>Bootleg Softwares cracked down in Mae Sot, Burmese included

>

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်ကွန်ပြူတာဆိုင်များအား စစ်ဆေး အရေးယူမှုများပြုလုပ်လျက်ရှိနေ
မိုးမခအထောက်တော် (မဲဆောက်)၊ အောက်တိုဘာ ၁၇၊ ၂၀၁၁
မြန်မာ ရွေ့ပြောင်းအလုပ်သမားများ အများအပြားနေထိုင်ရာထိုင်းနိုင်ငံ တခ် ခရိုင် မဲဆောက်မြို့တွင် လွန်ခဲ့သည့် စနေနေ့မှ စတင်ကာ ကွန်ပြူတာဆိုင်များကိုလိုက်လံ စစ်ဆေး အရေးယူမှုများ ပြုလုပ်လျက်ရှိနေကြောင်း သတင်းရရှိသည်။
ကွန်ပျူတာပြုပြင်သူများနှင့် ကွန်ပျူတာဖြင့်လုပ်ငန်းလုပ်ကိုင်သူများအား အဓိက ပစ်မှတ်ထားကာ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ သက်ဆိုင်ရာကွန်ပျူတာ software လုပ်ငန်းကုမ္မဏီကြီးများဖြစ်သည့် Microsoft အပါအ၀င် Adobe နှင့်Antvirus ဆော့ဝဲထုတ်လုပ်သူများမှ လိုက်လံစစ်ဆေးပြီး တရားမ၀င် ၀င်ဒိုးတင်ပေးခြင်းနှင့်ဆော့ဝဲ အင်စတော်လေးရှင်း ပြုလုပ်ပေးသူများနှင့် သုံးစွဲသူများကို အရေးယူဆောင်ရွက်လျက်ရှိနေကြောင်း သိရှိရသည်။
ထိုင်း လူမျိုးပိုင် လုပ်ငန်းများသာမကမြန်မာလုပ်ငန်းငယ်လေးများပါ စစ်ဆေး အရေးယူခံနေရသည်။
“ မဲဆောက်မှ နာမည်ကြီး စက်ပြင်ဆရာ ၂ဦးထက်မနည်း အရေးယူခံရပြီး ဒဏ်ငွေ ၂၅၀၀၀ ဘတ် (ဒေါ်လာ ၈၀၀ခန့်) နှင့်အထက် ပေးဆောင်ကြရတယ်လို့သိရတယ်ဗျ။ အရေးယူဆောင်ရွက်မှု့များလည်း ဆက်လက်လုပ်ဆောင်မယ်ထင်တယ်” 
ဟု မြန်မာကွန်ပြူတာ လုပ်ငန်းနှင့် နီးစပ်သူတဦးကဆိုသည်။
ဖမ်းဆီး အရေးယူခံရသူသည် ဒဏ်ငွေပေးဆောင်ရသည့်အပြင်ဆက်လက်လုပ်ကိုင်လိုပါက သက်ဆိုင်ရာ အသုံးပြုမည့် ဆော့ဝဲလ်ကို တရားဝင် ၀ယ်ယူခိုင်းသည်ဟုလည်း သိရသည်။  သို့သော် စာသင်ကျောင်းများ၊ ရုံးများ၊ လူမှုရေးရာ အဖွဲ့အစည်းများကိုယခုအကြိမ်တွင် စစ်ဆေးအရေးယူမှုများ ပြုလုပ်ခြင်း မတွေ့ရသေးပေ။
“ microsoft windows CD အမှန်တစ်ချပ်1PC မှာ ထိုင်းဘတ် ၃၉၉၉ ဘတ်လို့ ကြားရပါတယ်။ အခြားsoftwareများမှာလည်း ထိုင်းဘတ် ၁၀၀၀အထက်မှာပဲ ရှိပါတယ်”
ဟုလည်း မဲဆောက်တွင် ကွန်ပြူတာအသုံးပြုပြီးဆိုင်ဖွင့်ထားသူတဦးက ဆိုသည်။
ယခုနှစ်ပိုင်းအတွင်း ထိုသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး အရေးယူမှုများ နှစ်စဉ်လိုလို ရှိခဲ့သော်လည်း ယခုလောက် အခြေအနေမဆိုးဟုသိရသည်။ ကွန်ပြူတာ ဆော့ဝဲလ်နှင့် ဆိုင်သော တရားမ၀င်အသုံးပြုမှုများ ညစ်ညမ်း ဗွီဒီယိုများသာမက  ထိုင်းသီချင်းများကို အမ်ပီသရီး၊ အမ်ပီဖိုး အဖြစ် ဖုန်းထဲသို့  အခကြေးငွေယူ၍သွင်းပေးခြင်းများကိုလည်း မူပိုင်ခွင့်အရ အရေးယူမြဲဖြစ်သည်။
မဲဆောက်မြို့တွင် ရွေ့ပြောင်းအလုပ်သမားများအဓိက နေထိုင်လျက်ရှိရာ ၄င်းတို့နှင့် တည်မှီပြီး ဖုန်းသီချင်း သွင်းပေးခြင်း၊ ဓါတ်ပုံထုတ်ပေးခြင်း၊ပြုပြင်ပေးခြင်း၊ ကွန်ပြူတာ ပြုပြင်ပေးခြင်း စသည်ဖြင့် ဆိုင်ဖွင့်လုပ်ကိုင်နေသူများလည်းအနည်းငယ် ရှိသည်။
“သီချင်းတပုဒ်သွင်းမှ ၁ ဘတ်ပဲ ရတာဗျာ..၀ယ်တော့ မသုံးနိုင်ဘူး..။ လောလောဆယ်တော့ ၀င်းဒိုး အစား  Linux သုံးနေရတယ်” ဟုကွန်ပြူတာ ကျွမ်းကျင်သူ တဦးက ဆိုသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts