပ်ထိုက်တဲ့အချိန်မှာ၊ လုပ်ရဲကိုင်ရဲတဲ့ စိတ်ဓာတ် ခွန်အား ရှိဖို့လည်း လိုသေးတယ်။ ဒီစိတ်ဓာတ်ခွန်အား ဘယ်ကရမလဲ။ စာပေအနုပညာက ရပါမယ်။ ဒါကြောင့် ဧရာဝတီအရေးမှာ စာပေ အနုပညာရှင်တွေဟာ ပိုပြီး တာဝန်ရှိတယ်လို့ ခံစားမိပါတယ်။

ကျနော် မြစ်ဝကျွန်းပေါ်မှာ အနေကြာ ကြီးပြင်းခဲ့ပါတယ်။ မြစ်တွေကို ကျနော် ချစ်တယ်။ မြစ်တွေက ကျနော့်ကို သင်ကြားပေးခဲ့တယ်။ ဆရာ ပါရဂူ ဘာသာပြန်တဲ့“သိဒ္ဒတ္ထ“၀တ္ထုထဲက ဂေါဝိန္ဒဗြဟ္မဏ ကို မြစ်က သင်ကြားပေးသလိုပေါ့ ။

စာထဲပေထဲ သမိုင်းထဲက မြစ်ဖွဲ့ စကားတွေကလည်း ကျနော်တို့ကို ရင်ခုန်စေတာပဲ။ “မြစ်တမြစ်မှာ ရေနှစ်ခါချိုးလို့မရ” ဆိုတဲ့ ခေါမပညာရှိကြီး ဟီရာကလိုက်တပ်စ်ရဲ့ ဒဿနကနေ၊ “ခေတ်တွေ ဘယ်လိုပြောင်းပြောင်း၊ နိုင်းမြစ်ကြီးကတော့စီးမြဲပင်” ဆိုတဲ့ ဆရာဦးသိန်းဖေမြင့် စကားအလယ်၊ ယုတ်စွအဆုံး အချစ်ကဗျာလေး တပုဒ်ပဲ ဖြစ်ပစေဦး၊ မြစ်ကို တင်စားဖွဲ့ ရင်၊ ရင်ခုန်ရတာပါပဲ။ ဆိုပါတော့၊ ကဗျာဆရာလေး အဲချိုရဲ့“အမိုက်ကလေး၊ အချစ်အကြောင်း ပြောရတာလောက်၊ ဘယ်မြစ်မှ ရေစီးမသန်ဘူး” ဆိုတဲ့ ကဗျာအဖွဲ့ အနွဲ့ မျိုးပေါ့ ။

အခုတော့ ကျနော်လွမ်းနေရပြီ။ ပြည်တွင်းမှာတုန်းက ဥတ္တရလမင်း စာပေဟောပြောပွဲမှာ မေခ-မလိခမြစ်ဆုံကိုရောက်တော့၊ ကျနော် ငါအခါခါဖြတ်သန်းဖူးတဲ့ ဧရာဝတီမြစ်ကြီးရဲ့ အစကို ငါရောက်နေတာပါလား ဆိုပြီး၊ ကြည်နူး ရင်ခုန်ခဲ့ရပါတယ်။ ကျနော်တို့ဟာ၊ သဘာဝအလှကိုမြတ်နိုး တန်ဖိုးထားကြတာပါ။ အလှတရား ခံစားတယ်ဆိုတာ၊ အမှန်တရားမြတ်နိုးတာပဲ မဟုတ်လား။

၁၉၇၄ ဒီဇင်ဘာ၊ ဦးသန့်ဈာပနအရေးအခင်းဖြစ်တော့၊ ကျနော်တို့ ပုသိမ်ကောလိပ်က ကျောင်းသား(၄)ယောက်၊ ဟင်္သာတဘက်ကမ်းကနေ၊ သာရဝေါဘက်ကမ်း ကူး၊ ရန်ကုန်ကို ရထားစီးဖို့၊ ဧရာဝတီမြစ်ကြီးထဲ ကူးတို့နဲ့ ဖြတ်ခဲ့တာလည်း ဘ၀မှာ အမှတ်တရပါ။

တိုင်းပြည်က စွန့်ခွာမလာခင်၊ မန်လည်ဆရာတော်ကြီးရဲ့“မဃဒေ၀” လင်္ကာကြီး၊ နှစ်တရာပြည့် ဟောပြောပွဲသွားတုန်းက၊ အပြန်မှာ ကသာကနေ၊ မန္တလေးအထိ သင်္ဘောနဲ့ဧရာဝတီကို စုန်ဆင်းခဲ့ဖူးပါတယ်။

ဧရာဝတီကိုစုန်ရင် ကသာအထက် ဗန်းမော်ကနေစပြီးစုန်မှ ပိုကောင်းတာလို့ ဆရာနတ်နွယ်ပြောဖူးတယ်။ ဗန်းမော်နဲ့ကသာကြားက ဒုတိယမြစ်ကျဉ်းဟာ အင်မတန် လှပတယ်လို့ ဆိုပါတယ်။ ကျနော်ကတော့ ကသာနဲ့သပိတ်ကျင်းကြားက တတိယမြစ်ကျဉ်းကိုပဲ ဖြတ်ခဲ့ရတာပါ။

သဘာဝတရားက မြစ်ကိုကျဉ်းအောင်လုပ်တော့၊ မြစ်ကျဉ်းက အလှတရားဖြစ်လာပါတယ်။ သဘာဝအတိုင်း မဟုတ်ဘဲ၊ သဘာဝကို လွန်ဆန်ပြီး (အခု မြစ်ဆုံမှာ ရေကာတာဆောက်သလို) မြစ်ကို တမင်ကျဉ်းအောင်၊ အတင်းအဓမ္မ လုပ်ရင်တော့၊ သဘာဝတရားက ပြန်ပြီး ဒဏ်ခတ်တာကို ခံရပါလိမ့်မယ်။

၁၉၇၅ ရွှေတိဂုံအထွေထွေသပိတ်တုန်းက၊ အင်းစိန်ထောင်ထဲမှာ၊ ပညာရေး တက္ကသိုလ်က ကျောင်းသားတွေဖြစ်တဲ့၊ ကျုံပျော်က ကိုဝင်းနိုင်နဲ့၊ ရေကြည်အသုတ်က ကိုဝင်းမောင်တို့က “နိုးလော့ ထလော့ ဧရာဝတီ” ဆိုတဲ့ သီချင်းကို ရေးစပ်သီဆိုခဲ့ကြပါတယ်။ အခု ဒီသီချင်း ကျနော်တို့ ပြန်ဆိုဖို့လိုပြီ။

နိုးလော့ ထလော့ ဧရာဝတီ။ နိုးလော့ ထလော့ ဧရာဝတီ။ နိုးလော့ ထလော့ ဧရာဝတီ။ ။

အောင်ဝေး
စက်တင်ဘာ ၂၆-၂၀၁၁။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts